ဟန်ချက်မညီရင် ရေစုန်မျောလိမ့်မယ်

တခါတုန်းက နယ်တကာကို လှည့်လည်ကာ မြွေလမ္ပာယ်ပြပြီး အသက်မွေးရသူ တဦး ရှိပါသတဲ့။ သူဟာ မြွေလမ္ပာယ် တင်မက တခါတရံ မှာလည်း မျောက်ပွဲပြလေ့ ရှိတာကြောင့် မျောက်တကောင်ကိုပါ မွေးမြူထား ခဲ့တယ်။

သူဟာ မျောက်နဲ့ မြွေတင်မက ဆိတ်တကောင် ကိုပါ ပိုင်ဆိုင်တာကြောင့် သွားလေရာ အရပ်ကို မြွေ၊ မျောက်၊ ဆိတ် တို့ကို ခေါ်ဆောင်သွားလေ့ ရှိတယ်။

သူ ခရီးသွားလာတဲ့ အခါမျိုး မှာတော့ မြွေကို အဖုံးပါတဲ့ ခြင်းတောင်း တခုထဲကို ထည့်ပြီး ခေါင်းပေါ်မှာ ရွက်၊ မျောက်ကို ပုခုံးပေါ်မှာ တင်ပြီး၊ ဆိတ်ကို ကြိုးနဲ့ဆွဲကာ ခရီးသွားလာလေ့ ရှိတယ်။ အဲဒီလိုနဲ့ သူဟာ နယ်တကာ လှည့်ပြီး မျောက်ပွဲ တလှည့်၊ မြွေလမ္ပာယ် တလှည့်စီ ပြပြီး အသက်မွေးတယ်။

တနေ့တော့ သူဟာ မြို့တမြို့မှာ သွားရောက် ဖျော်ဖြေဖို့ ခရီးထွက်လာ ခဲ့ပြန်တယ်။ အဲဒီလို ခရီးထွက်လာရင်း လမ်းခုလတ်မှာတော့ အင်မတန် ရေစီးကြမ်းတဲ့ ချောင်းတခုကို ဖြတ်သန်းဖို့ ဖြစ်လာတယ်။

ချောင်းဟာ ရေစီးသန်ပေမယ့် ရေကတော့ ခါးလယ်လောက်သာ ရှိတဲ့အတွက် သူဟာ ချောင်းကို ဒီအတိုင်းပဲ ခြေလျှင် ဖြတ်ကူးဖို့ ဆုံးဖြတ် လိုက်တယ်။

မြွေလမ္ပာယ်ဆရာဟာ မြွေထည့်ထားတဲ့ ခြင်းတောင်းကို ခေါင်းပေါ် ရွက်လိုက်တယ်။ မျောက်ကို ပုခုံးပေါ် တင်ပြီး ကြိုးနဲ့ဆွဲလာတဲ့ ဆိတ်ကိုတော့ ပွေ့ပိုက်ပြီး သယ်ဆောင်လာတယ်။

"ဒီအတိုင်းဆို အဆင်ပြေပြီ" လို့ သူ့ကိုယ်သူ ပြောနေခဲ့ ပြန်တယ်။ အဲဒီနောက် မှာတော့ မြွေလမ္ပာယ်ဆရာဟာ ချောင်းကို စတင် ဖြတ်ကူးတယ်။

အတော်အတန် ဖြတ်ကူးမိတဲ့ အခါမှာတော့ ချောင်းရေဟာ သူထင်ထားတာထက် ပိုပြီး ရေစီးသန်တယ် ဆိုတာ သိလိုက်ရတယ်။ ဒါကြောင့် သူဟာ ပွေ့ပိုက်လာတဲ့ ဆိတ်ကို ပိုမိုပြီး ခပ်တင်းတင်း ပွေ့ဖက်ထား ပြန်တယ်။ အဲဒီအချိန်မှာပဲ ပြဿနာတခု စဖြစ်လာ ခဲ့တယ်။

