ထူးဆန်းသော အဘိုးအို

ကျနော်တို့ ရွာထဲမှာ ဗဟုသုတ ပြည့်စုံတဲ့ အဘိုးအို တယောက် ရှိပါသည်။ သူ့နာမည်က ဘစီ။ ကျနော်တို့ ကတော့ အဘိုးဘစီ လို့ ခေါ်ကြသည်။ ရွာထဲမှာ ကျနော် စိတ်အဝင်စားဆုံး ပုဂ္ဂိုလ် တယောက် ဖြစ်သလို့ သူ၏ အတွေးအခေါ် တချို့ကိုလည်း ကျတော် သဘောကျ မိသည်။

သူသည် အလုပ် လုပ်ပြီး စားသောက် နေထိုင်သော နေ့ရက်များ ရှိသလို ရွာထဲတွင် တောင်းစားသော နေ့ရက် များလည်း ရှိသည်။ သို့သော် မည်သူကမျှ သူ့ကို သူတောင်းစားလို့ မသတ်မှတ်ကြ၊ မခေါ်ဝေါကြ။ အဆင်ပြေသည့် အိမ်များက အဆင်ပြေသလို ခေါ်ကျွေးလိုက် ကြသည်။

အဘိုးဘစီ၏ အိမ်သည် ရွာနောက်ဖက်က တောထဲတွင် ရှိသည်။ အိမ်ရှေ့တွင် မာလကာပင်များ၊ ဗန်ဒါပင်များနှင့် အုပ်အုပ် ဆိုင်းဆိုင်း ရှိလှပြီး ရှဉ့်များ၊ ငှက်များသည်လည်း ထိုအပင်များ ပေါ်တွင် အသိုက်ဆောက်လုပ် နေထိုင်လျက် ရှိကြသည်။ လေတဟူးဟူးနှင့် အလွန် နေထိုင်လို့ ကောင်းသော နေရာမျိုးတွင် အဘိုးဘစီ တဦးတည်းသာ နေထိုင်လေ၏။

အိမ်ရှေ့တွင် ကွပ်ပျစ်တခု ရှိပြီး ထိုကွပ်ပျစ်၏ ဘေး မလှမ်းမကမ်းရှိ ဗန်ဒါပင်ကြီး အောက်၌ အဖုံးမပါသော သောက်ရေအိုး နှစ်လုံး ရှိသည်။ ထိုရေကို ခွေးလည်း သောက်သည်၊ ငှက်လည်း သောက်သည်၊ ရှဉ့်လည်း သောက်သည်၊ နောက်ဆုံး အဘိုးဘစီ လည်း သောက်လေသည်။

ရာသီဥတု ကောင်းမွန်သော တနေ့၌ ကျနော်သည် အဘိုးဘစီ၏ အိမ်သို့ အလည် သွားရောက်ခဲ့သည်။ အိမ်ရှေ့ကွပ်ပျစ် ပေါ်တွင် ရေနွေးတအိုးနှင့် ရေနွေးပန်းကန် လေးခွက်ကို တွေ့ရပါသည်။ ကျနော်လည်း တောင်ကြည့် မြောက်ကြည့်နှင့် အဘိုးကို ရှာရာ မတွေ့သည်နှင့် အော်၍ ခေါ်လိုက်သည်။ "အဘိုး ဘစီ ကျနော်ပါဗျ" "ဒီမှာ ကောင်လေး" ထိုအသံသည် ကျနော်၏ ဦးခေါင်းထိပ်မှ ထွက်ပေါ်လာသည်။

"မင်း ရောက်လာတည်းက ငါကြည့်နေတာ၊ မင်း ငါ့ကို ရှာတယ်၊ ရှေ့နောက် တောင်မြောက် လိုက်ရှာတယ်။ ဒါပေမဲ့ အပေါ်နဲ့ အောက်ကိုတော့ ကြည့်ပြီးမရှာဘူး။ အဲဒါပဲကွ၊ မင်းတို့ လူငယ်တွေက အလုပ်လုပ်ရင် ဘယ်တော့မှ မစေ့စပ်ဘူး။ ရှာမှ ရှာရင် နေရာ စုံအောင် ရှာပါတော့လား။ ခုလေးတင် မင်းငါ့ကို ကိုယ်တိုင်တွေ့မဲ့ အခွင့်ရေးနဲ့ လွဲသွားပြီ။ မင်း ဘဝမှာ အခွင့်အရေး ဘယ်နှစ်ခုကို လွဲချော်ခဲ့ ပြီးပြီးလဲ။ မင်းပုံစံ ကြည့်ရတာတော့ အများကြီး နေမှာပါ ဟား ဟား"

