တခါတုန်းက ကြွက်ကလေး တကောင်ဟာ အရမ်းကို ပျော်နေပါတယ်။ သူပျော်ရွှင်ရတဲ့ အကြောင်းအရင်းက သိပ်ကို ရိုးရှင်းပါတယ်။ နေ့တိုင်း ဒီကြွက်ကလေး ဆီကနေ ပျော်ရွှင် မြူးတူးစွာ ပြောလိုက်တဲ့ ကြားနေကျ စကားလေး တခွန်း ရှိပါတယ်။ "ငါ့မှာ နေမင်းကြီး တစင်း ပိုင်ဆိုင်ထားတယ်" ဆိုတာပါပဲ။
တွေ့သမျှ တခြား အကောင်လေးတွေ ကိုလည်း ဒီကြွက်ကလေးက နေမင်းကြီးက ဘယ်လောက် အဖိုးတန်ကြောင်း၊ အပင်တွေအတွက် ဘယ်လောက်တောင် အရေးပါကြောင်း၊ သူ့ကြောင့်သာ အနွေးဓာတ်တွေ အလင်းရောင်တွေ ရတာ ဖြစ်ကြောင်းနဲ့ သူမရှိရင် မဖြစ်တော့တဲ့ အကြောင်းတွေ တဖွဖွ ပြောလွန်းလို့ သူ့ကို အမြင်ကတ် သလိုတောင် ရှိနေပါပြီ။
ဒီကောင်းကင်ပေါ်မှာ ရှိနေတဲ့ နေမင်းကို သူပိုင်ပါတယ် ပြောပြီး အမွှန်းတင် ချီးကျူးနေတဲ့ သူ့ကို အားလုံးက ရူးနေတယ် လို့ပဲ မြင်ကြပါတယ်။ ဒီတော့ ကြည့်မရလို့ ဝင်ပြောတဲ့ သူတွေ ကလည်း ဝင်ပြောကြ ပါတယ်။
နေမင်းကြီး တန်ဘိုးရှိတာ မဆန်းပါဘူး။ ဒါပေမယ့် မင်းပိုင်တာ မဟုတ်တာကို မင်းအပိုင် ဆိုတာ မင်းက အရူးပဲ ဆိုပြီး ဝိုင်း အပြစ်တင် ကြပါတယ်။
ဒီလိုပြောလည်း ကြွက်ကလေးက မမှုပါဘူး။ ပျော်မြဲ ပျော်ဆဲပါပဲ။ ဘယ်သူတွေ ဘယ်လောက် ပြောပြော နေမင်းကြီးက သူပိုင်တယ် ဆိုတာချည်း ပါပဲ။ ဘယ်သူပိုင်တယ် မပိုင်ဘူး ဆိုတာ စိတ်မဝင်စား ပါဘူး။ နေမင်းကြီးကို ဘယ်သူ တန်ဘိုးထားထား မထားထား သူ့အလုပ် မဟုတ်ပါဘူး လို့ ခပ်ပြတ်ပြတ်ပဲ ပြန်လည် ပြောကြားလိုက် ပါတယ်။
နေ့တိုင်း သူ့ရဲ့ လုပ်ရိုးလုပ်စဉ် ဖြစ်တဲ့ မနက်ခင်းတိုင်းမှာ နေပူဆာ လှုံပြီး နေထွက်တာ ကြည့်မယ်။ နေ့လည်ပိုင်းမှာ မြက်ခင်းလေးမှာ ဆော့ကစားမယ်။ ညခင်းပိုင်းမှာ နေဝင်တာကို ပြုံးပြုံးကြီး ကြည့်တာ ကိုတော့ လုပ်မြဲလုပ်ဆဲ ပါပဲ။
သူ့ကို အရူးလို့ ပြောလည်း သူလုပ်စရာ ရှိတာကို လုပ်ပြီး ပျော်ရွှင်စွာ နေထိုင်နေတာကို အားလုံးက မေးငေါ့ပြီး ပြောလည်း ဂရုမစိုက်ဘဲ လုပ်စရာ ရှိတာကို ခပ်ပျော်ပျော် လုပ်နေပါတော့တယ်။
