လျှို့ဝှက်ထားသင့်သောအရာ

ရှေးရှေးတုန်းက ရွာတရွာမှာ အဘိုးအိုတယောက် ရှိတယ်။ အဘိုးအိုဟာ သိပ်ကျွမ်းကျင်လှတဲ့ မျက်လှည့်ပညာကို ပိုင်ဆိုင်ထားပါတယ်။ သူ့မှာ သိပ်လှတဲ့ မြေးမလေး တယောက်လည်း ရှိတယ်။ အဲ့ဒီ မျက်လှည့် ပညာရပ်နဲ့ပဲ အသက်မွေးမှုပြုခဲ့တယ်။ သူ့မြေမလေးကိုလည်း အဲ့ဒီပညာတွေ သင်ပေးတယ်။

တနေ့တော့ အဘိုးအိုဟာ လူစည်ကားတဲ့ နေရာမှာ မျက်လှည့်ပြတာပေါ့။ ပန်းပွင့်ကနေ ငွေစက္ကူ ဖြစ်တာတွေ ကြိုးကနေ မြွေဖြစ်သွားတာတွေ စတဲ့ ပြကွက်မျိုးစုံကို ပြနေတာပေါ့။ အခုပြတဲ့ ပြပွဲမှာ အဘိုးအိုက ထူးဆန်းတဲ့ စကားတခွန်းကို ပြောတယ်။

"မျက်လှည့်ပညာ ဆိုတာ မှော်ပညာ မဟုတ်သလို တန်ခိုး စွမ်းအားတွေ မရှိပါဘူး။ လိမ်တာလည်း မဟုတ်ပါဘူး။ မျက်လှည့်ပညာမှာ လျှို့ဝှက်ချက်တွေ ရှိတယ်။ အဲ့ဒီ လျှို့ဝှက်ချက်တွေကို မသိလို့သာ ခင်ဗျားတို့ လာကြည့်ကြတာ ဖြစ်တယ်။ ဒီနေ့ မျက်လှည့်ပညာရဲ့ လျှို့ဝှက်ချက် တွေကို ပြောပြပါမယ်"

ပရိသတ်ဟာ အင်မတန်မှ စိတ်ဝင်စား သွားတယ်။ ကြိုးကနေ ဘယ်လို မြွေဖြစ်သွားတယ်၊ ပန်းကနေ ဘယ်လို ငွေစက္ကူတွေ ဖြစ်သွားတယ် စသည်ဖြင့်ပေါ့။ ခဏကြာတော့ အဘိုးအိုဟာ လျှို့ဝှက်ချက်တွေကို အကုန် ရှင်းပြသွားခဲ့တယ်။

ပရိသတ်လည်း ပြောတုန်း ခဏတော့ စိတ်ဝင်စားတာပေါ့။ သိလည်းသွားရော "သြော် ဒီလို လုပ်တာလား ဒါလေးများ" ဟု မျက်လှည့်ပညာကို စိတ်မဝင်စားတော့ ဘူးပေါ့။

နောက်တနေ့ မြေးမလေးကို ခေါ်ပြီး မျက်လှည့် သွားပြတာပေါ့။ အဲ့ဒီမှာ ပရိသတ် တယောက်မှ မလာတော့ဘူး။ အဘိုးအိုက

"မြေးလေးရေ ပရိသတ် တယောက်မှ မလာပါလား ဘာကြောင့်လဲ"

"အဘိုးက မနေ့ကပွဲမှာ လျှို့ဝှက်ချက်တွေ အကုန် ပြောပြလိုက် တာကို ဘယ်သူက စိတ်ဝင်စား တော့မှာလဲ"

"အေး ဟုတ်တယ် မြေးလေး၊ အဘိုးကို တသက်လုံး ကျွေးမွေးခဲ့တဲ့ ပညာ အခုတော့ လျှို့ဝှက်ချက်လည်း ပြလိုက်ရော ဘယ်သူကမှ စိတ်မဝင်စား တော့ဘူး တန်ဖိုးလည်း မရှိတော့ဘူး

မြေးလေးလည်း မှတ်ထားပါ၊ မြေးလေးရဲ့ လျှို့ဝှက်ချက် ဖြစ်တဲ့ ခန္ဓာကိုယ် အလှကိုလည်း ဘယ်သူကိုမှ မပြရဘူးကွဲ့၊ လျှို့ဝှက်ထားရမယ်။ ဒါဆို မြေးလေးရဲ့ မိန်းကလေး အလှဟာ တန်ဖိုးကြီးတယ်ကွဲ့။ ပြတုန်းခဏပဲ သူတို့က တန်ဖိုးထားကြတာ။ နောက်တော့လည်း ဘယ်သူမှ စိတ်မဝင်စား တော့ဘဲ တန်ဖိုးမရှိ ဖြစ်သွားလိမ့်မယ်"

ဒါကြောင့် မိမိရဲ့ လျှို့ဝှက်သင့်တဲ့ အရာကို လျှို့ဝှက်ထား ရပါမယ်။ crd

Post a Comment

0 Comments