အဘိုးက ရယ်ရင်း မောရင်း အောက်သို့ ဆင်းလာသည်။ ထို့နောက် ဆက်ပြောသည်။ "တချို့ လူတွေကို ဘဝက အခွင့်အရေးတွေ အများကြီး မပေးဘူးကွ။ အဲဒီလို လူတွေကျ ရသမျှ အခွင့်အရေးကို အမိအရ ဆုပ်ကိုင်နိုင်မှ တော်ရုံကျမယ်။ တချို့ကျလည်း အခွင့်အရေးတွေ ဘုံဗောလအော ရကျတယ်။ ဒါပေမဲ့ လက်သီးဆုပ်ထားတဲ့ လူတွေ ဆိုတော့ မရကြဘူး။ ဘဝမှာ အောင်မြင်ဖို့ မခက်ပါဘူး။ ဒါပေမဲ့ အောင်မြင်အောင် လုပ်မယ်ဆိုတဲ့ စိတ်ရှိဖို့ ခက်တယ်"

အဘိုးက လေးလေးနက်နက် ပြုံးရင်း ပြောလိုက်တာပါ။ သူ့မျက်နှာဟာ ဇရာကြောင့် နွမ်းလျနေပေမဲ့ သူ့အပြုံးတွေနဲ့ စိတ်အားထက်သန်မှုတွေ ကတော့ သစ်လွင် လန်းဆန်းနေဆဲ ပါပဲ။ "ဒါနဲ့ ခုနက သစ်ပင်ပေါ် တက်ပြီး ဘာလုပ်နေတာလဲ" လို့ ကျနော်က စကားစ လိုက်ပါတယ်။

"ခဏ တက်အိပ်နေတာပါကွ" "ဟာ အဘိုးကလည်း ဒီကွပ်ပျစ်ပေါ်မှာ အိပ်လည်း ရရဲ့သားနဲ့" "မတူဘူးကွ၊ ငါက ငါ့ခန္ဓာကိုယ် ကိုပဲ အိပ်စေချင်တာ၊ ငါ့ စိတ်ဝိညာဉ်ကို မအိပ်စေချင်ဘူး။ စိတ်ရော ကိုယ်ပါ အိပ်တယ် ဆိုတာ လေးလံထိုင်းမှိုင်းခြင်းရဲ့ အဓိပ္ပါယ်ပဲ။ ညမှာ အိပ်တာတော့ တမျိုးပေါ့။

သစ်ပင်ပေါ် တက်အိပ်တယ် ဆိုတာ ခန္ဓာကိုယ်ကို အနားပေးရင်း စိတ်ကို လေ့ကျင့်တဲ့ သဘောပါ။ ငါ့စိတ် တချက် လွတ်တာနဲ့ ပြုတ်ကျပြီး သေမှာပဲ" အဘိုး လုပ်ရပ်ဟာ သေစေနိုင်တဲ့ အရာ ဖြစ်လို့ ကျနော် စိတ်ပူမိပါတယ်။ ဒီလိုနေရာမျိုးမှာ အဘိုးကို စိတ်ပူတဲ့ သူဆိုလို့ ကျနော် တယောက်တည်း ရှိတာကိုလည်း တွေးမိလိုက် ပါတယ်။

ကျနော့ အတွေးကို သိသွားသလိုမျိုးနဲ့ "မင်းငါ့ကို စိတ်မပူပါနဲ့၊ မင်းကိုယ်မင်း စိတ်ပူစမ်းပါ။ ငါက မသေနိုင်သေး ပါဘူး။ ဒါပေမဲ့ မင်းက သေဖို့ နီးနေပြီ။ ကိုယ်သေမှာကို မသိပဲ သူများသေမှာကို စိတ်ပူနေတဲ့ လူတယောက်ကို ခုမှ တွေ့ဖူးတာပဲ ဟား ဟား"

အဘိုးရယ်သံက ကျနော့်ရဲ့ ကြောက်စိတ်တွေကို မွေးဖွားပေးလိုက် သလိုပါပဲ။ ကျနော့် တကိုယ်လုံး ကြက်သီးမွေးညင်းတွေ ထလာပါတယ်။ ကျနော့် ခေါင်းထဲမှာလည်း အတွေးတွေ ယောက်ယက် ခတ်နေပါပြီ။ "ငါ က ဘာလို့ သေရမှာလဲ၊ သူက ငါ့ကို သတ်မှာလား၊ ဒီလူကြီးက ရူးနေတာ ထင်တယ်" စသဖြင့် အတွေးပေါင်း မြောက်မြားစွာကို ကျနော် တွေးပစ်လိုက် ပါတယ်။

