ချမ်းသာချင်တဲ့ ဆင်းရဲသားလေး

တခါတုန်းက အရမ်းကို ဆင်းရဲတဲ့ လူတယောက် ရှိတယ်။ သူ့ကို အရမ်းချမ်းသာတဲ့ လူတယောက်က တွေ့တော့ သနားပြီး သူ့ကို ကြီးပွားလာအောင် ကူညီချင်စိတ်တွေ ပေါ်လာတယ်။ သူဌေးက သူ့ကို နွားတကောင် လက်ဆောင် ပေးခဲ့တယ်။

သူ့ကို လယ်ယာ ထွန်ယက်ဖို့ သေချာ မှာခဲ့တယ်။ အခုချိန် မျိုးစေ့ ကြဲထားပြီး ကောင်းကောင်း ထွန်ယက်ရင် ဒီနှစ် ကုန်ရင် ဆင်းရဲတယ် ဆိုတဲ့ စကားလုံးနဲ့ ဝေးဝေး ခွာနိုင်တော့မှာပါ လို့ ပြောခဲ့တယ်။

ဒီသူဆင်းရဲလေး ကတော့ အစပိုင်းမှာ မျှော်လင့်ချက် အပြည့်နဲ့ တက်တက်ကြွကြွ လုပ်ရှာတယ်။ ဒါပေမဲ့ ဘယ်လောက်မှ မကြာလိုက်ဘူး။ နွားက မြက်စားတယ်။ လူက ထမင်း စားတယ်။ ဖြတ်သန်းရတဲ့ ဘဝက အရင်က ထက်တောင် ခက်ခဲနေ သေးတယ်။

သူ ဆင်းရဲလေးက ပြန်စဉ်းစားတယ်။ နွားကို ရောင်းလိုက်ပြီး ဆိတ်တချို့ ဝယ်လိုက်ရင် ကောင်းမယ်။ တကောင်ကို အရင်သတ်စား လိုက်ပြီး ကျန်တာတွေကို ဆက်မွေးထား လိုက်မယ်။ ဆိတ်ကလေးတွေ မွေးလာလို့ ကြီးလာရင် ပြန်ရောင်းစားလို့ ရတယ်။ ဒါလည်း တော်တော်လေး အမြတ်ရ နိုင်တယ်။

သူဆင်းရဲလေးရဲ့ အစီအစဉ်ကလည်း အထမြောက် လိုက်ပါတယ်။ ဆိတ်တကောင်ဘဲ သတ်စားလိုက်တယ်။ နောက်ပိုင်းမှာ ဆိတ်ကလည်း တော်တော်နဲ့ ကလေး မမွေးနိုင်တာနဲ့ မအောင့်နိုင်ဘဲ ဆိတ်နောက်တကောင် သတ်စားလိုက်တယ်။

သူ ပြန်စဉ်းစားတယ်။ ဒီတိုင်းဆို မဖြစ်တော့ဘူး။ ဆိတ်ကိုလည်း ရောင်းပစ်လိုက်ပြီး ကြက်ဝယ်လိုက်ရင် ကောင်းမယ်။ ကြက် က ဥ ဥတာ ပိုမြန်တယ်။ ကြက်ဥ ကနေ ဝင်ငွေ ချက်ချင်း ရနိုင်တယ်။ ဒါဆိုရင် ငါလည်း နည်းနည်း ချောင်သွားလိမ့်မယ်။

သူစီစဉ် ထားတဲ့ အတိုင်း အထမြောက် သွားပြန်တယ်။ ဒါပေမဲ့ သူ့ရဲ့ ဘဝက ပြောင်းလဲမှု မရှိဘူး။ ခက်ခဲလာ ပြန်ပြီ။ နောက်ဆုံးတော့လည်း မနေနိုင်ဘဲ တကောင် သတ်မိပြန်တယ်။ ဒီလိုနဲ့ နောက်ဆုံး ကြက်တကောင်ဘဲ ကျန်တဲ့ အချိန်မှာ သူတော်တော်လေး စိတ်ဓာတ် ကျသွားတယ်။

