အပ်ချုပ်သမားနှင့် သူဌေးကြီး

တခါက အိမ်တကာ လှည့်ပြီး လက်ခစား အဝတ်ချုပ်တဲ့ အလုပ်ကို လုပ်တဲ့ အဝတ်ချုပ်သမား တယောက် ရှိတယ်။ တနေ့တော့ သူဟာ သူဌေးကြီး တဦးရဲ့ အိမ်မှာ ဝတ်စုံတစုံ ချုပ်ပေးဖို့ အလုပ် အပ်နှံခြင်း ခံရသတဲ့။

အဲဒါနဲ့ သူဌေးကြီး ထံကနေ သူချုပ်ပေး ရမယ့် အဝတ်စကို တောင်းယူ ပြီးတဲ့အခါ ပြောင်လက် တောက်ပပြီး တန်ဖိုးကြီး ပေးရတဲ့ ကတ်ကြေး တလက်နဲ့ အဝတ်စကို လိုအပ်သလို ကိုက်ဖြတ် လိုက်တယ်။

ပြီးတာနဲ့ အဲဒီ ကတ်ကြေးကို သူခြေထောက် နားမှာ ချထား လိုက်တယ်တဲ့။ အဲဒီ နောက်တော့ အပ်သေးသေးလေးနဲ့ အပ်ချည်ကြိုး အချို့ကို ထုတ်လိုက်ပြီး၊ ခုနက အပိုင်းပိုင်း ဖြတ်ထားတဲ့ အဝတ်စ တွေကို စတင် ချုပ်လုပ်တော့ သတဲ့။

အချိန် အတော်ကြာလို့ လှပ သေသပ်တဲ့ ဝတ်စုံကို ချုပ်လုပ်ပြီးတဲ့ အခါမှာတော့ သူဟာ အဝတ်ချုပ်တဲ့ အပ်လေးကို သူ့ခေါင်းမှာ ဆောင်းထားတဲ့ ဦးထုပ်မှာ တရိုတသေနဲ့ ပြန်ပြီး ထိုးထားလိုက် လေတယ်။

ဒီတော့ သူ့ရဲ့ လုပ်ပုံကိုင်ပုံကို အစအဆုံး စောင့်ကြည့်နေတဲ့ သူဌေးကြီးက မနေနိုင်တော့ပဲ သူ့ကိုမေးတယ်။ "မိတ်ဆွေ တန်ဖိုးကြီးပြီး တောက်ပြောင် လှပတဲ့ ကတ်ကြေး ကိုတော့ သင့်ခြေထောက်ရင်းမှာ ထားပြီး၊ ဘာမဟုတ်တဲ့ တန်ဖိုးနည်း အပ်လေးကိုတော့ ဘာဖြစ်လို့ သင့်ဦးခေါင်း ထက်မှာ တရိုတသေ သိမ်းဆည်း ပါသလဲ"

စက်ချုပ်သမားက သူဌေးကြီးကို ပြုံးပြလိုက်ပြီး ရှင်းပြတယ်။ "သူဌေးမင်း ကတ်ကြေးဟာ တောက်ပြောင် လှပပြီး တန်ဖိုးကြီး ပေးရတာ မှန်ပါတယ်။ ဒါပေမယ့် သူက အဝတ်စတွေကို အပိုင်းပိုင်း ကိုက်ဖြတ်တာပဲ လုပ်တယ်။ အပ်ကလေး ကတော့ သူနဲ့ ဆန့်ကျင်ဘက်ပါ။

အပ်ကလေးက အမြင် မလှမပနဲ့ တန်ဖိုးလည်း နည်းပေမယ့် အပိုင်းပိုင်း ဖြစ်နေတဲ့ အဝတ်စတွေကို ပေါင်းစီး ပေးနိုင်ပြီး သေသပ်လှပတဲ့ ဝတ်စုံတစုံ အဖြစ် ဖန်တီးပေးနိုင်တယ်။ ကျနော့် အတွက်တော့ အပ်ကလေးဟာ ကတ်ကြေးထက် ပိုပြီး အလေးအမြတ် ထားရမယ့် ပစ္စည်းတခု ဖြစ်ပါတယ် သူဌေးမင်း"

ပြီးတော့ အပ်ချုပ်သမားက ဆက်ပြောတယ်။ "ပစ္စည်းတွေရဲ့ တန်ဖိုးကို သတ်မှတ်တဲ့ အခါ သူ့ကို ပေးချေရတဲ့ ငွေကြေးနဲ့ မပိုင်းဖြတ် ပါဘူး။ အဲဒီ ပစ္စည်းဟာ လောကကြီးအတွက်၊ ဘယ်လောက်တောင် အသုံးဝင်သလဲ ဆိုတဲ့ အပေါ် မူတည်ပြီး သတ်မှတ်ရ ပါတယ်" လို့ ပြောဆိုလိုက် ပါတယ်။

ကျွန်တော်တို့ တတွေလည်း လောက အလယ် ရုန်းကန် လှုပ်ရှားရင်း ဘဝတွေကို ဖြတ်သန်း ကြတဲ့အခါ လူ နှစ်မျိုး နှစ်စား တွေ့နိုင်ပါတယ်။ ကတ်ကြေးလို လူမျိုးနဲ့ ချုပ်အပ်လေးလို လူမျိုးတွေပေါ့။

ဒါကြောင့် စည်းလုံး ညီညွတ်မှုတွေကို ဖြိုခွဲ ဖျက်စီးနိုင်တဲ့၊ အရာရာကို ကိုက်ဖြတ် ပိုင်းစုတ်နိုင်တဲ့ ကတ်ကြေးလို လူမျိူးတွေကို သတိထား ရှောင်းရှားပြီး

လောက လူ့ရွာအတွက် ကောင်ကျိုး ပြုပြီး စည်းလုံး ညီညွတ်မှုကို ဆောင်ရွက်နိုင်စွမ်းတဲ့ ချုပ်အပ်လေးလို လူမျိူးကို ပေါင်းသင်း ဆက်ဆံ တန်ဖိုး ထားသင့်ကြောင်းကို ဒီအကြောင်း အရာလေးက သင်ခန်းစာ ပေးထားတာ ဖြစ်ပါတယ်။ Crd

Post a Comment

0 Comments