ကျောင်းဒကာနှင့် သူခိုး

ဟိုးရှေးရှေးတုန်းက ကန်ကြီးလို့ အမည်တွင်တဲ့ ရွာကြီးတရွာ ရှိသတဲ့။ အဲဒီရွာရဲ့ ကျောင်းထိုင် ဆရာတော်ကြီးဟာ ဦးအဘယလို့အမည် ရှိပါ တယ်။ ဆရာတော်ကြီးဟာ ရွာကျောင်းမှာ ပိဋကတ်သုံးပုံ ကုန်စင်အောင် ပရိယတ္တိစာပေတွေ သင်ကြားပြီးတဲ့ အခါမှာ အဲဒီရွာရဲ့ မနီးမဝေး တောအုပ်ကြီးထဲမှာ တပါးတည်း သီတင်းသုံး တောရ ဆောက်တည်ပြီး နေတယ်။

ကန်ကြီးရွာက သဒ္ဓါတရား ထက်လှတဲ့ ဒကာတယောက်ဟာ ဆရာတော်ကြီး ဦးအဘယကို တောရ ကျောင်းတဆောင်ဆောက်လုပ် လှူဒါန်းပြီး ပစ္စည်းလေးပါး ဒါယကာ အဖြစ် (၁၂) နှစ်တိုင် ရိုသေ မြတ်နိုးစွာ ပြုစု လုပ်ကျွေးနေသတဲ့။

အဲဒီကျောင်းဒကာဟာ ဝါဆို၊ သီတင်းကျွတ်၊ ကထိန်ကာလ တွေမှာ ဆရာတော်ကြီးကို သင်္ကန်းချုပ်ရန်အတွက် အထည်ပိတ်အုပ် တွေ နှစ်စဉ် မပျက် မကွက် လှူဒါန်းပါတယ်။

ဆရာတော်ကြီးက ဝိနည်းတော်နဲ့ လျော်ညီအောင် ပိတ်စတွေကို ကိုယ်တိုင် ဖြတ်ချုပ် ဆေးဆိုးပြီး သင်္ကန်းအဖြစ် ဝတ်ရုံတာကိုး။ ဒါပေမယ့် ဆရာတော်ကြီး ဝတ်ရုံတဲ့ သင်္ကန်း တွေဟာ အမြဲတမ်း ဟောင်းနွမ်း စုတ်ပြဲနေတာကိုပဲ ကျောင်းဒကာက တွေ့ရသတဲ့။

အကြောင်းကတော့ ဒါယကာတွေ လှူဒါန်းတဲ့ ပစ္စည်းအဝဝကို ကျောင်းဒကာနဲ့ အိမ်နီး နားချင်းဖြစ်တဲ့ ဦးဟန်ပ ဆိုတဲ့သူခိုးတယောက်ဟာ တောရကျောင်းကနေ အမြဲ ခိုးယူနေလို့ပဲ။

တနေ့တော့ ကျောင်းဒကာဟာ ငါဟာ အရှင်ဘုရားကို သင်္ကန်း အထည်စ ပိတ်အုပ်တွေ နှစ်တိုင်းမပြတ် လှူဒါန်းနေ တာပါ။ ဒါပေမယ့် အဲဒီ အထည်တွေကို အရှင်ဘုရား သင်္ကန်းချုပ်ဝတ်တာ သိမ်းထားတာ၊ အခြား ရှင်ရဟန်းတွေကို ပေးကမ်း လှူဒါန်းတာ တခါမျှလည်း မမြင်ဖူးသေးဘူး။

ဒီလို ဖြစ်တာ အကြောင်းထူး ရှိကို ရှိရမယ်လို့ တွေးမိကာ ဒီနေ့တော့ အဲဒီအကြောင်း စုံစမ်းဦးမှပဲ ဆိုပြီး ညနေ မိုးချုပ် နေဝင်သွားတဲ့အခါ ဓါးတချောင်း လက်စွဲပြီး ကျောင်းအနီး ခရီးလမ်းမမှာ ကင်းပုန်းဝပ်ပြီး စောင့်နေသတဲ့။

