အနေသာရင် အသေနာမယ်

သားဖြစ်သူကို အဖေဖြစ်သူက ပြောတယ်။ "သား၊ မင်း အလုပ် မလုပ်တော့ ဘူးလား။ ကျောင်းပြီးတာလည်း ကြာပြီကွာ၊ အဖေတို့ ကျန်းမာရေး ကောင်းတုန်းတော့ သား အလုပ် မလုပ်လည်း ရပါတယ်။ ဒါပေမယ့် အဖေတို့ မရှိတော့ရင် ဘယ်သူ့ကို အားကိုးမလဲ။

သား အိမ်ထောင်ပြုရင် အိမ်ထောင်ဦးစီး တာဝန်ကို ဘယ်လို ယူမလဲ။ သား လုပ်ကျွေးတာကို မိဘတွေက မျှော်လင့်လို့ မဟုတ်ပါဘူးကွာ၊ မိဘတွေက ဂုဏ်ယူပြီး ကြွားချင်လို့ပါကွာ"

သားဖြစ်သူက "ဖေဖေ သား အလုပ် စဉ်းစားနေတုန်းပါ၊ ရတဲ့ အလုပ်က သား ရထားတဲ့ ဘွဲ့နဲ့ မတန်ပါဘူးဗျာ။ သားနဲ့ ထိုက်တန်တဲ့ အလုပ် တွေ့ရင် လုပ်မှာပါ ဖေဖေ" လို့ ပြန်ပြောတယ်။

"သား အဲဒီလို အကြောင်းပြချက် ပေးခဲ့တာ ဘယ်လောက် ကြာပြီလဲ၊ လူဆိုတာ အလုပ် တခုတော့ လုပ်ရတယ်။ ဦးနှောက် ဆိုတာ ပုံမှန် သွေးနေမှ ထက်သလို လူဆိုတာလည်း အလုပ် ပုံမှန်ရှိမှ မြတ်တာ။

သားကို အဖေ မေးမယ်။ ခုချိန်မှာ သား ထမင်း စားဖို့တောင် ပူပင်နေရပြီ ဆိုရင် သားရထားတဲ့ ဘွဲ့နဲ့ ပညာနဲ့ မထိုက်တန်ဘူး ဆိုပြီး ရတဲ့ အလုပ်ကို မလုပ်ဘဲနဲ့၊ သားနဲ့ ထိုက်တန်တဲ့ အလုပ်ကို စောင့်နေမှာလား" ဆိုတော့ သား ဖြစ်သူက ခေတ္တမျှ စဉ်းစားပြီး "စောင့်နေရင် ထမင်းငတ် မှာပေါ့ ဖေဖေ"

"အေးလေ သား သင်ကြားခဲ့တဲ့ ပညာတွေ ကပဲ မြင့်လွန်းနေ တာလား၊ သားကပဲ အတတ် ကျူးနေတာလား၊ မပြောတတ်တော့ ပါဘူးကွာ။ သားကို ဖေဖေပြောမယ်။ တွေးပါ ဆုံးဖြတ်ပါ။ အနေသာလို့ အသာနေရင် အသေနာ တတ်တယ်။ နေသလို မဖြစ်တဲ့ ဘဝမှာ ဖြစ်သလို နေခဲ့ရင် နေသလို ဖြစ်မှာပဲ"

"သားကို ရှင်းပြပါအုံး ဖေဖေ" ဆိုတော့ အဖေ ဖြစ်သူက ရှင်းပြပါတယ်။ "ငါ မလုပ်လည်း ဖြစ်တယ် ဆိုပြီး နေသာသလို အပျင်း ထူခဲ့ပြီး အသာလေး နေခဲ့ရင် အသက် ကြီးရင့်လာတဲ့ အချိန်မှာ ရောဂါကြီးကြီး ဖြစ်လာခဲ့ရင် ကောင်းကောင်း မသေရဘူး။ တရားဓမ္မလည်း အေးအေးချမ်းချမ်း အားထုတ်နိုင် လောက်အောင် ဆန်အိုးထဲမှာ ဆန်မရှိဘူး။

အူမတောင့်မှ သီလ စောင့်နိုင်မယ် ဆိုတဲ့ စကားပုံအရ အူမ တောင့်အောင် မရှာခဲ့တော့ သီလလည်း မဆောက်တည် နိုင်ခဲ့ဘူး။ အဲဒါကြောင့် သေလမ်းခရီး မဖြောင့်ဖြူးပဲ၊ အသေနာ တတ်တယ်။

ဘဝဆိုတာ တိုက်ပွဲတခုပါ သား။ ဘဝ ဆိုတဲ့ တိုက်ပွဲကို ကြောက်ရွံ့နေပြီး နေသလို မဖြစ်တဲ့ ဘဝမှာ တိုက်ပွဲကို ရှောင်ပုန်း၍ ဖြစ်သလို နေခဲ့မယ် ဆိုရင် ဘဝက မိမိ နေထိုင်ခဲ့တဲ့ အတိုင်း ဖြစ်သလို ဘဝ ဖြစ်နေမှာပါ။

ကိုယ်စိုက်တဲ့ အပင်က အသီးကို ကိုယ်ပဲ အကျိုးခံစားခွင့် စားသုံးခွင့် ရမှာပါ။ ချဉ်ပေါင်ပင် စိုက်ပြီး ပန်းသီး စားချင်လို့တော့ မရဘူး သား။ အဲဒီတော့ ဖေဖေ ပြောချင်တာ ကတော့ နေသလို မဖြစ်တဲ့ ဘဝမှာ ဖြစ်သလို မနေဘဲ ဘဝကို မိမိကိုယ်တိုင် အကောင်းဆုံး ဆေးခြယ် အရောင်တင်မှ မိမိဘဝက တောက်ပြောင် ခမ်းနားလာမှာပါ သား"

သားဖြစ်သူသည် ဖေဖေ၏ စကားဆုံးသောအခါ သူ့အဖေကို စိုက်ကြည့်ပြီး "အဲဒါကြောင့် ဖေဖေကို လူတွေက လေးစား တန်ဖိုးထား ကြပြီး မိသားစုရဲ့ နေမင်းကြီး ဖြစ်နေတာပါ ဖေဖေ။ ဖေဖေ့ကို သား ကတိပေးပါတယ်။ သား နေသာသလို မနေတော့ ပါဘူး။ သား ဘဝကို သားကိုယ်တိုင် အရောင် တောက်ပြောင်အောင် ကြိုးစားပါတော့မယ်နော် ဖေဖေ" Crd

Post a Comment

0 Comments