အဿကမင်းကြီးနှင့် နွားချေးပိုးမိဖုရား

အခါတပါး၌ ကာသိတိုင်း ပါဋလိမြို့မှာ စိုးစံ နေသည့် အဿက အမည်ရှိသော ဘုရင်တပါး ရှိလေသည်။ ထိုမင်းတွင် ဥပရိ အမည်ရှိသော အဂ္ဂမဟေသီ မိဖုရားကြီး တပါးလည်း ရှိသည်။ ထိုမိဖုရား ဥပရိ၏ ရုပ်ရေ အဆင်းမှာ အင်မတန် လှပတင့်တယ် လှသည်။ အဿက ဘုရင်မြတ်က အလွန်လှပသော ဥပရိ မိဖုရားကို အင်မတန် ချစ်မြတ်နိုး လေသည်။

အဿက ဘုရင်သည် ဥပရိ မိဖုရားအပေါ် ချစ်လို့မဝ၊ ကြင်နာလို့ မဆုံး ဖြစ်နေစဉ်မှာပင် ဥပရိမိဖုရား နတ်ရွာစံတော် မူသွားလေသည်။ အလွန် လှပတင့်တယ်ပြီး ပျိုနုနယ်ချိန်မှာ နတ်ရွာစံ သွားသည့် အတွက်ကြောင့် အဿက ဘုရင်ကြီးမှာ ပူဆွေးလို့ မဆုံး၊ ငိုကြွေးလို့ မဆုံး၊ တမ်းတမ်း တတ နွမ်းနွမ်းလျလျ ဖြစ်နေ တော့သည်။

ဥပရိ မိဖုရား မရှိတော့ပြီ ဆိုတာကို အဿက ဘုရင် မည်သို့မျှ လက်မခံနိုင် မယုံကြည်နိုင်။ သောက ပရိဒေဝ မီးတွေ အလွန်အမင်း တောက်လောင် နေသည်။ ဥပရိမိဖုရား၏ အလောင်းကို မှန်ခေါင်းထဲမှာ ဆီစိမ်ပြီး သူ့ခုတင် အောက်မှာပဲ ထားစေသည်။ ထမင်းတောင် မစားနိုင်ဘဲ လွမ်းဆွတ်ပူဆွေး ငိုကြွေး တမ်းတပြီး ခုတင်ပေါ်မှာပဲ လျောင်းစက် အိပ်နေပါတော့သည်။

မိဘဆွေမျိုးများ ပညာရှိ အမတ်များက သင်္ခါရသဘော၊ အနိစ္စသဘောကို ဘယ်လိုပင် ပြောဟော ကြသော်လည်း သတိတရား မရနိုင်ဘဲ ဖြစ်နေသည်။ အလောင်းကို ကြည့်လိုက် ငိုကြွေးမြည်တမ်း လိုက်နှင့် သောက ပရိဒေဝမီးများ လောင်နေ ခဲ့သည်မှာ ခုနစ်ရက် ကြာမြင့်သွားခဲ့ လေသည်။ ထိုစဉ်က ဘုရားအလောင်းတော်သည် ဟိမဝန္တာ တောအရပ်၌ ဈာန်အဘိညာဉ် ရသည့် ရသေ့ကြီး ဖြစ်နေသည်။

ဘုရား လောင်းရသေ့ကြီးက လောကကို အဘိညာဉ်ဖြင့် ကြည့်လိုက်သော အခါ အဿကမင်း အတိဒုက္ခ ရောက်နေသည်ကို မြင်ရသည်။ မိမိမှတပါး အခြားမည်သူမှ ကယ်နိုင်မည် မဟုတ်သည် ကိုလည်း သိရသည်။ သို့ဖြစ်၍ ဘုရားလောင်း ရသေ့ကြီးသည် အဘိညာဉ်တန်ခိုး အစွမ်းဖြင့် အဿကမင်း၏ ဥယျာဉ်သို့ ကြွတော် မူခဲ့သည်။ ထိုစဉ် ပါဋလိမြို့ထဲမှ ပုဏ္ဏား လူငယ်တယောက် ရသေ့ကြီးထံ ရောက်လာသည်။