အဲဒီအခါ သူခိုးဦးဟန်ပကလည်း မနက်ခင်းက ဒကာတွေ ကျောင်းတော်မှာ အလှူ လုပ်လို့ ပိတ်အုပ်တွေ ရှိတာကို သိတာနဲ့ အဲဒီပိတ်အုပ်တွေ ခိုးယူဖို့ အတွက် အိမ်မှ တိတ်တဆိတ်ထွက်၊ ကျောင်းပေါ်တက်ပြီး အဲဒီ ပိတ်အုပ်တွေ အကုန် ထုပ်ယူကာ ဟန်မပျက် လမ်းမဘက် ထွက်လာခဲ့တယ်။

အဲဒီလို ကျောင်းက ပိတ်အုပ်တွေခိုးလာတဲ့ ဦးဟန်ပကို လမ်းက စောင့်ဖမ်းတဲ့ ကျောင်းဒကာက ခိုးထုပ်ခိုးထည်နဲ့ လက်ပူးလက်ကြပ် မိတာမို့ ကျောင်းပစ္စည်း သံဃာပစ္စည်း ခိုးယူရကောင်းလား ဆိုတဲ့ ဒေါသနဲ့ သူခိုးဦးဟန်ပကို မေ့မြောအောင် ခြေလက်နဲ့ ကန်ကြောက်ပုတ်ခတ်မိသတဲ့။

မြေပေါ်မှာ မေ့လဲနေတဲ့ သူခိုးဦးဟန်ပကို ကျောင်းဒကာက ဒီသူခိုးတော့ မှတ်လောက် သားလောက်အောင် ဆုံးမဦးမှပဲလို့ ဆိုပြီး သူသေကောင် ပစ်ရာ သုဿန်ကို ထမ်းယူ သွားပြီး အကောင် မပျက်သေးတဲ့ လူသေ အလောင်းတခုနဲ့ ကျောချင်းကပ် လက်ချင်း ချိန်ကာ ဦးခေါင်းကနေ ခြေဖျားအထိ ခိုင်ခိုင်မြဲမြဲ တုတ်နှောင်ပြီး ပစ်ချထားခဲ့ သတဲ့။ ပြီးမှ ခိုးယူလာတဲ့ အဝတ်ထုပ်ကို ထမ်း ရွာ လမ်းအတိုင်း အလျင်အမြန် ပြန်လာပြီး ရွာလယ်မှ ရွာလူထုကို စုဝေးစေကာ ပြောသတဲ့။

"ရွာသူရွာသား အပေါင်းတို့ အခု ငါပြောမယ့် စကားကို သေချာ နားစွင့်ကြကုန်။ အခုည ငါတို့ရွာထဲကို လူသေအလောင်း တခု ပူးထားတဲ့ ဘီလူးတကောင် ဝင်လာမယ် ဆိုတဲ့ သတင်းစကား ငါကြားရတယ်။ ဒီတော့ ရွာသူရွာသား အားလုံးဟာ ကိုယ့်အိမ်တံခါးတွေ ကိုယ် လုံခြုံအောင် ပိတ်ပြီး တိတ်တိတ် နေကြရမယ်။ တကယ်လို့ ဘီလူးက ငါဟာ ဘယ်သူဘယ်ဝှါ ဘယ်သူ့သားပါလို့ စကားပြောပြီး ဝင်ခွင့် တောင်းရင်တောင်မှ ဘယ်သူမှ တံခါး ဖွင့်မပေးလိုက်ကြနဲ့" လို့ ပြောလိုက်တယ်။ ရွာသူရွာသားအားလုံးလည်း ထိတ်လန့် ကြောက်ရွံ့ပြီး အားလုံး ပုန်းအောင်းကုန် ကြတယ်။

