ရှင်ဘုရင်ဖြစ်ထိုက်သူ

တခါတုန်းက ဒိသာပါမောက္ခ ဆရာကြီး ထံမှာ မင်းသားသုံးယောက်ဟာ ပညာဆည်းပူး ကြသတဲ့။ အဲဒီမင်းသား သုံးယောက်ရဲ့ ဖခမည်းတော် ဖြစ်တဲ့ ဘုရင်ကြီးကလည်း သူတို့ ပညာသင် မသွားခင် အမှာစကား ပြောထားတာက ကြီးသူပဲ ဖြစ်ဖြစ် ငယ်သူပဲ ဖြစ်ဖြစ် ပညာတတ်သူ ကသာ တိုင်းပြည်မှာ ရှင်ဘုရင် လုပ်ခွင့် ရှိရမယ် ဆိုတဲ့ အမှာစကားပါပဲ။

ပါမောက္ခ ဆရာကြီး ထံမှာ ထိုမင်းသား သုံးယောက်ဟာ ၁၂ နှစ် တိတိ အတူတူ ပညာသင် ဆည်းပူးကြတော့ သူက ပညာသာတယ်၊ ငါက ပညာသာတယ်၊ ငါကသာ ရှင်ဘုရင် ဖြစ်သင့်တယ် ဆိုပြီး တယောက်နဲ့ တယောက်ငြင်းခုံ လာကြတယ်။

အဲဒီလိုတယောက်နဲ့ တယောက် ငြင်းခုံနေကြဆဲ အချိန် သူတို့ကို ပညာသင်ပေးတဲ့ ပါမောက္ခဆရာကြီး ရောက်လာတဲ့အခါ ဘာအတွက်ကြောင့် ငြင်းခုံနေကြသလဲ မေးလိုက်တော့ ဘယ်သူက ပညာကြီးတယ်၊ ဘယ်သူက ရှင်ဘုရင် ဖြစ်ထိုက်တယ် ဆိုတဲ့အကြောင်းကို ငြင်းခုံနေကြတာပါ လို့ ဖြေကြတယ်။

အဲဒီတော့ ပါမောက္ခဆရာကြီးက အသင်မင်းသား တို့ကို ဘယ်သူမှ ဘက်မလိုက်ခဲ့ပါ။ ငါတတ်ကျွမ်းတဲ့ ပညာတွေ ကိုလည်းအကုန် သင်ပေးပြီးသား ဖြစ်တယ်။

ဒီနေ့တော့ ငါ့ဆီကနေ ပညာသင်ရတဲ့ နောက်ဆုံးနေ့လည်း ဖြစ်သွားသလို တိုင်းပြည် ပြန်ပြီးတော့လည်း ရှင်ဘုရင် ပြန်လုပ်ရမယ့် နေ့လည်း ဖြစ်နိုင်တယ်။ အဲဒီတော့ ဒီနေ့ဟာ ၁၂ နှစ် လုံးလုံး သင်ယူထားတဲ့ ပညာတွေပြသရမယ့် နေ့ပဲ။

မေးခွန်း (၃) ခု မေးမယ် အဲဒီ မေးခွန်းကို ဖြေဆိုနိုင်တဲ့ သူကသာ ပညာတတ်သူ ဖြစ်သလို ရှင်ဘုရင်လည်း ဖြစ်ထိုက်သူသာ ဖြစ်တယ် ဆိုပြီး ဒိသာပါမောက္ခဆရာကြီးဟာ မင်းသားသုံးယောက်ကို မေးခွန်း (၃) ခု စတင် မေးမြန်းလိုက်သတဲ့။

(၁) ရှင်ဘုရင်သည် "ဘယ်သူ" ဖြစ်သနည်း (၂) ရှင်ဘုရင်ရဲ့ "ရတနာ" သည် ဘယ်အရာ ဖြစ်သလည်း (၃) ရှင်ဘုရင်ရဲ့ "နှလုံးသား" က ဘယ်အရာနည်း ဆိုတဲ့ မေးခွန်း (၃) ခုကို မေးလိုက်သတဲ့။

ပထမ မင်းသားနဲ့ ဒုတိယမင်းသားတို့ ဖြေဆိုလိုက်တဲ့ အဖြေက (၁) တိုင်းပြည်ရဲ့ ရှင်ဘုရင် ဆိုတာ ကျွန်တော်မျိုးတို့ရဲ့ ဖခမည်းတော်သာ ဖြစ်ပါတယ်။ (၂) ရှင်ဘုရင်ရဲ့ ရတနာဆို တာကလည်း တိုင်းပြည်နှင့် နန်းတော်သာ ဖြစ်ပါတယ်။ (၃) ရှင်ဘုရင်ရဲ့ နှလုံးသား ကတော့ ကျွန်တော်မျိုးတို့ မင်းသားသုံးယောက် ဖြစ်ပါတယ်။ ပထမ မင်းသားနဲ့ ဒုတိယ မင်းသားက အဲဒီလို အသီးသီး ဖြေဆိုပြီးတဲ့ အခါမှာ ပါမောက္ခဆရာကြီးက မေးလိုက်တယ်။