"ကောင်လေး မင်းဘာတွေ တွေးနေတာလဲ။ အန္တရာယ်ကြားက ရုန်းထွက်တော့လေ၊ ခဏနေ လေပြင်း တချက် တိုက်တာနဲ့ မင်းခေါင်းပေါ် သစ်ကိုင်းခြောက် ကျိုးကျတော့မှာ။ ကိုင်းက ကြီးတော့ ခေါင်းပေါ်ကျရင် မင်းသေနိုင်တယ်။ လာ ဒီကွပ်ပျစ်နားကို လာခဲ့"

ကျနော် ကွပ်ပျစ်နား ရောက်တော့ သစ်ကိုင်းက ဗြုန်းကနဲ အောက်ကို ပြုတ်ကျလာ ပါတယ်။ ကံကောင်းလို့ အသက်မသေရင်တောင်မှ ခေါင်းကို ပြင်းပြင်းထန်ထန် ထိခိုက်နိုင် ပါတယ်။ နောက်ပြီး အဘိုးက ဆက်ပြောပါတယ်။

"အန္တရာယ် ဆိုတာ မြင်ရတဲ့ နေရာက လာလေ့ မရှိဘူး ဆိုတာ မင်းမှတ်ထား။ နောက်ပြီး အခက်အခဲတွေ ကြားမှာ ဘယ်တော့မှ တွေဝေမနေနဲ့။ စိတ်အေးအေးထားပြီး လုပ်စရာ ရှိတာကို လုပ်။ မင်းအောင်မြင်လိမ့်မယ်" စကားအဆုံးမှာ အဘိုးက ခေတ္တ ငြိမ်သက်သွားပါတယ်။

တယောက်တည်း နေသူအဖို့ ပြောစရာ စကားတွေ အများကြီး ရှိမည်ကို ကျနော် သိပါသည်။ "အဘိုး ဒီမှာ တယောက်တည်း နေရတာ မပျင်းဘူးလား၊ အထီးမကျန်ဘူးလား"

"ပျင်းစရာတော့ မရှိပါဘူး။ ဒီမှာ စိတ်ဝင်စားစရာ တွေအများကြီးပဲလေ၊ ပြုပြင်မထားတဲ့ သဘာဝ အလှတွေနဲ့ သဘာဝ တိရစ္ဆာန် တွေလောက် စိတ်ဝင်စားစရာ ကောင်းတာ ဘယ်ရှိမလဲ။ စိတ်ဝင်စားစရာတွေ မရှိတဲ့ နေ့ဟာ ပျင်းစရာ ကောင်းတဲ့နေ့ပဲ။ အဲဒီလို နေ့ရက်တွေကို ငါဘယ်တော့မှ မဖြတ်သန်းဘူး။

ငါ့ဘဝမှာ စိတ်ဝင်စားစရာ တခုခု အမြဲရှိတယ်။ အထီးကျန်တယ် ဆိုတာကတော့ အဖော်လိုချင်တဲ့ သူတွေ အတွက်ပါ။ အဖော်မက်တဲ့ သူတွေဟာ တယောက်တည်း နေရမှာ ကြောက်တယ်။ သေရင် တယောက်တည်း သေရမှာ ကိုတော့ မသိကြရှာဘူး။ ငါ့စိတ်ဟာ ငါ့ရဲ့ အဖော်ပဲ၊ ငါ့နှလုံး သားဟာ ငါ့ရဲ့အဖော်ပဲ။ ငါဟာ ဘယ်တော့မှ အထီးမကျန်ဘူး"

"ဒါဆို အဘိုးမှာ ချစ်ရတဲ့ သူတွေ ဘာတွေ မရှိဘူးလား" "ရှိတာပေါ့ကွ၊ ငါလူပျိုပေါက် ဘဝမှာ အချစ်ရဆုံး မိန်းမတယောက် ရှိခဲ့တယ်။ သူလည်း ငါ့ကို ချစ်တယ်။ အဲတုန်းက ပျော်စရာတွေ ချည်းပါပဲ။ ငါတို့ နှစ်ယောက် အကြောင်းကို သိသွားတဲ့ သူ့မိဘတွေက သူ့တို့သမီးကို မြို့သားတယောက်နဲ့ ပေးစားလိုက် ကြတယ်။