ရသေ့ကြီးက လူငယ်အား အဿကဘုရင် အကြောင်းကို မေးလေသည်။ ထိုလူငယ်က အဿကမင်း သောက ပရိဒေဝမီး အကြီးအကျယ် တောက်လောင်နေပုံကို ပြောပြပြီး အဿကမင်းအား ဟောပြော ကယ်တင်ရန် တောင်းပန်စကား လျှောက်ကြား လေသည်။ ရသေ့ကြီး က

"အဿကမင်းကို ငါမသိ သူက ငါ့ထံလာ၍ မေးပါက သူ့မိဖုရားကြီး ဖြစ်ရာဘဝကို ပြောပြနိုင် ပါတယ်" ဟု မိန့်ကြား လိုက်သည်။

လူငယ်သည် အဿကမင်းထံ သွားရောက်ပြီး "အရှင်မင်းကြီး၊ ဥယျာဉ်တော်မှာ အကြားအမြင် ပေါက်တဲ့ ဒိဗ္ဗစက္ခုရှင် ရသေ့ကြီးတပါး ရောက်နေပါတယ်။ ဥပရိ မိဖုရားကြီး ဖြစ်ရာဘဝကို သိပါသတဲ့။ ပြလည်း ပြနိုင်ပါသတဲ့။

ရသေ့ကြီးထံ အရောက်သွားသင့်ပါတယ်" ဟု လျှောက်တင်သည်။ ဥပရိ မိဖုရားကြီးကို ပြနိုင်တယ် ဆိုတာ ကြားရတော့ အဿက မင်းကြီးမှာ အားရ ဝမ်းသာဖြစ်ပြီး ဥယျာဉ်တော်သို့ ရထားဖြင့် ထွက်လာ ခဲ့သည်။

ရသေ့ကြီးထံ ရောက်သော အခါ ရိုသေစွာ ရှိခိုးပြီး "အရှင် ရသေ့ကြီး၊ ဥပရိမိဖုရားကြီး ဖြစ်ရာ ဘဝကို သိတယ် ဆိုတာ ဟုတ်ပါ သလား" ဟု မေးသည်။ ရသေ့ကြီးက ဟုတ်မှန်ကြောင်း ဝန်ခံလိုက်သော အခါ "ဘယ်မှာ ဖြစ်နေပါသလဲ" ဟု အဿကမင်းက ထပ်မေးသည်။

ထိုအခါ ရသေ့ကြီးက "မင်းကြီး၊ သင်၏ မိဖုရားကြီး ဥပရိဟာ ရုပ်အဆင်း ကိုသာ နှစ်သက် သာယာပြီး မာန်ယစ် နေခဲ့တယ်။ ရုပ်အဆင်း လှပဖို့သာ တသသ ပြုပြင်နေခဲ့တယ်။ ဒါန သီလ ကုသိုလ်ကောင်းမှု ပြုဖို့တော့ မေ့လျော့နေခဲ့တယ်။

အဲဒီလို မေ့လျော့ပြီး မာန်ယစ်နေခဲ့တဲ့ အတွက် ဥပရိဟာ သေသွားတဲ့ အခါ ယုတ်ညံ့တဲ့ ဘဝ ရောက်သွားရ ရှာတယ်။ ဒီဥယျာဉ် ထဲမှာပင် နွားချေးပိုးမ ဖြစ်နေရရှာတယ်" ဟု ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြီး မိန့်ကြားလေသည်။

နွားချေးပိုးမ ဖြစ်နေတဲ့ အကြောင်းကို ကြားရ သိရတော့ အဿကမင်းကြီးက မယုံကြည်နိုင်ဘဲ ဖြစ်နေသည်။ ရသေ့ကြီး ကလည်း ပိုးမ ကိုလည်း ပြမည်၊ စကားလည်း ပြောစေမည် ဟု ဆိုပြီး ပိုးဖိုနဲ့ ပိုးမ နှစ်ကောင်လုံး အဿကမင်းကြီးရှေ့ ရောက်လာစေရန် အဘိ ညာဉ်နဲ့ အဓိဋ္ဌာန်ပြုလိုက်သည်။

