ကင်းခြေများနှင့် ဖား

တခါတုန်းက ဖားတကောင်က ကင်းခြေများ တကောင် လမ်းလျှောက်လာတာကို မြင်တော့ ဒီလို တွေးမိပါတယ်။ "ငါ့မှာ ခြေနှစ်ချောင်း လက်နှစ်ဖက်ပဲ ရှိတာတောင် လမ်းလျှောက်ရတာ ခက်ခဲတယ်။ တခါတလေ ဘယ်ညာ မှားပြီး ခြေလှမ်းတွေ လွဲနေတတ် သေးတယ်။

ဒါပေမဲ့ ဒီကောင်ကြီးက ခြေထောက်တွေ မရေတွက် နိုင်အောင် ရှိနေတာ ဘယ်လိုများ လမ်းလျှောက်သလဲ မသိဘူး။ တော်တော် ထူးဆန်းတာပဲ။ ဒီကင်းခြေများက ဒီခြေထောက်က အရင်လှမ်း ဟိုခြေထောက်က နောက်မှလှမ်း ဆိုပြီး သူ့ခြေထောက်တွေကို ဘယ်လိုများ ထိန်းချုပ်သလဲ မသိဘူး"

အဲဒါနဲ့ ဖားက ကင်းခြေများကို သွားပြီး မေးလိုက်တယ်။ "ဒီလောက်များတဲ့ ခြေထောက်တွေနဲ့ မင်းဘယ်လို လမ်းလျှောက်သလဲကွာ။ ငါ သေသေချာချာ စဉ်းစားကြည့်ပြီးပြီ ဒါပေမဲ့ ဘယ်လိုမှ စဉ်းစားလို့ မရခဲ့ဘူး။ ခြေထောက် တချောင်းချင်းစီကို ထိန်းချုပ်နိုင်ဖို့ ဆိုတာ တော်တော် မလွယ်တဲ့ ကိစ္စပဲ"

ကင်းခြေများက "ငါလည်း မွေးကတည်းက ဒီလိုပဲ လျှောက်လာခဲ့တာ။ ဒီကိစ္စကို တခါမှ မတွေးဖူးပါဘူး။ ဒါပေမဲ့ မင်း လာမေးပြီ ဆိုတော့လည်း အဖြေရှာရ မှာပေါ့။ နေအုံး ငါ စဉ်းစားလိုက် အုံးမယ်" ဆိုပြီး တအောင့်လောက် ရပ်ပြီး တွေးကြည့် နေတယ်။

အဲ့ဒီ အတွေးမျိုးဟာ ကင်းခြေများ အတွက် ပထမဆုံးသော အတွေးဖြစ်တယ်။ ဘယ်ခြေထောက်ကို အရင် ရွေ့ရမလဲ၊ ဘယ်ခြေထောက်ကို ကျတော့ နောက်မှ ရွေ့ရမလဲ လို့ ကင်းခြေများဟာ စဉ်းစားရင်းနဲ့ ခေါင်းခြောက် လာပါတယ်။

အဲဒီလိုနဲ့ ကင်းခြေများဟာ ခြေထောက် တချောင်းချင်းစီကို စ လှမ်းကြည့်လိုက်တဲ့ အခါ ခြေလှမ်တွေ မှားပြီး တည့်တည့်တောင် မလျှောက်နိုင်ပဲ ကို့ယို့ ကားယားတွေ ဖြစ်ကုန် ပါလေရော။

အဲဒါနဲ့ ကင်းခြေများက ဖားကို "မင်း နောက်တခါ ဒီလို မေးခွန်းမျိုး တခြား ကင်းခြေများတွေကို ဘယ်တော့မှ သွားမမေးမိ စေနဲ့ နားလည်လား။ ငါ့ဘာသာ ဒီပုံစံ အတိုင်း လမ်းလျှောက်လာခဲ့တာ ဘာပြသနာမှ မရှိခဲ့ဘူး။

အခု မင်းမေးခွန်းကြောင့် ငါလမ်းလျှောက်ရ တာတောင် ခက်ကုန်ပြီ။ ဘယ်ခြေထောက်ကို အရင် စလှမ်းရမှန်း မသိတော့ဘူး။ ဘယ်လို လုပ်မလဲ" လို့ ပြန်ပြောလိုက် ပါတော့တယ်။

ကျနော်တို့ တတွေလည်း ဒီအတိုင်း နေနေကြတာ အရမ်း အေးချမ်း လှပါပြီ။ ဒါပေမဲ့ တခြားလူတွေက သူတို့ ပြသနာ အသီးသီးတွေ ယူလာပြီး ပြောကြတယ်။ အဲဒီအခါ ကိုယ်က သွားနားထောင်ပြီး သူတို့နဲ့အတူ စိတ်ညစ် စိတ်ရှုပ်ရ တတ်ပါတယ်။ ဘဝဆိုတာက နေလို့ရ စားလို့ လောက်ငှနေရင် ဘာမှ ပူလောင်စရာ မရှိပါဘူး။

တခြား လူတွေဘဝ ကောင်းစား နေတာလည်း မြင်ရော ဟိုလူက ဒီလိုကောင်းစားတာ၊ ဒီလူက ဒီလို စိန်ရွှေ ရတနာတွေ ချမ်းသာတာ၊ တိုက်အိမ်ရှိတာ၊ ကားရှိတာ၊ ရည်းစာချောချောလေး ရှိတာတွေလည်း မြင်ရော ကိုယ့်ဘာသာ လျှောက်တွေးကာ နောက်ဆုံးမှာ သောကတွေ ကိုယ့်စိတ်ကို ကူးစက် ပူလောင်တော့တာ ပါပဲ။

ဒါကြောင့် မလိုအပ်တဲ့ အတွေးတွေ အကျိုးမရှိနိုင်တဲ့ အတွေးတွေကို ခေါင်းထဲ မထည့်တာ အကောင်းဆုံးပါပဲ။ Crd

Post a Comment

0 Comments