အတု ဖြစ်သွားတဲ့ အစစ်

တခါက ပေါလ်ဆိုတဲ့ ပြတိုက်စောင့် တယောက် ရှိတယ်တဲ့။ သူအလုပ် လုပ်တဲ့ ပြတိုက်မှာ မိုနာလီဇာ ပန်းချီကား အပါဝင် တခြား တန်ဖိုးကြီး ရှေးဟောင်း လက်ရာတွေ ပြသထားတယ်။

တကယ့် အဖိုးတန် အစစ်မှန်တွေ ဆိုတော့ ပြတိုက်ရဲ့ လုံခြုံရေးစနစ် တွေက အလွန် ကောင်းတာပေါ့။ သေချာတာ ကတော့ အတွင်းလူ အကူအညီ မပါပဲ ပြတိုက်ကို ဖေါက်ထွင်းဖို့ ဆိုတာ မဖြစ်နိုင် သလောက်ပါပဲ။

ဒီလိုနဲ့ တနေ့မှာ လူတယောက်ဟာ ပေါလ်ဆီကို ရောက်လာပြီး မိုနာလီဇာ ပန်းချီကားကို ခိုးယူပေးဖို့ ဒေါ်လာ သုံးသောင်းနဲ့ ကမ်းလှမ်းတယ်။ အဲဒီတုန်းက မိုနာလီဇာ ပန်းချီကားရဲ့ တန်ဖိုးရင်း ကမှ ဒေါ်လာ သုံးသောင်းလောက်ပဲ တန်တယ်တဲ့။

နောက်ဆုံးမှာ ပေါလ်ဟာ ကမ်းလှမ်းမှုကို လက်ခံလိုက်တယ် ဆိုပါတော့။ မိုနာလီဇာ ပန်းချီကားကို ခိုးယူဖို့ အမျိုးမျိုး ကြိုးစားနေတဲ့ ပေါလ်ဟာ တနေ့မှာတော့ အောင်အောင်မြင်မြင် ခိုးယူလိုက် နိုင်တယ်။

အဲဒီနောက် မှာတော့ ပေါလ်ဟာ သူ့ကို ခိုင်းလိုက်တဲ့လူ လာအယူ ကိုပဲ စောင့်နေခဲ့ တာပေါ့။ မိုနာလီဇာ ပန်းချီကား ပျောက်ဆုံးသွားတယ် ဆိုတဲ့ သတင်းဟာ တကမ္ဘာလုံး ပျံ့သွားတယ်။ ဒါပေမယ့် ပေါလ်ဆီကို သူ့မိတ်ဆွေဟာ ပန်းချီကား လာမယူပါဘူး။

ဒါကြောင့် သူခိုးတာ သိသွားမှာ စိုးရိမ်တဲ့ ပေါလ်ဟာ မိုနာလီဇာ ပန်ချီကားကြီးကို သူ့ရဲ့ မြေအောက်ခန်း ထဲမှာ ဝှက်ထားပြီး ဟန်မပြတ် ပြတိုက်မှာ အလုပ် ဆက်လုပ်နေ ခဲ့ပါတယ်။ ပေါလ်အတွက် တခု ကံကောင်းတာက ဘယ်သူမှ သူ့ကို သံသယ မဝင်ကြတာပဲ။

ဒီလိုနဲ့ နှစ်လလောက် ကြာသွားပြီးချိန် မှာတော့ ပေါလ်ဆီကို စာတိုက်က တဆင့် ပါဆယ် တထုတ် ရောက်လာတယ်။ ပေါလ် ဖွင့်ကြည့်လိုက်တော့ ဒေါ်လာ သုံးသောင်းနဲ့ စာတစောင် ဖြစ်နေတယ်။ သူ့ကို ပန်းချီကား ခိုးခိုင်းတဲ့ သူဆီကပေါ့။

သို့ မိတ်ဆွေကြီးပေါလ်။ တချိန်တုန်းက မိတ်ဆွေကြီးကို မိုနာလီဇာ ပန်းချီကား ခိုးခိုင်းတဲ့ ကျွန်တော့်ကို လာမယူလို့ ခင်ဗျား စိတ်နာ နေမှာပဲနော်။ အဲဒီအတွက် တောင်းပန်ပါတယ်ဗျာ။ တကယ်တော့ ကျွန်တော်ဟာ မိတ်ဆွေကြီး လက်ထဲက မိုနာလီဇာပန်းချီကား အစစ်ကို စိတ်မဝင်စားပါဘူး။

အံ့သြသွား သလားဗျာ။ ကျွန်တော်မှာ မိတ်ဆွေကြီးနဲ့ မတွေ့ခင် ကတည်းက မိုနာလီဇာ ပန်းချီကား အစစ်နဲ့ ခွဲမရအောင် တူတဲ့ ပန်ချီကားအတု ဆယ်ကားထက် မနည်း ရှိပြီးသားပါ။ ဒါပေမယ့် ပြတိုက်မှာ အစစ် ရှိနေမှတော့ ကျွန်တော့် ပန်းချီကားတွေ ဘယ်လောက်တူတူ အတု ဖြစ်နေဦး မှာပဲလေ။

ဒါကြောင့် "အစစ် ပျောက်သွားပြီ" ဆိုတဲ့ သတင်းသာ ကျွန်တော် လိုချင်တာ အစစ်ပါ။ မိတ်ဆွေကြီး ကလည်း ကျွန်တော် အလိုရှိတာကို ဖြည့်ဆည်းပေး နိုင်ခဲ့ပါတယ်။ ကျေးဇူးတင် ပါတယ်ဗျာ။

အခု မိတ်ဆွေကြီး ဒီစာကို ဖတ်နေချိန်မှာ ကျွန်တော့်လက်ထဲက မိုနာလီဇာ ပန်းချီကား အတုတွေကို ကမ္ဘာတဝှမ်းကို အစစ် ဆိုပြီး ဆယ်ကားထက် မနည်း တပြိုင်နက်တည်း ရောင်းချပြီးလို့ ကျွန်တော်ဟာ မီလျံနာတဦး ဖြစ်နေပါပြီ။

ကျွန်တော့် ကတိအတိုင်း မိတ်ဆွေကြီး အတွက် ဒေါ်လာသုံးသောင်း ထည့်ပေးလိုက် ပါတယ်။ မိတ်ဆွေကြီး လက်ထဲက မိုနာလီဇာပန်းချီကား အစစ်ကြီး ကိုတော့ ကျွန်တော့်ရဲ့ နောက်ကျမှုကို ခွင့်လွတ်စေဖို့ လက်ဆောင်လို့သာ သဘောထားလိုက် ပါတော့ခင်ဗျာ။

မှတ်ချက်။ ။ လိပ်စာအစစ် ထည့်မပေးလိုက်တာ ကိုတော့ မိတ်ဆွေကြီး နားလည်နိုင်ပါစေ လို့ မျှော်လင့်ပါတယ်။ မိတ်ဆွေကြီးရဲ့။ "အစစ်တွေ ပျောက်ကွယ်သွားတဲ့ တနေ့ အတုတွေဟာ အစစ် ဆန်လာ ပါလိမ့်မယ်" zar ni nyunt lwin

Post a Comment

0 Comments