ညသန်းခေါင်ယံလောက် ရောက်တဲ့ အခါ သုဿန်မှာ မေ့မြောနေတဲ့ သူခိုးဦးဟန်ပဟာ သတိရလာပြီး တွဲချီထားတဲ့ လူသေ အလောင်းကို ဘယ်လိုမှ ချွတ်လို့ မရတဲ့ အခါ အဲဒီ အလောင်းကောင်ကြီးကို ထမ်းပိုးပြီး ရွာတွင်းသို့ ဝင်လာခဲ့တယ်။

ရွာသူရွာသားတွေဟာ သူတို့ရွာထဲ တကယ့်ဘီလူး ဝင်လာပြီလို့ ထင်ပြီး အားလုံး ကြောက်ရွံ့နေ ကြတယ်။ သူခိုးဦးဟန်ပဟာ သူ့မိန်းမရဲ့ နေအိမ်က စပြီး အမေအဖေ၊ ဆွေမျိုး မိတ်ဆွေတွေ ရဲ့ အိမ်တွေ အားလုံးကို လိုက်ပြီး တံခါး ဖွင့်ပေးဖို့ တောင်းပန်ပြောဆိုပေမယ့် ဘီလူးထင်လို့ ဘယ်သူကမှ တံခါးဖွင့် မပေးကြဘူးတဲ့။

နောက်ဆုံး ကယ်သူမဲ့နေတဲ့ ဦးဟန်ပဟာ တောရကျောင်း ဆရာတော်ကြီးကို သတိရပြီး တောရကျောင်းသို့ သွားကာ "ဆရာတော်ဘုရား၊ တပည့်တော် ဒုက္ခကြီးစွာ ရောက်လာပါတယ်။ ကယ်တော်မူပါ ဘုရား" လို့ လျှောက်ထားလိုက်တယ်။

အဲဒီအခါ ဆရာတော်ကြီးဟာ သူခိုးဦးဟန်ပရဲ့ အဖြစ်ကို မီးအိမ်ရဲ့ အလင်းရောင် အောက်မှာ မြင်ရလို့ အင်မတန် သနားကြင်နာသတဲ့။ အလောင်းကောင်ကို ဖြုတ် ရေနွေးနဲ့ ရေချိုးစေပြီး ခန္ဓာကိုယ်ပေါ်က ဒဏ်ရာ တွေကို မုန်းညင်းဆီနဲ့ လိမ်းသုတ်ကာ ကိုယ်တော်တိုင် နိုပ်နှယ်ပေးတော် မူတယ်။

မနက်မိုးလင်းချိန်မှာ ကျောင်းဒကာဟာ ညက သူခိုးဟာ ဘယ်အရပ်များ ရောက်သွားလေလဲ လို့ စုံစမ်း ရှာဖွေရင်း တောရ ကျောင်းဆရာတော်ထံ ဝင်ရောက် ဖူးမြော်တဲ့အခါ သူခိုးရဲ့ နောက်ကျောကို မုန်ညင်းဆီနဲ့ နှိပ်နှယ်ပေးနေတဲ့ ဆရာတော်ကို မြင်တွေ့တာမို့

"ဆရာတော်ဘုရား သူခိုး ဆိုတာ ကျေးဇူးသိတတ်တာ မဟုတ်ဘူး ဘုရား။ ကျေးဇူးရှင် ဆိုပြီး ကျေးစွပ်တာပဲ ရှိတယ်ဘုရား။ အရှင်ဘုရား ဆိုဆုံးမရင် နောက်မခိုးတော့ ပါဘူးလို့ ပြောပေမယ့် ဆက်ပြီး ခိုးနေဦးမှာပဲ ဘုရား။ မိရင်းဖရင်း ကတောင် ရှောင်တဲ့ ဒီလို သူခိုးမျိုးကို အရှင်ဘုရား အရောတဝင် မဆက်ဆံချင်ပါနဲ့ ဘုရား" လို့ လျှောက်သတဲ့။