ဆန့်ကျင်ဘက် ပါပဲ။ ကြွက်ကလေး နေထိုင်တဲ့ တောအုပ်က ခြင်္သေ့မင်းကြီး ကတော့ စိတ်သောက ရောက်နေပါသတဲ့။ တဘက်က တောအုပ်ကြီးကို အပိုင်ရဖို့ တခြားခြင်္သေ့နဲ့ စစ်ဖြစ်ကြတာ ရှုံးနိမ့်သွားလို့ မခံမရပ်နိုင် ဖြစ်ပြီး ကိုယ့်ကိုယ်ကို သတ်သေဖို့ စဉ်းစားနေ ပါတယ်။
ခြင်္သေ့ကြီး ခမျာ သူသတ်သေဖို့ နည်းလမ်း ပေါင်းမျိုးစုံကို စဉ်းစားလိုက် အဆင်မပြေ ဖြစ်လိုက်နဲ့ သောကတွေ ထပ်ဆင့်ပြီး အပူမီးတွေ လောင်ကျွမ်းနေ ပါတော့တယ်။
ဒီစစ်ပွဲမှာ သူရှုံးလိုက်ရတဲ့ အတွက် တခြားသူတွေကို မျက်နှာ မပြနိုင်အောင်ကို ရှက်နေတဲ့ အတွက် ရေထဲခုန်ချ လိုက်ရင်လည်း သူ့လို ခြင်္သေ့မင်းကြီးကို ငါးတွေ တွတ်မှာကို စိုးပါတယ်။ ချောက်ထဲကို ခုန်ချလိုက် ရင်လည်း သူ့ရဲ့ အလောင်းဟာ တစစီ ဖြစ်ပြီး စုတ်ပြတ်သတ် သွားမှာကိုလည်း မလိုလား ပြန်ပါဘူး။
ဟိုလို သေလည်း မဖြစ် ဒီလိုသေလည်း မဖြစ်တော့ စိတ်ညစ်ညစ်နဲ့ သေဖို့ နည်းလမ်း စဉ်းစားရင်း လမ်းလျှောက် ထွက်လာတော့ ပျော်ရွှင် မြူးတူးနေတဲ့ ကြွက်ကလေးကို တွေ့လိုက် ပါသတဲ့။
ကြွက်ကလေးကတော့ နေဝင်ဖို့ စောင့်ရင်း နေမင်းကို အမွှန်းတင်တဲ့ ကဗျာလေး စပ်လိုက် သီချင်းလေး ဆိုရင်းနဲ့ ခြင်္သေ့မင်းကြီး သူ့နားကို ရောက်လာတာကို မတွေ့ပါဘူး။ ခြင်္သေ့မင်း ကလည်း သူကသာ သေလောက်အောင် စိတ်ညစ်နေတာ ကြွက်ကဖြင့် ပျော်လို့ ဆိုတော့ သိပ်ဘဝင် မကျလှပါဘူး။ ဒီတော့ စိတ်တိုတိုနဲ့ ကြွက်ကလေးကို ဂုတ်ကနေ ဆွဲပြီး သူသိချင်တာကို မေးလိုက်ပါတော့တယ်။
"မင်းဘာလို့ ဒီလောက်တောင် ပျော်ရွှင်နေရတာလဲ။ ငါ့ကို မထီမဲ့မြင် လုပ်တာလား ပြောစမ်း" "ကျွန်တော့် အဘိုးတန်လေးအကြောင်း တွေးရင်း ကျွန်တော် ပျော်နေမိတာပါ။ ကျွန်တော့်ကို မသတ်ပါနဲ့" လို့ ပြာပြာသလဲ ပြောလိုက်ပါတယ်။
"မင်းရဲ့ အဘိုးတန်လေးက ဘာလဲ ခုချက်ချင်း ထုတ်ပေး၊ မဟုတ်ရင် ကိုက်စားပစ် လိုက်မယ်" ဆိုတော့ ကြွက်ကလေးက "ကျွန်တော့်မှာ ဘာအဘိုးတန်မှ မရှိပါဘူး။ ကျွန်တော့်ဘာသာ အေးအေးချမ်းချမ်း နေနေတာပါ" လို့ ကြောက်ကြောက်နဲ့ ပြန်ဖြေလိုက်ပါတယ်။
ခြင်္သေ့မင်းကြီးကလည်း အဖြေ ထွက်မလာတဲ့ ကြွက်ကလေးကို ကြည့်ရင်း ဒေါသတွေ ပိုထွက်လာ ပါတယ်။ "မင်းပျော်နေတာ အကြောင်းရင်း တခု ရှိကို ရှိမယ်။ ပြော အခုပြော" ဆိုပြီး ဆွဲခါရမ်း လိုက်ပါတယ်။
