လူသားဆန်သော စိတ်ဓာတ်

ပြင်းထန်တဲ့ ရောဂါတွေနဲ့ နေမကောင်း ဖြစ်နေတဲ့ လူနှစ်ယောက်ဟာ ဆေးရုံက အခန်း တခန်းမှာ အတူတူ နေရတယ်။ တယောက်က နေ့လည်ဆို တနာရီလောက် သူ့ရဲ့ အဆုတ်ထဲက အရည်တွေကို ပိုက်နဲ့ ထုတ်ပစ်ဖို့ ကုတင်ပေါ်မှာ ထိုင်ပြီး နေရတယ်။ သူ့ရဲ့ ကုတင်က ပြတင်းပေါက် ဘေးနားမှာ ရှိတယ်။

နောက်တယောက် ကတော့ သူ့ရဲ့ ရောဂါ အခြေအနေအရ ကုတင်ပေါ်မှာ တနေကုန် ပက်လက် လှဲနေရတယ်။ သူတို့ နှစ်ယောက်ဟာ သူတို့ရဲ့ မိသားစု အကြောင်းတွေ အလုပ်အကြောင်းတွေ စစ်မှု ထမ်းခဲ့တဲ့ ကာလက အကြောင်းတွေ အပန်းဖြေ ခရီး အကြောင်းတွေကို ပြောဆို ဖလှယ်ကြတယ်။

နေ့လည်တိုင်းမှာ ကုတင် ဘေးနားက လူဟာ ကုတင်ပေါ် ထိုင်နေရတဲ့ အချိန်တိုင်းမှာ ပြတင်းပေါက်ကနေ သူမြင်ရတာ တွေကို အထဲက ကုတင်ပေါ် လှဲနေရတဲ့ လူကို ပြောပြတယ်။ ပြတင်းပေါက် ကနေ လှပတဲ့ ရေကန်ကြီးနဲ့ ပန်းဥယျာဉ်ကြီး တခုကို လှမ်းမြင်ရကြောင်းကို ပြောပြတယ်။

ဘဲလေးတွေ ငန်းတွေက ရေကန်ထဲမှာ ကူးလို့ ကလေးငယ်တွေ ကလည်း သူတို့ရဲ့ အရုပ်လှေကလေး တွေနဲ့ ဆော့ကစား ပျော်မြူးနေကြ လို့တဲ့။ ပန်းခြံထဲမှာလည်း လူငယ်စုံတွဲ လေးတွေ လက်ချင်း ချိတ်ဆက်ပြီး ပန်းခင်းတွေ ကြားထဲ လမ်းလျှောက်နေ ကြတာလည်း ကြည်နူးစရာပဲ။

ခပ်ဝေးဝေး မှာတော့ မြို့ထဲက တိုက်တာတွေကို လှမ်းမြင်နေ ရတယ်တဲ့။ အဲဒီလို ပြတင်းပေါက် ဘေးနားက လူနာက ပြောပြတာတွေကို အထဲက လူနာက ကုတင်ပေါ်မှာ မှေးပြီး စိတ်ကူးနဲ့ မြင်ယောင်ကြည့်ပြီး ကြည်နူးရတယ်။

တနေ့မှာတော့ ပွဲလမ်းတခုကို သွားတဲ့ အလှပြ ဖျော်ဖြေရေးအဖွဲ့ လူတန်းတခု ဆေးရုံနားက ဖျက်သွားတာကို ပြောပြတယ်။ ဘင်ခရာသံတွေ တီးဝိုင်းသံတွေ မကြားရပေမယ့် ပြတင်းပေါက် ဘေးနားက လူနာရဲ့ ပြောဆိုဖော်ပြမှု ကောင်းမွန် လှတာကြောင့် ကုတင်ပေါ်က လူနာရဲ့ စိတ်ကူးထဲမှာ အဲဒီ လူတန်းကို ကွက်ကွက်ကွင်းကွင်း ပုံဖော်ကြည့်လို့ ရတယ်။