အဲဒီအခါ ဆရာတော်ဘုရားကြီးက "ဒကာတော် သူတော်ကောင်း ဆိုတာ သူတပါး ကောင်းလာအောင် ကိုယ်က ကောင်းပေးရတယ်။ သူတော်မှ ကိုယ်ကောင်းနိုင်မယ် ဆိုတာမျိုး မဖြစ်ရဘူး။ နားကိုက်ရင် ပါးရိုက်မယ် ဆိုတာမျိုးက လူမိုက်အလုပ်ကွဲ့။

မှားယွင်းတဲ့ သူတွေအပေါ် မေတ္တာ ထားတာကိုပဲ ဘုရားရှင်က ချီးမွန်းတော်မူတယ် ဒကာရဲ့။ ဒါကြောင့် ကျောင်းဒကာဟာ မောင်ဟန်ပ အပေါ်မှာ အငြိုး မထားပါနဲ့ကွယ်" လို့ ဆုံးမသြဝါဒ ပေးတော်မူပါတယ်။

ဒီလိုနဲ့ တောရကျောင်း ဆရာတော်ဟာ သူခိုးဦးဟန်ပကို ဒဏ်ရာတွေ ပျောက်ကင်းပြီး နေကောင်းတဲ့ အထိ ကျောင်းမှာ သုံးလေးရက် ထားပြီးတဲ့အခါ အိမ်ကို ပြန်ခွင့်ပြု ပါတယ်။ အဲဒီအခါ ဦးဟန်ပက

"အရှင်ဘုရား တပည့်တော်ဟာ မသေပဲနဲ့ဘဝပြောင်းတဲ့ လူလို ဖြစ်နေပါပြီ ဘုရား။ တပည့်တော် ခုလို ဖြစ်ပျက် ပြီးတဲ့နောက် လူဝတ်ကြောင် အဖြစ်နဲ့ မနေလို တော့ပါဘူး ဘုရား။ အရှင်ဘုရားဟာ တပည့်တော်ကို သနားကြင်နာသမှု ပြုလက်စနဲ့ ဆက်လက်ပြီး စောင့်ရှောက်ပေးတော် မူပါဘုရား။ တပည့်တော် အရှင်ဘုရားထံမှာ ဦးပဉ္စင်းဘဝနဲ့ ရဟန်းပြုပါရစေ" လို့ လျှောက်ထား တောင်းပန်ပါတယ်။

ဆရာတော်ကြီးက ရဟန်းပြုပေးပြီးတဲ့ အခါ ဦးဟန်ပ တဖြစ်လဲ ဦးပဉ္စင်း အရှင်သောဘနဟာ ဘုရားရှင် ပညတ်တော် မူတဲ့ ဝတ်ကြီးဝတ်ငယ်ကို ပြည့်စုံအောင် ဖြည့်ကျင့်ပြီး ဝိပဿနာ ဘာဝနာကို ကြိုးစား ရှုမှတ်တာမို့ မကြာခင်မှာပဲ အရဟတ္တမဂ် အရဟတ္တဖိုလ်ကို ရပြီး ရဟန္တာအရှင် သောဘနမထေရ်လို့ ထင်ရှားလာ သတဲ့။

ဒီဓမ္မပုံပြင် ကလေးရဲ့ ဆိုလိုချက်ကတော့ (၁) သဘာဝ မူရင်းတန်ဖိုး ဖြစ်ကြောင်း (၂) လူ့ရဲ့ မူရင်းတန်ဖိုး အရ လူတိုင်းရဲ့ ဂုဏ်သိက္ခာကို ဗြဟ္မစိုရ်တရားနဲ့ အညီ လေးစားမြတ်နိုးရမှာ ဖြစ်ကြောင်းနဲ့ (၃) အသိအလိမ္မာ ဉာဏ်ပညာကသာ လူကို အဆိုးသံသရာမှ ထုတ်ဆယ်ကာ အမြင့်ဆုံး လူ့ဂုဏ်ရည်နှင့် လူ့တန်ဖိုးကို ပေးအပ်နိုင်မှာ ဖြစ်ကြောင်းတို့ပဲ ဖြစ်ပါတယ်။ တိပိဋကယောဆရာတော်ကြီး

Post a Comment

0 Comments