ရသေ့ကြီးနှင့် သည်းခံခြင်း

တခါတုန်းက ရွာတရွာရဲ့ တောစပ်ကလေးထဲမှာ ရသေ့တပါးဟာ သီတင်းသုံး နေထိုင်သတဲ့။ အဲဒီရသေ့ဟာ အကျင့်သီလ ပြည့်စုံပြီး မြတ်သော အကျင့်ကို ကျင့်တယ်။ သူလက်ကိုင် ထားတဲ့ တရားကတော့ သည်းခံခြင်း တရားပါပဲ။

ဒါကြောင့် သူ့ဆီ လာတဲ့ ဒကာ၊ ဒကာမတွေ ကိုလည်း ဘယ်ကိစ္စမဆို သည်းခံကြဖို့ ဟောကြား ညွှန်ပြပါတယ်။ သည်းခံခြင်းဟာ မြတ်သော အကျင့် ဖြစ်ကြောင်း မြတ်စွာဘုရားက ဟောကြားထားကြောင်း သည်ခံခြင်းကြောင့်

၁။ လူချစ်လူခင် များခြင်း ၂။ ရန်မများခြင်း ၃။ အပြစ် မများခြင်း ၄။ မတွေမဝေ သေရခြင်း ၅။ သေလျှင် ကောင်းရာသုဂတိ ရောက်ခြင်း စတဲ့ အကျိုးကျေးဇူးတို့ ရရှိကြောင်း၊ သည်းခံခြင်း ခွန်အားဟာ ဘေးရန်ကို ကာကွယ်နိုင်ကြာင်း၊ အကျိုးစီးပွားတွင် အမြတ်ဆုံး အကျိုးစီးပွား ဖြစ်ကြောင်း၊

သည်းမခံပါက ၁။ လူမုန်းများခြင်း ၂။ ရန်သူများခြင်း ၃။ အမှားများခြင်း ၄။ တွေတွေဝေဝေ သေရခြင်း ၅။ သေလျှင် အပါယ်လားရခြင်း စသည့် အဖြစ်တို့ကို ခံရကြောင်း အကြိမ်ကြိမ် ဟောပြောလေ့ ရှိသတဲ့။ ပြီးတော့ သူရဲ့ ကျောင်းဝ မှာလည်း "သည်းခံခြင်းသည် နိဗ္ဗာန်တံခါးဝသို့ ရောက်စေနိုင်သည်" လို့ စားလုံး အကြီးကြီးနဲ ရေးသားထားသတဲ့။

ဒီလိုနဲ့ တညမှာတော့ ရွာထဲမှ ထန်းရည်မူးသမား လူငယ်တစုဟာ ရသေ့ကြီးရဲ့ သည်းခံနိုင်မှုကို လက်တွေ့ စမ်းသပ်ရန် ဆုံးဖြတ်လိုက်ပါတယ်။ ညသန်းခေါင် ရောက်တော့ လူငယ်တွေဟာ ကျောက်ခဲများကို အိတ်ကြီးတလုံးနဲ့ အပြည့်သယ်လာပြီး ရသေ့ကြီးရဲ့ ကျောင်းကို အားပါးတရ ပေါက်ကြတယ်။

အဲဒီအခါမှာ ရသေ့ကြီးဟာ မကျိန်းစက်ရ တော့ဘဲ လွန်စွာ ဒေါသထွက် နေသတဲ့။ ညကြီး အချိန်မတော် ဆိုတော့ အော်ဟစ်ပြီးတော့လည်း မကြိမ်းမောင်းရဲဘူး။ ဒီလိုနဲ့ လူငယ်တွေဟာ ပါလာတဲ့ ကျောက်ခဲ ကုန်သွားတဲ့အခါ အိမ်ပြန်ပြီး အိပ်ကြပါသတဲ့။

နံနက်မိုးသောက် အလင်းရောက်တော့ ရသေ့ကြီးဟာ သီတင်းသုံးရာ ကျောင်းကနေ ရွာထဲကို သုတ်ခြေတင်ပြီး ထွက်လာခဲ့ ပါတယ်။ ရွာရောက်တော့ ကျောင်းဒကာနဲ့ ရပ်ရွာလူကြီးကို ခေါ်ပြီး ညက အဖြစ်အပျက်ကို ပြောဆိုကာ ဆူပူကြိမ်းမောင်း လိုက်ပါတယ်။

အဲဒီအခါမှာ ကျောင်းဒယကာနဲ့ ရပ်ရွာလူကြီးဟာ ရသေ့ကြီးကို သည်းခံဖို့ တောင်းပန်သတဲ့။ ရသေ့ကြီး ဟောခဲ့တဲ့ တရားနဲ့ ရသေ့ကြီးကို ပြန်ပြီး ချော့ကြတယ်။ နောက်ဆုံး သည်းခံခြင်းကို လက်ကိုင်ထားတဲ့ ရသေ့ကြီးဟာ မိမိရဲ့ မဆင်မခြင် ဒေါသစိတ်ကို သတိရပြီး ကျောင်းကို ပြန်လာခဲ့ပါတယ်။

အဲဒီနောက် ကျောင်းက ဆိုင်းပုဒ်ပေါ်မှာ နောက်ထပ် စာတကြောင်း ထပ်ရေးလိုက်ပါတယ်။ အဲဒီစာကြောင်း ကတော့ "သည်းခံခြင်းသည် နိဗ္ဗာန်တံခါးဝကို ရောက်စေနိုင်သည်။

သို့သော် ကျောင်းကို ခဲဖြင့် ပေါက်သောလူများကို နိဗ္ဗာန်တံခါးဝ မရောက်ရင် နေပါစေ လုံးဝ သည်းမခံနိုင်ပါ" ဆိုတဲ့ စာကြောင်းလေးပဲ ဖြစ်ပါတယ်ကွယ်။

PhooMyatChal မောင်မဟာရဲ့ ဖြတ်ထိုးဉာဏ်ကောင်းသော အမတ်ကြီးနှင့် အခြားပုံပြင်များ စာအုပ်မှ ပြန်လည်ဝေမျှပါသည်။

Post a Comment

0 Comments