အဲဒီလိုနဲ့ ရက်လ အနည်းငယ် ကြာတော့ ပြတင်းပေါက် ဘေးနားက လူနာဟာ ငြိမ်းချမ်းစွာနဲ့ အိပ်ရင်း ဆုံးပါးသွားတယ်။ ဆေးရုံက ဝန်ထမ်းတွေလည်း သူ့ရဲ့ ရုပ်အလောင်းကို ကုတင်ပေါ်ကနေ ဖယ်ရှား ယူဆောင်သွား ကြတယ်။ အခန်းထဲက လူနာလည်း သူနာပြု ဆရာမကို သူ ပြတင်းပေါက်နား ပြောင်းလို့ရမလားလို့ မေးကြည့်တယ်။

သူနာပြု ဆရာမတွေလည်း သဘောတူပြီး သူ့ကို ပြောင်းရွှေ့ နေရာချထားပေး လိုက်တယ်။ သူဟာ ပြတင်းပေါက် ဘေးနားက ကုတင်ပေါ်ရောက်တာနဲ့ သူ့ရဲ့ တံတောင်နဲ့ အားယူပြီး နာကျင်စွာနဲ့ပဲ ကုတင်ပေါ်မှာ အားယူပြီး ထိုင်လိုက်တယ်။

မျှော်လင့်ချက်ကြီးစွာနဲ့ ပြတင်းပေါက်ရဲ့ အပြင်ကို လှမ်းကြည့်လိုက်တော့ ဘေးနားက အဆောက်အအုံရဲ့ နံရံကြီး ကိုပဲ မြင်ရတယ်။ အပြင်က မြင်ကွင်းကို ဘေးက အဆောက်အအုံ နံရံကြီးနဲ့ ပိတ်ထားတာကို တွေ့ရတယ်။

အဲဒါနဲ့ပဲ သူက သူနာပြု ဆရာမကို ဆုံးပါးသွားတဲ့ သူ့ရဲ့ အခန်းဖော်ဟာ မရှိတဲ့ အပြင်က ရှုခင်းတွေ အဖြစ်အပျက်တွေ အကြောင်း သူ့ကို ပြောပြတာကို ပြောပြတယ်။ "အဆောက်အအုံရဲ့ နံရံကြီးပဲ တွေ့နေရလျက်နဲ့ ဘာကြောင့်သူ ဒီလို ရှုခင်းတွေ အကြောင်း ဖန်တီး ပြောဆိုတာလဲ" လို့ ဆရာမကို ဆွေးနွေး မေးမြန်းကြည့်တယ်။

ဆရာမက "အမှန်တော့ ဆုံးသွားတဲ့ ရှင့်ရဲ့ အခန်းဖော်ဟာ နံရံကြီး ကိုတောင် မမြင်နိုင်ရှာတဲ့ မျက်စိ ကွယ်နေတဲ့ လူပါ" လို့ ပြောပြတော့ သူဟာ အင်မတန် ဝမ်းနည်း စိတ်မကောင်း ဖြစ်ရပါ တော့တယ်။ "သူက ရှင့်ကို အားပေးချင်လို့ နေမှာပေါ့" လို့ ဆရာမလေးက ဖြေကြားပြီး ထွက်ခွာသွားတယ်။

ကိုယ်ရင်ဆိုင်နေတဲ့ အခြေအနေ အခက်အခဲတွေ ကြားက အခြားသူတွေကို ပျော်ရွှင် ကြည်နှုးအောင် လုပ်ပေးနိုင်တာဟာ ကြီးမြတ်လှတဲ့ လူသားဆန်တဲ့ စိတ်ဓာတ်၊ စစ်မှန်တဲ့ သတ္တိပဲ ဖြစ်တယ်။ SarPayLawKa and phoomyatchal

Post a Comment

0 Comments