"ခြင်္သေ့မင်းကြီး ပြောတဲ့ ပျော်ရွှင်ရတဲ့အကြောင်း ဆိုတာတော့ ကျွန်တော် မသိပါဘူး။ ကျွန်တော်မှာ နေ့တိုင်း နေမင်းကြီးကို ကြည့်ပြီး ပျော်နေရတာ ကတော့ ကျွန်တော့် ပိုင်ဆိုင်မှု လေးပါ။ ခြင်္သေ့မင်းကြီး ဘာလိုချင်မှန်း မသိပေမယ့် ကျွန်တော့မှာ ပိုင်ဆိုင်တာ ကတော့ ဒီနေမင်းလေးပဲ ရှိပါတယ်"
ကြွက်ကလေးရဲ့ အဖြေကို ကြားတော့ ခြင်္သေ့ကြီး တချက် တွေဝေသွား ပါတယ်။ "နေမင်းဆိုတာ အားလုံး ပိုင်တာလေ၊ မင်းပိုင်တာမှ မဟုတ်ပဲကို"
"ဟုတ်ပါတယ် နေမင်းကို အားလုံး ပိုင်ကြတာပါပဲ။ ဒါပေမဲ့ နေမင်းကြီး ရှိနေတာကို အားလုံး အသိမှတ် မပြုနိုင်ကြပါဘူး။ သူ့ရဲ့ ကောင်းကျိုးတွေကို ဘယ်သူကမှ အလေးမထား ကြပါဘူး။ တနေ့ နေမင်းကြီး မရှိတော့ရင် ဆိုတာလေးကို ခြင်္သေ့မင်း အနေနဲ့ တွေးမိပါရဲ့လား"
အဖြေစကားကို ကြားပြီး ခြင်္သေ့ကြီးလည်း အံ့သြသွား ပါတယ်။ နေမင်း မရှိတော့ရင် ဆိုတာလည်း မတွေးဖူးသလို နေမင်း ရှိနေတာကိုလည်း တခါမှ သတိမပြုမိ ပါဘူး။ နေမင်းရဲ့ ကောင်းကွက်ကို စဉ်းစားမိဖို့ ဝေးစွ။ တနေ့တနေ့ ဘယ်နယ်ထိ အပိုင်စား ယူရမလဲ အားလုံးက ရိုသေကြောက်လန့်အောင် ဘယ်လို လုပ်ရမလဲ ဆိုတာကိုပဲ စဉ်းစားနေ မိတဲ့အတွက် အင်မတန်ပူလောင် ရပါတယ်။
ဒီတော့မှ ခြင်္သေ့မင်းကြီးလည်း ကြွက်ကလေးရဲ့ ပျော်ရွှင်ရခြင်းရဲ့ အကြောင်းရင်းကို သိသွား ပါတော့တယ်။ ဒီလို လမ်းပြပေးတဲ့ ကြွက်ကလေးကို မြေပြင်ပေါ်မှာ အသာအယာ ပြန်ချပေးရင်း လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင် လိုက်ပါတယ်။
ပျော်ရွှင်ခြင်း မပျော်ရွှင်ခြင်းဆိုတာ နည်းလမ်းနဲ့ မဆိုင်ပါဘူး။ နေတတ်ဖို့နဲ့ စိတ်ထားတတ်ဖို့ပဲ လိုပါတယ်။ မပိုင်ဆိုင် ရတာကိုတွေးပြီး မပျော်နိုင်ခြင်းနဲ့ ဒီထက် ကောင်းတာကို ပိုင်ဆိုင်ရဖို့ ကြားမှာ အင်မတန် ပူလောင်ရပါတယ်။
တချို့အရာတွေကို ပိုင်ဆိုင်ခွင့် မရတော့ဘူး ဆိုရင် ပိုင်ဆိုင်ထားရတဲ့ သေးသေးလေး တွေကို ကြံဖန်ပြီး တန်ဘိုးထား ကြည့်လိုက်ပါ။ Crd
0 Comments