မျောက်ဟာ ဘာသာဘာဝ အလျောက် စပ်စုတတ်တဲ့ အတွက် မြွေခြင်းတောင်းကို ဖွင့်ကြည့်တယ်။ ခြင်းတောင်းကို ဖွင့်လိုက်တဲ့အတွက် မြွေဟာ ခြင်းတောင်းထဲက ခေါင်းပြူ ထွက်လာတယ်။ တရှူးရှူးနဲ့ နှာမှုတ်ပြီး မျောက်ကို ရန်ရှာပြန်တယ်။

မျောက်ဟာ ကြောက်လန့်တကြားနဲ့ ပုခုံးပေါ် ကနေ ဆိတ်ပေါ်ကို ခုန်ဆင်းတယ်။ ဆိတ်က ရုန်းကန်တဲ့အခါ မျောက်ဟာ ရေထဲကို ပြုတ်ကျသွား ပြန်တယ်။ မြေလမ္ပာယ်ဆရာဟာ မျောက်ကို ဆယ်ယူဖို့ အတွက် ဆိတ်ကို ပွေ့ထားတဲ့ လက်တဖက်ကို လွှတ်လိုက်တဲ့ အခါ ရုန်းကန်နေတဲ့ ဆိတ်ပါ ရေထဲကို ပြုတ်ကျသွား ပြန်တယ်။

မြွေလမ္ပာယ်ဆရာလည်း ဆိတ်ကို လှမ်းအဆွဲမှာ ဟန်ချက်ပျက်ပြီး ခေါင်းပေါ်က မြွေတောင်းပါ ရေစီးထဲကို မြောသွားခဲ့ရတယ်။ချောင်းတဘက်ကို ရောက်တဲ့အခါ မှာတော့ သူရဲ့ ပိုင်ဆိုင်မှုတွေ ဖြစ်တဲ့ မြွေ၊ မျောက်နဲ့ ဆိတ်တို့ မရှိတော့ တာကြောင့် သူဟာ ငိုကြွေးခဲ့ ပါတော့တယ်။

ကျွန်နော်တို့ တတွေဟာလည်း ရေစီးကြမ်းတဲ့ ချောင်းနဲ့တူတဲ့ ဘဝရဲ့ ရေစီးကြမ်းကို ဖြတ်ကူးနေရတဲ့ မြွေလမ္ပာယ် ဆရာတွေပဲဖြစ်တယ်။

စားဝတ်နေရေး တွေကို ပုခုံးပေါ်မှာ ထမ်းလို့တဖုံ၊ ရင်ခွင်မှာ ပိုက်လို့တသွယ် သယ်ဆောင်ရင်း ကြမ်းတမ်းတဲ့ ဘဝရေစီးကြောင်းကို အန်တု ဖြတ်သန်း နေကြသူများပဲ ဖြစ်တယ်။

အဲဒီ လေးလံတဲ့ စားဝတ်နေရေးတွေ ကြောင့်ပဲ ကိုယ့်ရဲ့ ဘဝခရီးလမ်းဟာ ဟန်ချက်ညီဖို့ အတွက် အလွန်ပဲ ခက်ခဲနေ ပြန်တယ်။ အဲဒီလို ကြမ်းတမ်း ခက်ခဲတဲ့ ဘဝရေစီးကြောင်းထဲမှာ ဟန်ချက်ညီအောင် ကြိုးစား ဖြတ်သန်းရင်းနဲ့ ကျနော်တို့ရဲ့ စိတ်အစဉ်ဟာ အငြိမ်မနေတဲ့ မျောက်လို လှည့်လည် ကျက်စားပြန်တယ်။

ဒါကြောင့် ဂနာမငြိမ်တဲ့ စိတ်ရဲ့ လိုအင်တိုင်းကို မထိန်းသိမ်းနိုင်ခဲ့ရင် ဟန်ချက်ညီနေတဲ့ စီးပွားရေး၊ လူမှုရေး၊ မိသားစု အရေးတွေဟာ ဟန်ချက်ညီမှုတွေ ပျောက်ဆုံးကုန်ပြီး ရေစုန် မျောကြရမှာပဲ ဖြစ်ပါတယ်။ ဖြိုးသုတ

Post a Comment

0 Comments