တခါတုန်းက ဘုရင်တပါးဟာ သူ့ရဲ့ တိုင်းပြည်ကို မင်းကျင့်တရားနဲ့ အညီ အုပ်ချုပ်နေ ပါတယ်။ တခါမှာတော့ သူ့တိုင်းပြည်ကို လေ့လာ ကြည့်ရှုဖို့ရာ ခြေလျင်ဖြင့်ပဲ လှည်ပတ်သွားဖို့ ဆုံးဖြတ်လိုက် ပါတယ်။
သူ့တိုင်းပြည်ရဲ့ ဝေးလံ ခေါင်းဖျားတဲ့ နေရာတွေနဲ့ သွားလာရ ခက်ခဲတဲ့ နေရာတွေကို သူကိုယ်တိုင် လေ့လာချင်တဲ့ အတွက် တခြားသော အချွေအရံတွေကို မခေါ်ဘဲ တယောက်တည်း နန်းတော်ကနေ ထွက်ခွာလာ ခဲ့ပါတယ်။
ရက်သတ္တပတ် ကြာပြီးတဲ့ အခါ မှာတော့ ဘုရင်ဟာ နန်းတော်ကို ပြန်ရောက်လာခဲ့ ပါတယ်။ အဲဒီအခါမှာ သူ့ရဲ့ မူးမတ်တွေကို ဆင့်ခေါ်ပြီး သူကြုံခဲ့ရတာ တွေကို ဆွေးနွေး ပါတော့တယ်။
"တိုင်းပြည်ရဲ့ အချို့သော နေရာတွေမှာ လမ်းပန်း သွားလာရေး အင်မတန် ခက်ခဲနေတာကို တွေ့ခဲ့ရ ပါတယ်။ အဲဒီ အတွက် တိုင်းသူပြည်သားတွေဟာ အင်မတန် ပင်ပန်း ခက်ခဲစွာ သွားလာနေ ရတာကို စိတ်မကောင်းစွာ သိခဲ့ရတယ်" ဆိုပြီး ဘုရင်ဟာ သူ့ရဲ့ မူးမတ်တွေကို ပြောပါတယ်။
လမ်းတွေက ကြမ်းတမ်းလွန်းလို့ ဘုရင်ဟာ သူ့ရဲ့ ခြေထောက် မှာတောင်မှ အနာ တရတွေ ဖြစ်လာခဲ့တဲ့ အကြောင်း မှုးမတ်တွေကို ပြောပြပြီး သူသွားလေ့လာ ခဲ့တဲ့ နေရာအချို့ရဲ့ လမ်းတွေကို အကောင်းစား သားရေတွေနဲ့ ခင်းပေးဖို့ မူးမတ်တွေကို အမိန့် ပေး လိုက်ပါတယ်။
အဲဒီအခါမှာ ပညာရှိ အမတ်တွေက ဘုရင်ကို အကြံပေး ကြပါတယ်။ "အရှင်မင်းကြီး တိုင်းပြည် အသီးသီးက မြို့နယ်တိုင်းအတွက် အကောင်းစား သားရေတွေနဲ့ ခင်းကျင်းပေးဖို့ ဆိုတာက ငွေကုန်ကြေးကျ များပါတယ်။
နောက်ပြီး အခြားသော တိရိစ္ဆာန်တွေ သွားလာတဲ့ အခါမှာလည်း သားရေတွေဟာ အလကား ပျက်စီးကုန် မှာပါပဲ။ အဲဒါကြောင့် ငွေကုန်ကြေးကျ ခံပြီး အလကား ဖြစ်သွားနိုင်ပါတယ်" ဆိုပြီး ပြောကြ ပါတယ်။
ဘုရင်ရဲ့ ပညာရှိအမတ်ဟာ ဆိုရင် "အရှင်မင်းကြီးသာ ခွင့်ပြုမယ် ဆိုရင် ကျွန်တော်မျိုးမှာ အကြံတခု ရှိပါတယ်" ဆိုပြီး ခွင့်တောင်းပါတယ်။ ဘုရင်ကလည်း ပညာရှိရဲ့ အကြံကို ကြားတဲ့အခါ သဘောကျလျက် ခွင့်ပြုလိုက် ပါတယ်။ အဲဒီအကြံ ကတော့ တိုင်းပြည်မှာ ရှိသမျှ ပြည်သူ အားလုံးကို ဖိနပ်တရံစီ ပြုလုပ်ပေးပြီး ဖိနပ် စီးခိုင်းလိုက်ဖို့ ပါပဲ။
ဒီအကြောင်းအရာလေး ကနေ ပေးချင်တဲ့ အသိလေး တခုက တခါတလေ ကျွန်တော်တို့ ဘဝမှာ မထင်မှတ်ထားတဲ့ အရာလေးတွေ ရှိပါတယ်။ အရမ်း ခက်ခဲတယ်လို့ ထင်ပေမယ့် အဲဒီအရာဟာ ကိုယ်တိုင် ပြုပြင်ပြောင်းလဲ လိုက်ရင် ဘာမှမဟုတ်တဲ့ အရာလေးတွေ ဖြစ်သွားတာ မျိုးပေါ့။
တခါတလေ ကျရင် ကျွန်တော်တို့တွေဟာ အခြားသူတွေကို ပြောင်းလဲဖို့ မျှော်လင့်တတ် ကြပါတယ်။ ပုံပြင်ထဲက ဘုရင်လိုခြေထောက် နာမှာစိုးလို့ တပြည်လုံးကို လမ်းခင်းပေး ရမယ့်အစား ကိုယ်တိုင် ဖိနပ်စီးလိုက်တော့ ခြေထောက်အနာ မသက်သာသွား ဘူးလား။
အဲဒီလိုပါပဲ။ ဘဝမှာ သင်မပြုပြင် နိုင်တဲ့ အရာတွေ အများကြီး ကြုံရပါလိမ့်မယ်။ သင့်ဘဝရဲ့ အခြေအနေ၊ သင့်မိဘ၊ သင့်အသိုင်းအဝန်း စသဖြင့်ပေါ့။ သူတို့ကို သင်က မပြောင်းလဲနိုင်ဘူး ဆိုရင် သူတို့ဆီ ကနေ သင်ခန်းစာ ယူပြီး သင်ကိုယ်တိုင်ပဲ ပြောင်းလဲပစ် လိုက်ပါ။ BAWA
0 Comments