ကိုယ်တိုင်ဖြည်ရမည့် ကြိုးများ

တခါက ရွာတရွာရဲ့ အစွန်အဖျားမှာ နေတဲ့ ဆင်းရဲတဲ့ လူတယောက် ရှိတယ်။ သူဟာ တောထဲက ထင်းခြောက်တွေ ကောက်ပြီး ခပ်လှမ်းလှမ်းက ဈေးတခုမှာ ရောင်းချခြင်းနဲ့ အသက်မွေးဝမ်းကျောင်း ပြုပါတယ်။

သူ့ဆီမှာ အရမ်း အသုံးဝင်တဲ့ ထင်းသယ် မြည်းကလေး တကောင်လည်း ရှိတယ်။ ထင်းကောက်သမားဟာ သူကောက်လို့ ရသမျှ ထင်းခြောက်တွေကို အဲဒီမြည်းကလေးပေါ် တင်ကာ ဈေးအထိ သွားပြီး ရောင်းချရလေ့ ရှိတယ်။

တနေ့မှာတော့ သူဆင်းရဲလေးဟာ ထင်းခြောက် များများရဖို့ တောနက်ထဲ အထိ သွားကောက်ရာကနေ လမ်းပျောက် ပါတော့တယ်။ မြည်းကလေးနဲ့ အတူ လမ်းပျောက် ရှာရင်းနဲ့ ညနေသာ စောင်းလာတယ် လမ်းက မတွေ့ပါဘူး။

နောက်ဆုံးမှာတော့ ရသေ့ကြီး တပါး သီတင်းသုံးတဲ့ တဲကလေး တလုံးကို တွေ့တော့ ညအိပ်ခွင့် တောင်းပြီး တဲနဲ့ ခပ်လှမ်းလှမ်းက သစ်ပင်အောက်မှာ နေရာချတယ်။ အိပ်ဖို့ ပြင်နေရင်းနဲ့မှ သူ့မြည်းကလေးကို ချည်ဖို့ ကြိုး ပါမလာခဲ့ဘူး ဆိုတာ သတိရတာ့တယ်။

အဲဒါနဲ့ ရသေ့ကြီးဆီမှာ ကြိုးရှိပါက တညတာ ငှားရန် လျှောက်ထားတဲ့ အခါ ရသေ့ကြီးက "ရသေ့ကြီးဆီမှာ ကြိုးဆိုတာ မရှိသလို ဘယ်အရာကို မဆို ကြိုးနဲ့ ချည်တတ်တဲ့ အကျင့် မရှိပါဘူး ဒကာကြီး။ ဒကာကြီး ကြည့်ရတာ ခါတိုင်းလည်း ဒီမြည်းကလေးကို သစ်ပင်မှာ ကြိုးချည်ပြီး အိပ်တယ်နဲ့ တူတယ်"

"အမှန်ပါပဲ ရသေ့ကြီး" လို့ ထင်းကောက်သမားက ရိုသေစွာ ပြန်ဖြေတယ်။ ရသေ့ကြီးက "ဒါဆိုလည်း ခါတိုင်းလိုပဲ သစ်ပင်မှာ ကြိုးချည်တဲ့ ဟန်ပြပြီး အိပ်လိုက်ပေါ့။ ရသေ့ကြီးတော့ ဒီမြည်းကလေး လျှောက်သွား လိမ့်မယ်လို့ မမြင်မိဘူး" လို့ ပြောတယ်။

အဲဒါနဲ့ ထင်းကောက်သမားလည်း ရသေ့ကြီး ပြောတဲ့အတိုင်း မြည်းကလေးကို သစ်ပင်မှာ ကြိုးချည်ဟန် ပြုပြီး အိပ်ယာ ဝင်ခဲ့တယ်။

ရသေ့ကြီးဟာ သူ့တန်ခိုးနဲ့ မြည်းကလေး မပြေးနိုင်အောင် လုပ်ပေးထားတယ်လို့ တွေးထင်ပြီး ထင်းကောက်သမားလေးဟာ စိတ်ချလက်ချ အိပ်ပျော်သွား တော့တယ်။

မနက်ခင်း နိုးလာလို့ ကြည့်လိုက်တော့ သူ့မြည်းကလေးကို ညက သူထားခဲ့တဲ့ အတိုင်း သစ်ပင်အောက်မှာ တွေ့ရတယ်။ ထင်းကောက်သမားဟာ ရသေ့ကြီးကို နှုတ်ဆက်ကာ လမ်းရှာပြီး ခရီးဆက်မယ် ပြင်တဲ့အခါ မြည်းကလေးဟာ ညက ထားခဲ့တဲ့ နေရာကနေ မရွေ့တော့ဘူး။

ထင်းကောက်သမား ဘယ်လို ကြိုးစား ခေါ်ခေါ် မရဘူး။ အဲဒါနဲ့ ထင်းကောက်သမားဟာ ရသေ့ကြီးဆီ ပြေးသွားပြီး ဖြစ်ကြောင်းကုန်စင် လျှောက်တင်တဲ့ အခါ ရသေ့ကြီးက အကြောင်းစုံကို သိတဲ့ ပုံစံနဲ့ ပြုံးပြီး ပြောလိုက်တယ်။

"ဒကာကြီး သစ်ပင်က ကြိုးကို မဖြည်ဘူးလား။ မဖြည်ပဲ နဲ့တော့ ဘယ်သွားလို့ ရပါ့မလဲ ဒကာကြီးရယ်" လို့ ပြောတယ်။ ထင်းကောက်သမားက "တပည့်တော်မှ ကြိုးနဲ့ တကယ် မချည်ထားပဲ" လို့ ပြောလိုက်တယ်။

ရသေ့ကြီးက "အော် ဖြစ်ရလေ ဒကာကြီးရယ်။ မြည်းကလေးက သူ့ကို ကြိုးနဲ့ တကယ် ချည်ထားတယ် လို့ပဲ ထင်နေတာ။ ညကအတိုင်းပဲ သစ်ပင်က ကြိုးကို ဖြည်တဲ့ပုံ လုပ်ပြီး ပြန်ခေါ်လိုက်ရင် လိုက်လာမှာပါ" လို့ ပြောတယ်။

ထိုအခါ ထင်းကောက်သမားလည်း ရသေ့ကြီး ပြောတဲ့အတိုင်း ကြိုးဖြည်ဟန် ပြုလုပ်လိုက်ရာ မြည်းကလေးမှာ ရွေ့လျားလာပြီး သူဆွဲတဲ့ နောက်ကို လိုက်ပါကာ အတူ ခရီးဆက်ခဲ့ ကြပါတော့တယ်။

တကယ်တော့ ကျွန်တော်တို့ကို ဘယ်သူကမှ ဘယ်ကြိုးတွေနဲ့မှ ချည်ထားတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ကိုယ်တိုင် ကျေကျေနပ်နပ် ချည်ထားတဲ့ ကြိုးမဟုတ်တဲ့ ကြိုးတွေပဲ ရှိပါတယ်။

ဒီကြိုးတွေကို ဘယ်သူမှ ဖြည်ပေးလို့ မရနိုင်ပါဘူး။ ကျွန်တော်တို့ ကိုယ်တိုင် ဖြည်မှပဲ ရပါလိမ့်မယ်။ Crd

Post a Comment

1 Comments

  1. ကိုယ်ချစ်တဲ့သူတွေကိုပြစ်မထားပါနဲ့

    ReplyDelete