ရိုးသားသူနှင့် ခိုးစားသူ

တခါတုန်းက ရွာတရွာရဲ့ အနီးအနား တောအုပ်လေး တခုမှာ ကျီးကန်း တကောင်နဲ့ ဗျိုင်း တကောင်ဟာ အဆွေခင်ပွန်း ဖွဲ့ပြီးနေထိုင်ကြ ပါတယ်။ သူတို့ နှစ်ဦးဟာ မနက်ဆို အစာရှာ ထွက်ပြီး ညနေဆို ပြန်လာကြ ပါတယ်။

ဗျိုင်းက မြစ်ချောင်းတွေမှာ အစာရှာ ထွက်ပါတယ်။ ကျီးကန်း ကတော့ အနီးအနား ရွာမှာပဲ အစာရှာ ထွက်ပါတယ်။ ဗျိုင်းက အစာကို မြစ်ချောင်းဝမှာ အကြာကြီး ထိုင်စောင့်ပြီးမှ ရတယ်။ တချို့နေ့တွေ မှာဆို ငါးမရလို့ အစား မစားရတဲ့ နေ့တွေလည်း ရှိခဲ့တယ်။

ကျီးကန်း ကျတော့ ဗျိုင်းနဲ့ မတူပါဘူး။ အစာရေစာ ပေါပါတယ်။ ရွာထဲက အိမ်တွေ အပြင် ထုတ်လှန်းတဲ့ ပဲတွေ၊ စပါးတွေ၊ ငါးတွေ အခြား စားစရာ တွေကို လစ်ရင် လစ်သလို သုတ်ချီ သွားတယ်။ ဗျိုင်းလို အဝေးကြီးမှာ ရှာစရာ မလိုဘူးပေါ့။

ဒီလိုနဲ့ တနေ့မှာ အစာရှာ မထွက်ခင် ကျီးကန်းက "အဆွေဗျိုင်း သင့်ကို ကြည့်ရတာ အရမ်း ပင်ပန်းလိုက်တာ။ ဆည်ဝမှာ ငါးတွေ စောင့်ရလွန်းလို့ ထင်တယ်။

လည်းပင်းတောင် ခါတိုင်းထက် ပိုရှည်လာ သလိုပဲ။ ငါဆိုရင် ဘယ်လောက် သက်သာသလဲ အစာတွေ ကလည်းပေါ လုံးဝ ဇိမ်ပဲကွာ အသင့်ကို သနားလိုက်ပါဘိ" လို့ပြောသတဲ့။

ဒီအခါမှာ ဗျိုင်းက "အဆွေ ကျီးကန်းက ငါ့ကို ကရုဏာ ဖြစ်တာ သိရလို့ ဝမ်းသာပါတယ်။ ဒါပေမယ့် ကျုပ်ဟာ ငတ်တလှည့် ပြတ်တလှည့် ဖြစ်ပေမယ့် သမာအာဇိဝ ကျကျ ရှာစားရလို့ စိတ်ချမ်းသာ သလို အန္တရာယ်လည်း ကင်းတယ်။

အသင် ကျီးကန်းက ခိုးဝှက် စားသောက် ရလို့ အသက်အန္တရာယ် ရှိသလို ဘယ်သောအခါ မှလည်း စိတ်မငြိမ်းချမ်းဘူး အမြဲတမ်း စိုးရွံ့ ထိတ်လန့်နေရတယ်။ ဖြစ်နိုင်ရင် ငါ့လိုပဲ ရိုးရိုးသားသား ရှာစားပါလား" လို့ ပြန်ပြော လိုက်တယ်။

ကျီးကန်းကတော့ မိတ်ဆွေ ဗျိုင်းရဲ့ စကားကို နားမထောင်ပဲ "ငါ အစာရေစာ ပေါများတာကို မနာလို လို့ပြောတာပဲ" ဆိုပြီး စိတ်ကြီးဝင်ကာ နေ့စဉ် အရင်လိုပဲ ရွာဘက်မှာပဲ အစာရှာ ထွက်တာပေါ့။

ဒီလိုနဲ့ ညနေရောက်လို့ အိပ်တန်း ပြန်ရောက်တဲ့ အခါ ဗျိုင်းဟာ မိတ်ဆွေ ကျီးကန်းကို မတွေ့ရလို့ စိတ်ပူပြီး အနီးအနား ရွာကို စနည်းနာ ထွက်တာပေါ့။ ရွာနားက အပင်ကြီးပေါ် ခဏ နားနေတုန်း အပင်အောက်က နွားကျောင်းသားလေး သူ့သူငယ်ချင်းကို ပြောတဲ့ စကားသံ ကြားလို့ နားစွင့်လိုက် မိတယ်။

"နေ့လည်က ငါ ထမင်းစား ပြန်တုန်း အိမ်ရှေ့မှာ ငါးခြောက် လှန်းထားတာကို ကျီးကန်းတကောင် လာဆွဲတာ မြင်လို့ လောက်လေးဂွနဲ့ ဆော်ထည့် လိုက်တာ ကျီးကန်းလည်း ဂန့်သွားတာပဲ" လို့ ပြောသံ ကြားရတဲ့ အခါမှာတော့ ဗျိုင်းလည်း သူ့သူငယ်ချင်း ကျီးကန်း အတွက် စိတ်မကောင်းရုံက လွဲပြီး ဘာမှ မတတ်နိုင်ပဲ ပြန်လာခဲ့ ရပါတော့တယ်။

သမာအာဇိဝ ကျကျ ရှာဖွေ စားသောက်ခြင်းက စိတ်အေး ချမ်းသာသလို အန္တရာယ်လည်း ကင်းကြောင်းကို ဒီပုံပြင်လေး ကနေ သင်ခန်းစာ ပေးထားတာပဲ ဖြစ်ပါတယ်။ KM

Post a Comment

0 Comments