ချိုသာသောစကား

တခါတုန်းက ဘုရင်ကြီးက ပညာရှိအမတ် ၂ ယောက်ကို သူ့ကျန်းမာရေးကို ခန့်မှန်းခိုင်း ပါတယ်။ ပထမ အမတ်က ဘုရင်ကြီးကို လျှောက်ပါတယ်။

"ဘုရင်ကြီးရဲ့ အမျိုးတွေ ဆုံးပြီး၊ ဘုရင်ကြီးရဲ့ အနားက လူတွေလည်း အကုန် ဆုံးပြီးမှ ဘုရင်ကြီး ကံကုန် ပါလိမ့်မယ်" လို့ ပြောလိုက်တော့ ဘုရင်ကြီးဟာ ဒေါသတွေ ထွက်ပြီး အမတ်ကို ရာထူးကနေ ထုတ်ပယ် လိုက်ပါတယ်။

ဒုတိယအမတ် ကတော့ "အရှင်မင်းမြတ်ဟာ အရှင်မင်းမြတ်ရဲ့ အမျိုးတော်တွေ အားလုံးထဲမှာ သက်တော် အရှည်ဆုံး ဖြစ်ပါလိမ့်မယ် ဘုရား" လို့ ပြောလိုက်တော့ ဘုရင်ဖြစ်သူဟာ သဘောကျပြီး ဆုတွေ ချီးမြှင့် ပါသတဲ့။

တကယ်တော့ အဖြေနှစ်ခုက အတူတူ ပါပဲ။ ဒါပေမယ့် လျောက်တင်ပြပုံ၊ စကားပြော မတတ်တော့ ပထမ အမတ်ခမျာ အလုပ် ပြုတ်သွား ရှာပါတယ်။ ဒုတိယအမတ် ကတော့ ဆုတွေတောင် အချီးမြှင့် ခံရပါသေးတယ်။

ပြင်ပ လက်တွေ့လောက မှာလည်း ပထမအမတ်လို လူမျိုးတွေ အများကြီး တွေ့ဖူးပါတယ်။ ချွဲပြစ်ပြီး ဖားတာကို အားပေးနေခြင်း မဟုတ်ပါ။ ဒါပေမယ့် စကားကို နားဝင် ချိုအောင်တော့ ပြောတတ်ဖို့တော့ လိုပါတယ်။

အထူးသဖြင့် စကားပြောရာမှာ လိမ်မာကျွမ်းကျင်သူဟာ စီးပွားရေး၊ လူမှုရေးမှာ လူဝင်ဆံ့ ပါတယ်။ ဘုဘောက် နဲ့ဆို ဘယ်သူကမှ စကား မပြောချင် ပါဘူး။

လူဖြောင့်ကြီးလိုလို ဘာလိုလိုနဲ့ ကျွန်တော့် မျက်လုံးထဲ မှာတော့ လူ့အခြေခံ ယဉ်ကျေးမှုကို လေ့လာသင်ယူ ကျင့်သုံးဖို့ ပျင်းရိသူလို့ပဲ မြင်မိပါတယ်။

အလေ့အကျင့် တွေဟာ အမိမွေးတည်းက ပါလာကြတာ မဟုတ်ပါဘူး။ ဒီလိုပဲ ပြုပြင်ခဲ့ရတဲ့ အလေ့အကျင့် တွေလည်း ရှိပါတယ်။ ငါက ဒီလိုပဲ နေတတ်တယ် ဆိုရင်တော့ တယောက်တည်း နေရဖို့ များပါတယ်။

တယောက်တည်း နေရတာ ကိစ္စမရှိပါဘူး။ သူများကို ဒုက္ခမပေးသ၍ ကိစ္စ မရှိပါဘူး။ စကားပြောတိုင်း သူများ စိတ်မချမ်းသာအောင် လုပ်မိနေတယ် ဆိုရင်တော့ သိပ်မဟန်လှ ပါဘူး။ လိမ်ပြီး ပြောဖို့လည်း ပြောနေတာ မဟုတ်ပါ။

အမှန်တရားကိုတောင် နားဝင်ချိုအောင်လည်း ပြောလို့ရသလို နားဝင် ဆိုးအောင်လည်း ပြောလို့ ရပါတယ်။ မိမိ ပြောပုံပေါ်မှာပဲ မူတည်ပါတယ်။ စကားပြောတတ်ခြင်းဟာ ဘဝ အောင်မြင်မှုနဲ့လည်း တကယ်ကို ဆက်စပ်နေပါတယ်။ ttm

Post a Comment

0 Comments