အဲလိုနဲ့ သူတို့ မင်္ဂလာ မဆောင်ခင် တရက်မှာ ငါ မရ ရအောင်သွားတွေ့ခဲ့တယ်။ အဲ့တုန်းက သူပြောခဲ့တဲ့ စကားကို ငါခုထိ မှတ်မိနေပါသေးတယ်။ ကျမတို့ နှစ်ယောက် ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ရှင် ကျမကို မေ့လိုက်ပါ တဲ့ကွာ။ အဲ့တုန်းက ငါငိုမိခဲ့ ပေမဲ့ ခုချိန်မှာတော့ အဲ့အကြောင်း တွေးတိုင်း အူတက်အောင် ရယ်မိနေတုန်းပါပဲ ဟား ဟား"

အဘိုး အဖြစ်က သနားစရာပါ။ ပစ္စည်းဥစ္စာတွေ ဂုဏ်ဒြပ်တွေ ကြားမှာ သူတို့ အချစ်တွေ ပျောက်ကွယ် သွားခဲ့ရ ပါပြီ။ "အဲ့မိန်းမ က တော်တော် အပြောင်းအလဲ မြန်တဲ့ မိန်းမပဲ" ကျနော် ဒေါသတကြီး တုန့်ပြန်လိုက် ပါတယ်။

"ဒေါသ မထွက်နဲ့ လူလေး၊ တချို့ လူတွေက မင်းရဲ့ အမုန်းတရား နဲ့တောင် မထိုက်တန် ပါဘူး။ သူတို့ကို ဥပေက္ခာ ပြုလိုက်တာက အကောင်းဆုံးပါ။ ဟိုး သစ်ကိုင်းပေါ်မှာ နားနေတဲ့ ငှက်တွေကို ကြည့်၊ သူတို့ဟာ ငါ့ဆီကို လာပြီး ခိုလှုံကြတယ်။ ဒါပေမဲ့ တနေ့မှာ ငါနဲ့ အဝေးဆုံးကို ပျံသန်းသွား ကြဦးမယ်။

ငါ့ကို ချစ်လို့ လာတာ ဖြစ်နိုင်ပေမဲ့ ငါ့ကို မုန်းလို့ ထွက်သွားတာတော့ မဖြစ်နိုင်ပါဘူး။ ဘာလို့လဲ ဆိုတော့ ငါက သူတို့ကို အကောင်းဆုံး ဖြစ်အောင် ဆက်ဆံခဲ့တဲ့ သူလေ။ အစာရေစာ ကျွေးတယ်၊ နားနေစရာတွေ လုပ်ပေးတယ်။

အဲ့အတွက် သူတို့ ငါ့ကို ကျေးဇူးတင်နေမှာပါ။ သူတို့ ငါ့ကို ထားပြီး ပျံသွားရက် လေခြင်း ဆိုပြီး ငိုခြင်းချနေလည်း အပိုပါပဲ။ သူတို့က ငါနဲ့အတူ တသက်လုံး နေဖို့ လာခဲ့ကြတာမှ မဟုတ်တာ" လေးနက်လှတဲ့ အဘိုးစကားတွေ ကြားမှာ ကျနော် မှင်သက်မိ သွားပါတယ်။

"အဘိုး စားဝတ်နေရေးအတွက် ဘာတွေများ လုပ်ကိုင်နေသလဲ" "ထင်းခြောက်တွေ ခုတ်တယ်၊ ရွာထဲက အိမ်တွေ လိုက်ပေးတယ်၊ ပိုက်ဆံ ရတယ် ဒါပါပဲ။ ရတဲ့ ငွေနဲ့ ဆန်ဝယ်တယ်၊ ထမင်းချက်တယ်၊ တိရစ္ဆာန်တွေ ကျွေးတယ်၊ ငါပါ စားတယ်။ ငါ့မှာ ခွေးတကောင် ရှိတယ်။ အခုသူက လယ်ခင်း စောင့်နေတယ်" "ဒါနဲ့ လယ်ထဲမှာ ဘာတွေ စိုက်ထားလို့လဲ" "စားစရာ အသီးအနှံ မျိုးစုံပဲကွ" "အသီးအနှံတွေ ကိုများ တိရစ္ဆာန်တွေ စားပါစေ"

"ဟား ဟား ငါ့ခွေးကို စောင့်ခိုင်းထားတာ တိရစ္ဆာန်တွေ မဟုတ်ဘူးကွ။ လူကို စောင့်ခိုင်းတာ။ ရှဉ့်တွေ ငှက်တွေက စားလို့ ဝရင် ပြန်သွားတာ၊ လူတွေကျတော့ ရသမျှ အကုန်ယူပြီးမှ ပြန်ကြတာကွ။ လူတွေရဲ့ လောဘက တင်းတိမ်တယ်လို့ မရှိဘူး။ ရလေ လိုလေ ပဲကွ။ ဒါကြောင့် ဆင်းရဲတယ်။ ခုငါ့မှာ ဘာမှ မရှိဘူး။ ဒါကြောင့် ငါ ဟာ အချမ်းသာဆုံး လူပဲ ဟား ဟား ဟား"

