အိမ်မြှောင်နဲ့ ကျောင်းမြှောင်

တခါတုန်းက ရွာတရွာမှာ မောင်ကြံဘမ်းဆိုတဲ့ လူငယ်လေး တယောက် ရှိသတဲ့။ သူဟာ အခြားကလေးတွေနဲ့ မတူဘဲ ခက်ခက်ခဲခဲ မွေးဖွားခဲ့ရ တာကြောင့် မိဘဆွေမျိုးများက သာမန်ထက် ပိုပြီး ချစ်ခင်ကြ ပါတယ်။

မောင်ကြံဘမ်း ၇ နှစ် အရွယ် ရောက်တဲ့ အခါမှာ မိဘများက စာပေပညာများကို သင်ကြားရန် ဆိုပြီး ရွှေဂူကျောင်း ဆရာတော်ထံမှာ အပ်နှံလိုက် ကြသတဲ့။

တနေတော့ ဒီရွှေဂူကျောင်း ဆရာတော် ထံမှ ပညာသင်ကြားနေတဲ့ အသက် ၁၄ နှစ်ခန့် ကျောင်းသား တယောက်နဲ့ အသက် ၁၅ နှစ်ခန့် ရှိတဲ့ ကိုရင်တို့ဟာ ကျောင်းပျဉ်ထောင်မှာ ကပ်နေတဲ့ အိမ်မြှောင် တကောင်ကို မြင်ပြီး အငြင်းအခုံ ဖြစ်ကြသတဲ့။

ကျောင်းသားက အိမ်မြှောင်လို့ ခေါ်ကြောင်း ပြောတဲ့အခါ စကားကပ်တဲ့ ကိုရင်က အိမ်မှာနေလျှင် အိမ်မြှောင်လို့ ခေါ်တာ မှန်ပေမယ့် အခု ကျောင်းမှာ နေသောကြောင့် ကျောင်းမြှောင်လို့ ခေါ်သင့်ကြောင်း ဆိုသတဲ့။

အဲဒီအခါမှာ ကျောင်းသားက မကျေမနပ်နဲ့ အိမ်မြောင်ကို ဖမ်းပြီး မောင်ကြံဘမ်းထံ ရောက်ရှိလာ ပါတယ်။ မောင်ကြံဘမ်းဟာ အခြား ကလေးများနဲ့ ရောထွေးပြီး ကစားနေတဲ့ အခါပေါ့။ သူဟာ ကစားနေတဲ့အထဲမှာ အငယ်ဆုံးလည်း ဖြစ်သတဲ့။

ဒါကြောင့် ကျောင်းသားနဲ့ ကိုရင်တို့ဟာ ကြီးတဲ့လူကို မေးလို့ ရှိရင် မျက်နှာလိုက်ပြီး ဖြေမှာစိုးလို့ အငယ်ဆုံး ကလေး မောင်ကြံဘမ်းဆီ ရောက်ရှိလာခဲ့တာ ဖြစ်တယ်။ မောင်ကြံဘမ်းဆီ ရောက်တော့ ကိုရင်ကြီးက အိမ်မြှောင်ကို ပြပြီး

"ဟေ့ မောင်သူငယ်၊ ငါတို့ အခု ယူဆောင်လာတဲ့ သတ္တဝါအမည်ကို ဆုံးဖြတ်ပေးပါ။ ဘာဖြစ်လို့လဲ ဆိုတော့ ငါက ဒီသတ္တဝါကို ကျောင်းပေါ်မှာ မြင်တာကြောင့် ကျောင်းမြှောင်လို့ ပြောလိုက်တယ်။

ဒီကျောင်းသားက သူများထက် ကဲပြီး ကျောင်းပေါ်မှာ မြင်ပါလျက်နဲ့ အိမ်မြှောင် လို့ ခေါ်ဝေါ်ကြောင်း ပြောနေပါတယ်။ ဒါကြောင့် မောင်သူငယ် ဆုံးဖြတ်ပေးပါ" လို့ ပြောလိုက်သတဲ့။

မောင်ကြံဘမ်းဟာ ကိုရင်ပြောတဲ့ စကားကို ကြားတဲ့အခါ လက်ထဲမှာ ကိုင်ထားတဲ့ သတ္တဝါကို သေချာ ကြည့်ရှုပြီး

"ကိုရင် သာမဏေကြီး ယခု ဖမ်းယူလာသော သတ္တဝါဟာ အိမ်မြှောင်လည်း မဟုတ်၊ ကျောင်းမြှောင်လည်း မဟုတ်ပါ။ ယခု ကိုရင် သာမဏေ လက်ထဲမှာ ရှိသောကြောင့် လက်မြှောင်လို့ ခေါ်ခြင်းသာ အမှန် ဖြစ်ပါတယ်" လို့ ပြောလိုက်ပါတယ်။

အဲဒီလို မောင်ကြံဘမ်းရဲ့ ဆုံးဖြတ်ချက်ကို ကြားတဲ့ အခါမှာတော့ အနီးနားမှာ ရှိတဲ့ ကိုရင်များနဲ့ ကျောင်းသားများဟာ အားပါးတရ ရယ်မောကြ သတဲ့ကွယ်။

PhooMyatChal မောင်မဟာရဲ့ ဖြတ်ထိုးဉာဏ် ကောင်းသော အမတ်ကြီးနှင့် အခြားပုံပြင်များစာအုပ်မှ ပြန်လည် ဝေမျှပါသည်။

Post a Comment

0 Comments