အသင်မင်းသားတို့ ဖြေဆိုလိုက်တဲ့ အဖြေက သေချာပြီလား ပြင်ဦးမလား မေးတော့ မင်းသားနှစ်ပါးကလည်း မပြင်တော့ပါသေချာပါပြီ လို့ ပြန်ဖြေတော့ ပါမောက္ခဆရာကြီးက နောက်ဆုံး ကျန်နေသေးတဲ့ မင်းသားငယ်ဆီကို မျက်နှာမူပြီး

"ကဲ မင်းသား သင့်ရဲ့ အကိုတွေ ကတော့ အသီးသီး ဖြေပြီးပြီ သင်ကရော ဘယ်လိုဖြေမလဲ ဖြေကြည့်ပါဦး" ဆိုတော့ မင်းသားငယ်ကတော့ သူရဲ့အကိုတွေလို မဖြေပဲ တသီးတခြားနဲ့ ပါမောက္ခဆရာကြီးကို အောက်ပါတိုင်းပဲ ဖြေဆိုပေးလိုက် ပါသတဲ့။

(၁) ရှင်ဘုရင်ဆိုတာ ဘယ်သူလဲ ဆိုတာက ဒါကတော့ ငါ့သား၊ ဒါကတော့ ပြည်သူတွေပဲ ဆိုပြီး ကျောသား ရင်သား မခွဲခြားနားပဲ အခွင့်ရေး ပေးစရာရှိရင် တန်းတူ အခွင့်ရေး ပေးတတ်ာသူ၊ အပြစ်ပေးစရာ ရှိလည်း တန်းတူ အပြစ်ပေးကာ တိုင်းပြည်ကို သာယာ အေးချမ်းစေဖို့ အတွက် မေတ္တာတရားနဲ့ အုပ်ချုပ်သူဟာ စစ်မှန်သော ရှင်ဘုရင်ဖြစ်သလို တိုင်းပြည်တခုရဲ့ ခေါင်းဆောင်ဘုရင် ဆိုတာကလည်း မေတ္တာတရား သည်သာ ဖြစ်ပါတယ် ဆရာကြီး။

(၂) ရှင်ဘုရင်ရဲ့ ရတနာ ဆိုတာက သစ္စာတရားသာ ဖြစ်ပါတယ်။ လူမှာ ကတိ မင်းမှာသစ္စာ ဆိုတဲ့ ဆိုရိုးစကား အတိုင်း လူတွေမှာတယောက်နဲ့ တယောက် ကတိ မတည်ကြခြင်းထက် တိုင်းပြည်ရဲ့ ရှင်ဘုရင်လုပ်သူ သစ္စာမတည် သစ္စာဖောက်ပျက်ရင် ထိုတိုင်းပြည် ဟာလည်းမိုးလေးဝသ မှန်ကန်မှု ကင်းမဲ့လာစေပြီး ပြည်သူတွေ ဒုက္ခတွေ ရောက်လို့ တိုင်းပြည်ဟာ တခြားသောတိုင်းပြည်ထက် ပျက်စီးလာ ပါလိမ့်မယ်။

တိုင်းပြည်တခု သာယာလာစေဖို့အတွက် သစ္စာတရားသည်သာ အဓိက ပါဝင်နေခြင်းကြောင့် ရှင်ဘုရင်ရဲ့ ရတနာဟာ သစ္စာတရားသာ ဖြစ်ပါတယ်ဆရာကြီး။ စကားချပ် ဤနေရာ၌ သစ္စာဆိုသည်မှာ မှန်ကန်ဖြောင့်မတ်သော မင်းကျင့်တရား (၁၀) ပါးသာ ဖြစ်ပေ၏။

(၃) ရှင်ဘုရင်ရဲ့ နှလုံးသားက ကရုဏာတရားသာ ဖြစ်ပါတယ်။ ကရုဏာတရားဆိုတာလည်း ကိုယ်ချင်းစာနေရုံ၊ ပါးစပ်က သနားနေရုံနဲ့ မပြီးပါ။ တိုင်းပြည်တွင်းမှာ နေထိုင်ကြတဲ့ ပြည်သူလူထုကို ရင်ခွင်မှာ ပိုက်ထားတဲ့ ကိုယ့်ရင်သွေးငယ် ပမာ ပြုစုရပါမယ်၊ စောင့်ရှောက် ရပါမယ်၊ သနားတတ် ရပါမယ်။ ဒါ့ကြောင့် ရှင်ဘုရင်ရဲ့ နှလုံးသားဟာ ကရုဏာတရားသာ ဖြစ်ပါတယ် ဆရာကြီး။

မင်းသားငယ်ရဲ့ အဖြေကို ကြားရတော့ ပါမောက္ခဆရာကြီးဟာ ဒီမင်းသားငယ်သာ တိုင်းပြည်ရဲ့ ရှင်ဘုရင် ဖြစ်ထိုက်တယ်လို့ ကျန်တဲ့ မင်းသားနှစ်ယောက်ကို ပြောလိုက်သလို ဆက်ပြီးတော့လည်း ပြောလိုက်သတဲ့။

တကယ်ပညာ ပြည့်ဝသူတိုင်းရဲ့ နှလုံးသားက ဘယ်အချိန်ပဲ ကြည့်ကြည့် အမြဲတမ်းပဲ ကြည်ညိုစရာ ကောင်းလွန်းပြီးတော့ ခန့်ညားလှပ နေတတ်ကြတယ်တဲ့လေ။ ပညာပြည့်ဝသူတိုင်း နှလုံးလှကြပါစေ။ Crd

Post a Comment

0 Comments