ပြေးနိုင်တုန်း ပြေးထားပါ

တခါတုန်းက တနေ့ကို မိုင်တထောင်လောက် သွားနိုင်တဲ့ အာဇာနည် မြင်းပျိုလေး တကောင် ရှိတယ်။ သူ့ရဲ့ အရည်အချင်းကို သူက ဖော်ထုတ်ပြသဖို့ အခွင့်အရေးကိုလည်း စောင့်နေတယ်။

ကုန်သည်တဦး လာပြောတယ်။ "မင်းငါနဲ့ လိုက်နိုင်မလား" မြင်းက ခေါင်းခါပြီး ပြောတယ်။ "ငါက တနေ့ကို မိုင်တထောင်လောက် သွားနိုင်တဲ့ အာဇာနည်းမြင်းကွ။ ဘာဖြစ်လို့ ကုန်သည်တဦး နောက်ကို လိုက်ပြီး ကုန်ထမ်းရမှာလဲ"

စစ်သား လာတယ်၊ ပြောတယ်။ "မင်းငါနဲ့ လိုက်နိုင်မလား" မြင်းက ခေါင်းခါတယ်။ "ငါက တနေ့ မိုင်တထောင် သွားနိုင်တဲ့ အာဇာနည်မြင်းကွ။ ဘယ်လိုဖြစ်လို့ သာမာန် စစ်သားတယောက် နောက်လိုက်ပြီး တိုက်ပွဲ ဝင်ရမှာလဲကွ"

မုဆိုးလာတယ်၊ ပြောတယ်။ "မင်းငါနဲ့ လိုက်နိုင်မလား" မြင်းက ခေါင်းခါတယ်။ "ငါက တနေ့ မိုင်တထောင် သွားနိုင်တဲ့ အာဇာနည်မြင်းကွ။ ဘယ်လိုဖြစ်လို့ မုဆိုးနဲ့ အတူတူ ပင်ပန်းဆင်းရဲမှုဒဏ် ခံရမှာလဲကွ"

ဒီလိုနဲ့ တနေ့ပြီး တနေ့ ကုန်ဆုံးသွားသည်။ အာဇာနည် မြင်းပျိုလေးကတော့ သူနဲ့ တန်တဲ့အလုပ် ရှာမတွေ့ သေးချေ။ တနေ့ ဘုရင်မင်းမြတ် အမိန့်ဖြင့် စစ်သူကြီးတယောက် အာဇာနည်မြင်းကို လိုအပ်ကြောင်း နေရာအနှံ့ ကြော်ငြာစာများ ကပ်ကာ လိုက်ရှာလေသည်။

အဲဒီအခါမှာ အာဇာနည်မြင်းက စစ်သူကြီးဆီ သွားတွေ့ပြီး ပြောတယ်။ "ကျနော်က ခင်ဗျားတို့ ရှာနေတဲ့ အာဇာနည်မြင်းပါ။ စစ်သူကြီးက မေးတယ်။ "ဒါဆို မင်း ငါတို့ တိုင်းပြည်ရဲ့ တောတောင်ရေမြေနဲ့ လမ်းတွေကို နှံ့စပ်လား" မြင်းက ခေါင်းခါတယ်။

စစ်သူကြီးက ထပ်မေးတယ်။ "ဒါဆို မင်းစစ်ပွဲ ဝင်ဖူးသလား၊ စစ်ပွဲ အတွေ့အကြုံ ရှိသလား" မြင်းက ခေါင်းထပ်ခါတယ်။ စစ်သူကြီးက ထပ်မေးတယ်။ "ဒါဆို မင်း တောထဲတောင်ထဲမှာ သားကောင်တွေနဲ့ တွေ့တဲ့အခါ သခင့်အတွက် ရင်ဆိုင်တိုက်ခိုက်ပြီး ရုန်းထွက်ရဲသလား" မြင်းက ခေါင်းထပ်ခါတယ်။

စစ်သူကြီးက ပြောတယ်။ "ဒါဆို မင်း ဘာအသုံးကျသေး သလဲ" မြင်းက ပြောတယ်။ "ကျနော် နေ့ဘက်ဆို မိုင်တထောင် သွားနိုင်ပြီး ညဘက်ဆို မိုင် ၈ ရာ သွားနိုင်တယ်။ လေအဆန်မှာ အစုန် ထက်တောင်မှ အပြေး မြန်သေးတယ်"

စစ်သူကြီးက မြင်းပေါ် ခွတက်စီး လိုက်တယ်။ မြင်းက အားစိုက်ပြီး တဟုန်ထိုး ပြေးလိုက်တယ်။ ဒါပေမယ့် ၁၀ လှမ်း လောက် ပဲ ပြေးရသေးတယ် အမောဟိုက်ပြီး ကျောမှာ ချွေးတွေ ပျံလာတယ်။ "မင်းအိုသွားပြီ မပြေးနိုင် တော့ဘူး" ဟု ဆိုကာ စစ်သူကြီး လှည့်ထွက်သွားသည်။

ဒီနေ့ သင်လုပ်တဲ့ ကိစ္စ တခုစီတိုင်းဟာ သာမန် ကြိုးစားနေတယ် ထင်ရပေမယ့် နောင်တချိန်အတွက် အင်အားလေး တခုဆိုတာ သိထားပါ။ ဒီနေ့ သင်ဖြတ်ကျော်ရတဲ့ စိတ်ဆင်းရဲတဲ့ အတွေ့အကြုံတိုင်း၊ ငြင်းပယ်မှုတိုင်းဟာ အနာဂတ် အတွက် အုတ်မြစ်ချပ်လေးတွေပါ။

အိုသွားတဲ့အချိန် မပြေးနိုင်တော့မှ "မပြေးခဲ့ရပါလား" လို့ နောင်တ မရပါစေနဲ့။ Crd

Post a Comment

0 Comments