ပိုးဖိုနဲ့ ပိုးမဟာ နွားချေးပုံ ထဲမှ ထွက်ပြီး မင်းကြီး ရှေ့ကို ရောက်လာသည်။ ရသေ့က "မင်းကြီး၊ နောက်ကနေ လိုက်ပါလာတဲ့ ပိုးမဟာ သင့်ရဲ့ ဥပရိ မိဖုရားကြီးပဲ၊ သေချာ ကြည့်လော့" "အရှင်ဘုရား၊ အင်မတန် လိမ္မာရေးခြား ရှိတဲ့ ဥပရိ မိဖုရားက ဒီနွားချေးပိုးမ ဖြစ်တယ်ဆိုတာ ကျွန်ုပ် မယုံကြည်နိုင်ပါ" ဟု ငြင်းဆို ပြန်သည်။

"ဒါဆိုရင် စကား ပြောခိုင်းမယ်" ဟု ဆိုပြီး ရသေ့က မိမိပြောတဲ့ စကားကို ပိုးမ နားလည်စေရန်၊ ပိုးမက ပြန်ပြောတဲ့ စကားကိုလည်း မင်းကြီးနှင့်တကွ ပရိသတ် များပါ ကြားရပြီး နားလည်စေရန် အဘိ ညာဉ်တန်ခိုးဖြင့် အဓိဋ္ဌာန်ပြု လိုက်ပြီး

"ဟဲ့ပိုးမ၊ နင်ဟာ ရှေးဘဝတုန်းက ဘယ်သူ ဖြစ်ခဲ့သလဲ" "အဿကမင်းရဲ့ မိဖုရားကြီး ဥပရိ ဖြစ်ခဲ့ပါတယ် ဘုရား" "ပိုးမ၊ နင်ဟာ အခု အဿက မင်းကြီးကိုပဲ ချစ်သလား၊ နွားချေး ပိုးဖိုကိုပဲ ချစ်သလား"

"အဿကမင်းက ရှေးဘဝတုန်းက တပည့်တော်မ၏ ခင်ပွန်းလင် ဖြစ်ခဲ့ပါတယ်။ အဲဒီအခါတုန်းက ဒီဥယျာဉ်တော်ထဲမှာ တူနှစ်ကိုယ် ယှဉ်တွဲပြီး လှည့်လည်ခဲ့ ဖူးပါတယ်။ ဒါပေမဲ့ အခုအခါမှာတော့ ဘဝသစ် ရောက်နေတဲ့အတွက် အဿက မင်းဟာ တပည့်တော်မနဲ့ ဘာမှ မဆိုင်တော့ပါ ဘုရား။

ချမ်းသာ ဆင်းရဲ အသစ်က ချမ်းသာဆင်းရဲ အဟောင်းကို ဖုံးကွယ် သွားတာကြောင့် လက်ရှိလင် ဖြစ်သော ပိုးဖိုကို သာလျှင် အဿကမင်းထက် သာ၍ ပိုလို့ ချစ်ပါတော့သည် ဘုရား" ဟု ပြန်ပြောလေသည်။

နွားချေးပိုးမက စိမ်းစိမ်း ကားကား ရက်ရက်စက်စက် ရင့်ရင့် သီးသီး ပြောလိုက်သည်ကို ကြားရတော့ အဿကမင်းကြီးမှာ စိတ် နှလုံးမသာ ဖြစ်သွားသည်။

"ငါကတော့ သူ့ကို ချစ်မြတ်နိုး လွန်းလို့ သူ့အလောင်း ကိုတောင် မစွန့်ရက်ဘဲ ရှိနေတယ်။ သူ့ကတော့ ငါ့အပေါ် တယ်စိမ်းကား ပါလား" ဟု ဆင်ခြင် တွေးတောပြီး ဥပရိ မိဖုရားကြီးပေါ်မှာ စိတ်အပျက်ကြီး ပျက်သွားသည်။

အဿကမင်းသည် ထိုင်နေရင်းပဲ "ဟေ့ ဟိုကောင်မ အလောင်းကို ထုတ်ပစ်လိုက်ကြတော့" ဟု အမိန့် ပေးပြီးတော့ ရေမိုးချိုးကာ ကိုယ်ကို သန့်စင်စေပြီး နန်းတော်သို့ ပြန်သွား ပါသည်။ ဘုရားလောင်းရသေ့ကြီးက မင်းကြီးကို ဆုံးမ ပြီးနောက် ဟိမဝန္တာသို့ ပြန်ကြွသွား ပါတော့သည်။ ချစ်ဘုန်းဇံ (ဓမ္မာစရိယ၊ ဘီအေ)

Post a Comment

0 Comments