အဘိုးဟာ စကားပြောပြီးတိုင်း အားရပါးရ ရယ်မောတတ် ပါတယ်။ သူ့ဘဝမှာ စိတ်ညစ် စရာဆိုတာ ဘာလဲ မေးယူရ လောက်အောင် ပျော်ပျော်နေတတ်သူ ဖြစ်ပါတယ်။ ဒီလိုလူမျိုးကို လောကဓံသည် ပင်လျှင် ရှောင်ကွင်း၍ သွားမည်ဟု ကျနော် ယုံကြည်မိပါသည်။ "အဘိုး ဘဝမှာ အခက်အခဲတွေ ရှိခဲ့ဖူးလား"

"လူမှန်ရင် အခက်အခဲ ရှိရတယ်ကွ။ အရာရာတိုင်းဟာ လွယ်ကူနေရင် မင်းဟာ ဘယ်တော့မှ မတိုးတက်ဘူး။ အခက်အခဲ တွေ့ရင် မင်းဟာ လန်းဆန်း တက်ကြွနေရမယ်။ ဘယ်လို ဖြေရှင်းရမလဲ နည်းလမ်း ရှာရမယ်။ ကြောက်ပြနေရင် သူဟာ တောင်လို ကြီးလာလိမ့်မယ်။

မင်းသွားချင်ရာကို ရောက်ဖို့ အတားအဆီး တွေကို ရိုက်ချိုးပစ် ရလိမ့်မယ်။ အခက်အခဲ ဆိုတာ မင်းဘဝထဲကို ရုပ်ဖျက်ပြီး ဝင်လာတဲ့ အောင်မြင်ခြင်း နတ်သမီးပဲ။ အချိန်တိုင်းမှာ မင်းစိတ်ကို တည်ငြိမ်အောင် ထားပါ။

လူတော်တော်များများရဲ့ စိတ်တွေဟာ မတည်ငြိမ်ဘူး။ သူတို့ဟာ ဘာလိုချင်မှန်းလဲ မသိကြဘူး။ အဲ့တော့ သူတို့ဘဝဟာ ထွန်းတောက် မလာကြဘူး။ လမိုက်ညမှာ ခေတ္တလင်းတဲ့ ပိုးစုန်းကြူး လိုပဲ။ အချိန်တန်ရင် ပျောက်ကွယ် သွားကြတယ်။ ရခဲလှတဲ့ ဘဝကို ပေါ့ပေါ့တန်တန် တန်ဖိုးထားကြတာ အံဩစရာပဲ။

ငါ့ဘဝမှာ စိတ်ညစ်စရာတွေ၊ အခက်အခဲတွေ တွေ့တိုင်း ထမင်းကို ဝအောင်စားတယ်။ ဒါမှ သူတို့ကို ငါရင်ဆိုင် နိုင်မှာလေ။ မင်းကို ငိုအောင် လုပ်တဲ့ လောကကြီးကို ရယ်ပြ လိုက်စမ်းပါ။ မင်း ထာဝရ နိုင်သွားပါလိမ့်မယ်။ ကဲကဲ ငါသွားဦးမယ်၊ ငါ့ခွေး တယောက်တည်း ပျင်းရော့မယ်"

အဘိုးအိုက အိမ်ထဲသို့ ဝင်သွားသည်။ ကျနော်လည်း အိမ်ထဲသို့ လှမ်းကြည့်လိုက်ရာ မရှိတော့။ ထူးဆန်းသည့် အဘိုး ထူးဆန်းစွာ ပျောက်ကွယ် သွားချေပြီ။ ပတ်ဝန်းကျင်မှ ငှက်သံနှင့် ရှဉ့်အော်သံ များသည် ကျနော့်အား အိမ်သို့ ပြန်ရန် နှင်ထုတ် သကဲ့သို့ ပင် ရှိချေသည်။

အပြန်လမ်းတွင် အဘိုးအား ကျေးဇူးတင်လျက်၊ ရှိခိုးလျက်။ ငှက်သံများကား ကျွန်တော်နှင့် ဝေး၍ သွားချေပြီ။ သို့သော် အဘိုး၏ စကားသံများကား နားထဲတွင် ထပ်တလဲလဲ ကြားယောင် လျက်သာ။ ။ Crd ပေးပါတယ်ရှင်။ phoomyatchal

Post a Comment

0 Comments