ဖြည်ရခက်တဲ့ ကြိုးထုံး

တခါတုန်းက ရှေ့ ဖြစ်ဟော ပရောဟိတ်ဆရာ တယောက်ဟာ မြို့ကြီးတမြို့မှာ ထူးခြား ဆန်းကျယ်တဲ့ ကြိုးထုံးကြီး တခုကို ချည် နှောင် ချိတ်ဆွဲထား လေတယ်။

ပြီးတော့ ဒီလို နမိတ်ဖတ် လိုက်တယ်။ "ဒီကြိုးထုံးကို ဖြည်နိုင်တဲ့ သူဟာ မင်းဧကရာဇ် စင်စစ် ဖြစ်လာပေလိမ့်မယ်" တဲ့။

လူတော်တော် များများက ဇွဲကောင်းကောင်းနဲ့ ကာလ ရှည်ကြာစွာ လာရောက် ကြိုးထုံးကို ဖြည်ကြတယ်။ ဒါပေမယ့် ကြိုးထုံးကို ဖြည်နိုင်မယ့် သူဟာ ပေါ်မလာခဲ့ ပါဘူး။

အဲ့ဒီ ကာလမှာ စစ်တိုက်ရာမှာ နာမည် ကျော်ကြားပြီး အောင်ပွဲတွေကို အမြဲ ရယူခဲ့တဲ့ စစ်သူကြီး တဦးဟာ ကြိုးထုံးရဲ့ နမိတ်ဖတ် စကားကို ကြားထားပြီးသူ ဆိုတော့ သူ့ရဲ့ တပ်ကို ဦးဆောင်ပြီး အဲ့ဒီမြို့မှာ စခန်းချ နေချိန် အကြိမ်ကြိမ် ကြိုးထုံးကို သွားဖြည်ဖို့ ကြိုးစား လေတယ်။

သူဟာ ၄၊ ၅ လ ကြာအောင် နည်းပေါင်းစုံ သုံးပြီး ကြိုးထုံးကို ပြေဖို့ မရေမတွက် နိုင်အောင် ကြိုးစားတယ်။ ဒါပေမယ့် သူ့ရဲ့ လက်တွေသာ ပွန်းရှ စုတ်ပြတ် ကုန်တယ်။ အောင်မြင်မှု မရခဲ့ ရှာပါဘူး။

ဒီလိုနဲ့ တနေ့ မှာတော့ ကြိုးထုံး သွားဖြည်လို့ မအောင်မြင်တာနဲ့ ခံပြင်းလာပြီး ဒေါသကလည်းထွက်၊ ကြိုးထုံးကြီးကို မုန်းမုန်းနဲ့ ကြည့်ပြီး "ဒီကြိုးထုံးကို ငါ ဘယ်တော့မှ မမြင်ချင် တော့ဘူး" လို့ ပြောပြီး လှည့်အထွက်မှာ လင်းကနဲ ဦးနှောက်ထဲမှာ အတွေးတချက် ပေါ်လာတယ်။

အဲဒါနဲ့ ခါးမှာ အမြဲ ချိတ်ထားတဲ့ ဆောင်ဓါးကို ဆွဲထုတ် လိုက်ပြီး ကြိုးထုံးကို တချက်ထဲ ခုတ်ချ ထည့်လိုက်တယ်။ ထိုအခါမှာတော့ ကြိုးထုံးကြီးလည်း ထက်ပိုင်း ကွဲသွားပြီး ပြေထွက် သွားပါတော့တယ်။ အဲဒီ စစ်သူကြီးဟာ အလက်ဇန်းဒါးပါ။

ကျွန်မတို့ ကိုယ်တိုင်လည်း ဘဝကို သင်္ချာလို သတ်မှတ်ပြီး တခါတရံမှာ အဖြေ မထွက်တဲ့ ပုဒ်စာ ကိုဘဲ အဖန်တလဲလဲ တွက်နေ မိ တတ်ပါတယ်။

လောကကြီးမှာ တခါတခါ အကျပ်အတည်းတွေ၊ အဖုအထစ်တွေ၊ အခက်အခဲတွေ ရင်ဆိုင် ကြုံတွေ့လာ ချိန်မှာ လမ်းရိုးအတိုင်း မလိုက်ကြဘဲ သတ်မှတ် ထားတဲ့ စည်းကမ်းတွေရဲ့ အပြင်ဘက် ကနေ စဉ်းစားတွေးခေါ် ဖြေရှင်းဖို့ လိုအပ်ပါတယ်။

အဲဒီလို မတူညီ၊ ဆန်းသစ်တဲ့ အကြံဉာဏ်တွေနဲ့ ဆုံးဖြတ်ချက် ရဲရဲဝံ့ဝံ့ ချပြီး ကြိုးစားကြည့် လိုက်တဲ့ အခါမျိုး ကြမှ အထုံးပြေ အောင်မြင်သွားတတ် တာမျိုး ကြုံရတတ်တယ် ဆိုတာ ဒီအကြောင်းအရာ လေးက သာဓက ပြထားတာပါ။ မြသွေးနီ

Post a Comment

0 Comments