ဆွဲမိဆွဲရာ

ဇင်ပုံပြင် တပုဒ် ရှိသည်။ တနေ့တွင် လူတယောက်သည် အမှောင်ထဲတွင် စမ်းတဝါးဝါး လျှောက်လာသည်။ ကြယ်မစုံ၊ လမထွက် တကယ့် အမှောင်ဆုံး အချိန်တွင် ဖြစ်သည်။

ထိုသူသည် ချောက်ထဲကို ပြုတ်ကျသည်။ ဆွဲမိဆွဲရာ ဆွဲလိုက်ရာ သစ်ကိုင်းတကိုင်းကို ဆွဲမိသည်။ သူက ဆွဲမိသည့် သစ်ကိုင်းကို မလွတ်တမ်း ဆုပ်ထားပြီး ပါးစပ် ကလည်း အော်ရှာသည်။ "ကယ်တော်မူကြပါ"

သူဘယ်လို အော်သည် ဖြစ်စေ ကယ်တင်မည့် သူကား ရောက်မလာ။ ထို့ကြောင့် သူက စဉ်းစားသည်။ "အော်ပြီး အားအင် ကုန်ခမ်းစေမယ့် အစား။ ဆွဲမိထားသည့် သစ်ကိုင်း ကိုသာ မလွတ်ရန် ဖက်တွယ် ထားတော့မည်"

သူက သစ်ကိုင်းကို ဆွဲထားသည်။ လက်မောင်းတွေ ပြုတ်ထွက်လု နီးပါး ခန္ဓာကိုယ် အလေးချိန်က သူ့ကို ဆွဲချ နေသော်လည်း တောင့်ထားသည်။ ပင်ပန်းဆင်းရဲခြင်း ကြီးစွာဖြင့် ညဉ့်အမှောင်ကို သူဖြတ်သန်း နေရသည်။

မကြာမီ တဖြည်းဖြည်း လင်းလာသည်။ နေမင်းကြီးက အမှောင်ကို ထိုးဖောက် လာချိန်တွင် သူက အပေါ်ကို မော့ကြည့် လိုက်သည်။ သူပြုတ်ကျ ခဲ့သည့် ချောက်က အတော်လေး နက်သဖြင့် သူလန့်သွားသည်။

ထို့နောက် သူအောက်ကို ငုံ့ကြည့်လိုက်သည်။ သူအံ့အားသင့် သွားသည်မှာ သူတန်းလန်း ဖြစ်နေသည့် နေရာမှ အောက်တွင် မြေပြင် ဖြစ်နေသည်။ သူခြေထောက်နှင့် မြေပြင် အကွာအဝေးမှာ ၆ လက်မ ခန့်သာ ဖြစ်သည်။

သူ့ကို တညလုံး ချွေးပြန် လောက်အောင် နှိပ်စက်ခဲ့သော အကြောက်တရားမှာ လက်လွှတ်လိုက် သည်နှင့် ငြိမ်းချမ်းမှုကို ရမည်။ သို့သော် သူ လက်မလွှတ်နိုင်။ သူ့အသက် ရှင်ရေးမှာ ၆ လက်မ အကွာအဝေး လောက်လေး ဖြစ်နေသည်ကို တွေ့လိုက်ရသောကြောင့် "ငါသာ လက်လွှတ်လိုက်ရင်" ဆိုသည့် အတွေး ပေါ်လာသည်။

လူဆိုသည်က ရေရာ သေချာသည်ကိုသာ ဆုပ်ကိုင်ထားလေ့ ရှိကြသည်။ "လွှတ်လိုက်လျှင် ဘာဖြစ်သွားမလဲ" ဘာဖြစ်သွား မလဲ ဆိုခြင်း ကိုသာ တွေးပူသည်။ ၆ လက်မ လောက်သာ ကွာသည်ကို တွေးမိသူများ မဟုတ်။

၆ လက်မ သည် အလင်းရောင် ကြောင့်သာ တွေ့ကြသည်။ အမှောင်ထဲ တွင်တော့ ထို ၆ လက်မ ကိုလည်း မသိ။ လွှတ်လိုက်လျှင် ဆုံးရှုံးမည် ကိုသာ သိနေသည်။ ဖတ်ဖူးသည့် အခြား အကြောင်းအရာလေး တခုကိုလည်း သတိရမိသည်။

တနေ့တွင် စာရေးဆရာကြီး တယောက်သည် (အမည်မမှတ်မိ) မီးရထားဖြင့် ခရီးသွားသည်။ လမ်းတွင် လက်မှတ်စစ်က ရောက်လာသည်။ သူ့ကို လက်မှတ် ပြခိုင်းသည်။ စာရေးဆရာကြီးက သူ့ လက်ဆွဲအိတ်ကို ဖွင့်ရှာသည်။ ခုံအောက်တွေ လိုက်ရှာသည်။

လက်မှတ် မတွေ့သဖြင့် ချွေးပြန် နေရှာသည်။ လက်မှတ်စစ်က သူ့ကိုပြောသည်။ "ဆရာကြီး ရှာတာလည်း နေရာ နှံ့နေပြီ လက်မှတ် မဝယ်ခဲ့ဘူးလား" "ဝယ်ခဲ့တယ်ကွ ရှာနေတယ်" "ကျွန်တော် သတိထားမိတာ ဆရာကြီးက လက်ဆွဲအိတ် ထဲမှာပဲ ရှာနေတာ၊ ဘာဖြစ်လို့ အင်္ကျီအိတ်ထဲမှာ မရှာတာလဲ ခင်ဗျာ"

"ဟေ အင်္ကျီအိတ်က ငါ့ရဲ့ နောက်ဆုံး မျှော်လင့်ချက်ကွ" သူက အင်္ကျီအိတ်ထဲကို နှိုက်ကြည့် လိုက်သည်။ လက်မှတ်ကို တွေ့သည်။ လက်မှတ်စစ်ကို ပေးလိုက်သည်။ နောက်ဆုံး မျှော်လင့်ချက် ဆိုသည်မှာ နှလုံးသားနှင့် အနီးဆုံးတွင် ထားကြသည်။ ထိုမျှော်လင့်ချက်ကို သူက နောက်ဆုံး အဖြစ် ထုတ်သုံးသည်။

အကယ်၍ ထိုမျှော်လင့်ချက်ကို ပထမဆုံး ကြည့်လိုက်၍ မတွေ့လျှင် စိတ်ပျက်သွားမည်ကို စိုးရိမ်နေသည်။ ပလေတို၏ စကားတခွန်းကို ကိုးကားလို ပါသည်။ "အမှောင်ကို ကြောက်တဲ့ ကလေးကို ခွင့်လွှတ်ပေး လိုက်ပါ။ ခင်ဗျားတို့ လူကြီးတွေတောင် နေ့ခင်း ကြောင်တောင် ကြောက်နေကြသေးတာ" တဲ့။

နေ့ခင်းကြောင်တောင် မသွားရဲ၊ မလာရဲ၊ ကိုယ့်အရိပ် ကိုယ်ပြန် ကြောက်နေကြသဖြင့် တယောက်တည်း မနေရဲ သူများကို မေးကြည့်ချင်သည်။ နောက်ဆုံး မျှော်လင့်စရာ နေရာ ရှိပါသလား။ ဖက်တွယ်ထားသည့် နေရာမှ လက်လွှတ်လိုက်လျှင် ရှင်နိုင်မည်ကို သိပါသလား။ တင်ညွန့် ၂၁.၄.၂၀၂၂

Post a Comment

0 Comments