ကျေးဇူးသိတတ်သောခြင်္သေ့

တခါက အလွန် ရက်စက် ကြမ်းကြုတ်သော သခင်ထံမှ ကျွန်တယောက်သည် ထွက်ပြေးလေ၏။ ကျွန်က သူ့ကို ပြန်လည် မဖမ်းမိအောင် သဲကန္တာရ ထဲတွင် ပုန်းအောင်း နေလေသည်။ သူသည် နေထိုင်ရန် နေရာနှင့် စားရန် အစားအစာ တို့ကို ရှာဖွေရန် လှည့်လည် သွားလာစဉ် ဂူတခုသို့ ရောက်ရှိ သွား၏။

ထိုဂူတွင် မည်သူတစုံ တယောက်မျှ နေထိုင်သည်ကို မတွေ့ရပေ။ စင်စစ်သော်ကား ထိုနေရာမှာ ခြင်္သေ့တကောင်၏ နေရာပင် ဖြစ်တော့သည်။ သူရောက်သည့် ခဏ၌ပင် ခြင်္သေ့လည်း ဂူဝ၌ ပေါ်လာလေ တော့၏။ စိတ်ပျက်အားငယ် နေသဖြင့် သူသည် ခြင်္သေ့ကို ရင်ဆိုင်တွေ့နေရ သော်လည်း လွတ်မြောက်ရန် လမ်းစကို ရှာဖွေရန် မကြိုးစားတော့ပေ။

ဖြစ်လိုရာ ဖြစ်စေတော့ ဟုသာ စိတ်ကိုလျှော့၍ ထားလိုက်လေ တော့၏။ သို့သော် သူသည် ရုတ်တရက် အံ့ဩသွားသည်။ အဘယ်ကြောင့် ဆိုသော် ခြင်္သေ့သည် သူ့ကိုမြင်လျှင် ခုတ်အုပ်ကိုက် ဝါးစား မျိုပစ်လိုက်မည့် အစား မိတ်ဖွဲ့လိုဟန် လက္ခဏာကို ပြသောကြောင့် ပေတည်း။ ခြင်္သေ့လည်း ရွှင်မြူးသော အသံဖြင့် ဟိန်းဟောက်ကာ ၎င်း၏ ခြေတဖက်ကို မြှောက်၍ ပြလေသည်။

ထိုခြေတွင် ဖူးဖူးရောင်၍ ရင်းနေသော အနာကြီးကို မြင်ရသဖြင့် သေချာစွာ စူးစမ်းကြည့်ရှုရာ ခြေချောင်းကလေးများ အကြား ကြီးမားသော ဆူးကြီးတချောင်း စူးဝင်နေသည်ကို တွေ့ရ၏။ ထိုသူလည်း သနားလှသဖြင့် ခြင်္သေ့ခြေထောက်မှ ဆူးကို နုတ်ကာ အနာကို တတ်နိုင်သမျှ ကောင်းစွာ စည်းနှောင်၍ ပေးလိုက်လေသည်။

သို့ဖြင့် ရက်အနည်းငယ် ကြာသောအခါ ခြင်္သေ့၏ အနာသည် ကောင်းစွာ ပျောက်ကင်း သွားလေတော့၏။ ခြင်္သေ့ကြီးက သူ့ကို အတိုင်းမသိ ကျေးဇူးတင် တော့၏။ ထို့ကြောင့် သူ့ကို မိတ်ဆွေတဦး အဖြစ် အသိအမှတ်ပြုကာ ကာလအတန်ကြာမျှ ဂူထဲတွင် အတူတကွ နေထိုင်ကြ လေ၏။

တနေ့သောအခါ ထိုသူသည် သူ၏ အပေါင်းအသင်း ဖြစ်သည့် လူသားများကို လွမ်းဆွတ်လာပြီ ဖြစ်သောကြောင့် ခြင်္သေ့အား နှုတ်ဆက်၍ သူ့ရပ်ရွာသို့ ပြန်သွားလေ၏။ ရောက်လျှင် သူ့ကို မှတ်မိကြသော ရွာသားတို့သည် ဖမ်းဆီး၍ သံကြိုးဖြင့် တုပ်နှောင်ကာ သူ၏ သခင်ဟောင်း ရှေ့မှောက်သို့ ပြန်ပို့လေ၏။

သခင်မှာ ထိုသူအား ဥပမာပြ၍ အခြားသော အစေခံများ ရွံ့ကြောက်စေအံ့ဟု စိတ်ပိုင်းဖြတ်ထားသူ ဖြစ်လေသည်။ ထို့ကြောင့် သူ့ကို ပရိတ်သတ် ထူထပ်လှသည့် ပြကွင်းကြီး တခုတွင်းရှိ သားရဲတိရစ္ဆာန် တို့ထံ ပစ်ချရန် အမိန့်ပေး လေ၏။

ထိုသတ္တဝါများ ထဲတွင် အလွန်ကြီး မား၍ ရိုင်းစိုင်းသော ခြင်္သေ့ကြီး တကောင်လည်း ပါဝင်လေသည်။ ထို့နောက် ထိုကျွန်အား တိရစ္ဆာန်များ အကြားသို့ ပစ်ချလိုက်လေ၏။ သို့ရာတွင် ပရိတ်သတ်တို့မှာ ရုတ်တရက် အံ့အားသင့်လျက် မတွေးတတ်နိုင် ဖြစ်သွားရလေသည်။

အကြောင်းကား အဆိုပါ ခြင်္သေ့ကြီးသည် ထိုလူသားကို တချက်မျှ လှမ်းကြည့်ပြီးလျှင် အလွန် ဝမ်းမြောက် ခင်မင်လှသော အမူအရာဖြင့် ခြေရင်း၌ အသာအယာဝပ်၍ နေလိုက်သောကြောင့် ပင်တည်း။ စင်စစ်မှာ ထိုခြင်္သေ့ကြီးသည် ကန္တာရဂူကြီးအတွင်းမှ မိတ်ဆွေဟောင်းကြီးပင် ဖြစ်လေတော့သည်။

ပရိသတ်တို့ သည်လည်း ထိုကျွန်၏ အသက်ကို လွှတ်သင့်ကြောင်းဖြင့် အဆက်မပြတ် အော်ဟစ်တောင်းဆို ကြကုန်၏။ ထိုမြို့ကို အုပ်ချုပ်ရသော ဘုရင်ခံကလည်း အကြောင်းစုံ သိရသော် ကျေးဇူးသိတတ်၍ သစ္စာရှိလှသည့် တိရစ္ဆာန်ရိုင်းကြီးအား အံ့ဩချီးကျူး မိကြ၏။

ထို့ကြောင့် ခြင်္သေ့ရော ကျွန်ပါ နှစ်ဦးစလုံး၏ အသက်ကို ချမ်းသာပေး၍ လွတ်လပ်စွာ နေထိုင်ကြစေဟု စီရင်ချက် ချမှတ်လိုက် လေတော့သည်။ ဒီအကြောင်း အရာလေးကတော့ တိရစ္ဆာန်တွေတောင်မှ ကျေးဇူးတရားကို သိတတ်နားလည်တယ် ဆိုတဲ့အကြောင်းကို ဖော်ပြပေးထားတာ ဖြစ်ပါတယ်။ Crd

Post a Comment

0 Comments