သူ ပြန်စဉ်းစားတယ်။ ကြီးပွားဖို့ ဆိုတာ မဖြစ်နိုင် တော့ပါဘူး။ ကြက်ကို ရောင်းပြီး အရက်ဝယ် သောက်တာဘဲ ကောင်းပါတယ်။ ဗိုက်ထဲ အရက် ဝင်သွားရင် အတွေးထဲကို အနှောက်အယှက် မဝင်တော့ ပါဘူးလေ။

နှစ်ကုန်လို့ သူ့ကို ကူညီခဲ့တဲ့ သူဌေး သူ့ဆီကို ပြန်ရောက်လာတယ်။ ပြန်တွေ့လိုက်တာ ကတော့ အရက်လေး တမြမြနဲ့ မူးနေတဲ့ သူ့ကို တွေ့လိုက်တယ်။ နွားကလည်း မရှိတာ ကြာရောပေါ့။ အိမ်ကလည်း စုတ်ပြတ်မြဲ စုတ်ပြတ်နေတယ်။

သူဌေးက သူ့ရှေ့မှာ ရှိတဲ့ မြင်ကွင်းကို တွေ့တော့ သက်ပြင်းချ လိုက်ပြီး ဘာမှ ပြန်မပြောဘဲ လှည့်ထွက်သွား လိုက်တယ်။ သူဆင်းရဲလေး ကတော့ ဆင်းရဲမြဲ ဆင်းရဲနေတယ်။

ဆင်းရဲတဲ့လူ အများစုမှာလည်း အိပ်မက် ဆိုတာ ရှိခဲ့တယ်။ အခွင့်အရေး ဆိုတာလည်း ကြုံခဲ့တယ်။ ကြိုးလည်း ကြိုးစားခဲ့တယ်။ ဒါပေမဲ့ တစိုက်မက်မက် လုပ်ဖို့ဆိုတာ ခက်ခဲလာတယ်။ စီးပွားရေး လုပ်ငန်းရှင်ကြီး တယောက်က သူအောင်မြင်တဲ့လျှို့ဝှက်ချက်ကို ပြောခဲ့ဖူးတယ်။

"ပိုက်ဆံ မရှိတဲ့ အချိန် ဘယ်လောက်ထိဘဲ ခက်ခဲနေ ပါစေ၊ ရင်းနှီးထားတဲ့ ငွေနဲ့ စုထားတဲ့ ငွေကို မထိမိ ပါစေနဲ့။ ဖိအားက မင်းကို ငွေရှာဖို့ နည်းလမ်းသစ်တွေ ပေးနိုင်တယ်။ အကြွေးရှင်းဖို့ တွန်းအား ပေးနိုင်တယ်။ ဒါဟာ ကောင်းတဲ့ အကျင့်လေး တခုပါ" တဲ့။

စရိုက်က အကျင့်တခု ဖြစ်စေတယ်။ အဲဒီ အကျင့်က အောင်မြင်မှုကို ဆုံးဖြတ်ပေးတယ်။ အောင်မြင်တဲ့ သူနဲ့ ကျရှုံးတဲ့ သူရဲ့ အဓိက ကွားခြားတဲ့ နေရာကတော့ အောင်မြင်တဲ့ သူမှာ ပန်းတိုင်ကို သတ်မှတ် ထားပြီးရင် ရဲရဲ ချီတက်တယ်၊ အခက်အခဲ တွေ့ရင် နည်းလမ်းကို ပြောင်းပြီး ထပ်ကြိုးစားတယ်။

ရှုံးနိမ့်တဲ့ သူကတော့ ပန်းတိုင်ကို သတ်မှတ်ပြီးရင် အခက်အခဲ တွေ့တာနဲ့ ပန်းတိုင်ကို ပြောင်းပစ်တယ်။ လမ်းကြောင်းကို ပြောင်းပစ်တတ် ကြတယ်။ Zane

Post a Comment

1 Comments

  1. သတ်ပုံမှန်နဲ့ တင်ပြထားသူ ကျေးဇူး။

    ReplyDelete