စွဲလမ်းမှု တဏှာ

တခါတုန်းက တောရွာလေး တရွာမှာ မျောက်တကောင်ဟာ လူမရှိတဲ့ အိမ်ထဲကို ပွင့်နေတဲ့ ပြတင်းပေါက် ကနေ ဝင်လာတယ်။

မျောက်ဟာ မီးဖိုချောင်မှာ ထန်းလျက်ခဲတွေ ထည့်ထားတဲ့ စဉ့်အိုး တလုံးကို တွေ့လို့ အဖုံးကို မယူဖွင့်ပြီး ထန်းလျက်ခဲ တလုံးကို နှိုက်စား လိုက်တယ်။ ကြိုက်လွန်းလို့ နောက်ထပ် ထန်းလျက်ခဲ နှစ်လုံး ထပ်ယူစား ပြန်တယ်။

နောက်တော့ စိတ်မထိန်း နိုင်တော့လို့ လက်တဆုပ်စာ ထန်းလျက်ခဲတွေ နှိုက်ယူ လိုက်တယ်။ အဲ့ဒီမှာ သူ့လက်ကို ပြန်ဆွဲထုတ် လိုက်တော့ သူ့လက်ကို နှုတ်မရတော့ဘူး။ သူ့လက်သီးဆုပ်ဟာ အိုးအဝ အကျဉ်းလေးမှာ တစ်နေပြီ။

ဒီတော့ သူ့လက်လွှတ်အောင် အတင်းရုန်းလို့ ထန်းလျက်အိုးလည်း လှုပ်ခါနေပြီး အသံတွေ ထွက်လာတယ်။ အိမ်းနီးချင်း တွေက အသံ ကြားပြီး လာကြည့် လိုက်တော့ မျောက်ကို တွေ့သွားကြပြီး အော်ဟစ် မောင်းထုတ် ကြတယ်။

ဒါပေမဲ့ မျောက်ဟာ သူ့လက်သီးဆုပ်ကို မဖြည်တော့ အိုးထဲက လက်ကို ထုတ်မရ တာကြောင့် မပြေးနိုင် ဖြစ်ပြီး ရွှာသားတွေရဲ့ တုတ်တွေနဲ့ ရိုက်နှက်တာ ခံရပြီး သေသွားရတယ်။

ဒီပုံပြင်လေးကို ဖတ်ပြီး ဒီမျောက်ဟာ တော်တော် တုံးတဲ့ သူပဲ။ လက်သီး ဆုပ်ထားတာ ဖြည်ပြီး ထွက်ပြေးရင် ရလျက်သားနဲ့ လို့ မှတ်ချက် ပေးကြလိမ့်မယ်။ ကျွန်တော်ကတော့ ဒီပုံပြင်နဲ့ ပတ်သတ်ပြီး အခုလိုမျိုး တွေးမိပါတယ်။

မျောက်ဟာ ထန်းလျက်ခဲ တွေကို စွဲလမ်းတပ်မက်တဲ့ တဏှာကို မစွန့်နိုင်လို့ သေသွား ရတယ်။ ဒီလိုပါပဲ လူတွေ မှာလည်း တဏှာကြောင့် ဘဝပျက် သွားတာတွေ အများကြီးပါ။

တဏှာ ဆိုလို့ ဖိုမ ကိစ္စ တခုတည်းပဲ မဟုတ်ပါဘူး။ တစုံတရာကို စွဲလမ်း တပ်မက်ခြင်းကို လည်း တဏှာ လို့ ခေါ်ပါတယ်။ စွဲလမ်းမှု ကြီးရင် မျောက်လိုပဲ ဒုက္ခရောက် လိမ့်မယ်။

ဥပမာ အရက်သောက်တယ်၊ ပိုက်ဆံ ကုန်တယ်၊ ရောဂါ ရမယ်။ ဒါပေမဲ့ အရက်ကို မသောက်ရ မနေနိုင်အောင် စွဲလမ်းပြီး ဖြတ်မရလို့ နောက်ဆုံး အသည်းကျွမ်းပြီး သေသွားနိုင်တယ်။

ထို့နည်းတူပဲ လူငယ်လေးတွေ ဂိမ်း မကစားရ မနေနိုင် လောက်အောင် စွဲလမ်းသွားရင်၊ အလွန်အကျွံ ကစားရင် အသက် မသေရင်တောင် မျက်စိ ထိခိုက်နိုင်ပါတယ်။ နောက်ဆုံး စာမေးပွဲကျ လူ့အောက်ကျ နောက်ကျ ဘဝမှာ တသက်တာ ကုန်ဆုံး သွားရမှာပဲ။

နိုင်ငံခြားမှာ လူငယ်တချို့ ကွန်ပျူတာဂိမ်းကို နှစ်ရက်သုံးရက် မအိပ်ဘဲ ကစားရင်း နှလုံးရပ် သေသွားတဲ့ ဖြစ်ရပ်တွေ ရှိပါတယ်။ (professional gamer တွေကို ပြောတာ မဟုတ်ပါ။ professional gamer တွေကတော့ စည်းစနစ် ကျကျနဲ့ အလုပ် လုပ်ကြတာပါ)

လူတွေဟာ စွဲလမ်း တပ်မက်ခြင်း တဏှာလို့ ပြောရင် ဘာသာရေး ကိစ္စလို့ မြင်ကြတယ်။ တကယ်တော့ လူတွေ နေ့စဉ် သတိမထားမိတဲ့ စွဲလမ်းမှု တွေမှာ အရမ်း အားသန်သွားရင် မိမိဘဝ ထိခိုက်မယ် ဆိုတာ သတိပြုစေ ချင်ပါတယ်။

မနက်မိုးလင်း ကတည်းက အိပ်တဲ့ အချိန်ထိ ဖုန်း Screen လေး ပွတ်ရင်း Facebook ကြည့်နေတာ ကလည်း စွဲလမ်းတပ်မက်ခြင်း တဏှာ ဆိုတာ သတိပြုစေ ချင်ပါတယ်။

ကျွန်တော်လည်း အဲ့ဒီ တဏှာကနေ ရုန်းထွက်ဖို့ ကြိုးစားနေဆဲလူပါ။ အောင်မြင်ခါ နီးပါပြီ။ ဒါကြောင့်မို့ ကျွန်တော်တို့ကို ကျွန်တော်တို့ သတိပြုမိ ထားရင် အဘယ်အရာမှာ မဆို ကြိုးစားပြီး သတိထားရုံက လွှဲပြီး "တန်ဆေး လွန်ဘေး" မဖြစ်အောင် ဆောင်ရွက် ကြရပါမယ်။ Crd

Post a Comment

0 Comments