လူဖြစ်ရကျိုးနပ်သူ

"ဖိုးဖိုး သူတို့ မိသားစုက ချမ်းသာတယ်နော်။ အားကျစရာ ကောင်းလိုက်တာ။ လူဖြစ်ရကျိုး နပ်လိုက်တာ" "ဘာလို့လဲ မြေးလေး။ မြေးလေးလည်း လူပဲလေ သူတို့လို လက်တွေ ခြေတွေ ပါတယ်လေ" "ဒါပေမယ့် မြေးတို့က သူတို့လောက် လူရာ မဝင်သလိုပဲ"

"မြေးထင်လို့ပါ။ လူရယ်လို့ ဖြစ်လာရင် ချမ်းသာချင်တယ်၊ အောင်မြင်ချင်တယ်၊ ပိုင်ဆိုင်ချင် ကြတယ်။ ဘာလို့လဲ သိလား မြေးလေး။ သူတို့ လိုတာရရင် ပျော်ရွှင်ရ လိမ့်မယ် လို့ ပုံသေ တွက်ထားကြ လို့ပဲ"

အဘိုးအိုက ဆက်ပြောတယ်။ "ဟိုမှာတွေ့ လား မြေးလေး။ အဲဒီ ရေစည်ထဲက ရေတွေကို ဒီအိုးထဲ အကုန် ဝင်အောင် ထည့်ကြည့်" "ဟာ ဘိုးဘိုးက ရေစည်က အကြီးကြီး အိုးက သေးသေးလေး။ ရေစည်ထဲက ရေတွေ အားလုံး ဘယ်ဆန့်ပါ့မလဲ"

အဘိုးအိုက ခဲတလုံး ကောက်ပြီး အိုးရဲ့ အောက်ခြေကို ဆက်ကနဲ့ ပေါက်ခွဲ လိုက်တယ်။ "ငါ့မြေး ပြည့်အောင် ထည့်ကြည့်လိုက်" "ဒီလိုဆို ဘယ် ပြည့်ပါတော့မလဲ ဘိုးဘိုးရဲ့"

"လူတွေရဲ့ လိုအပ်ဆန္ဒ ဟာလည်း ပေါက်နေတဲ့ အိုးလိုပဲ မြေးရဲ့။ ရေပြည့်တဲ့ အိုးတိုင်း လျှံတတ်သလို ရေ မရှိတဲ့ အိုးကလည်း ခြောက်သွေ့ အက်ကွဲတတ်တယ် မြေးလေး။

လူဖြစ်ရကျိုး နပ်တယ် မနပ်ဘူး ဆိုတာက ဒီလို ရှိတယ်။ မြေး စားနေတဲ့ ထမင်း အင်း ဆန်ပေါ့ကွာ။ အကောင်းစား ဆန်းတလုံး တည်မယ်၊ အညံ့စား ဆန်တလုံး တည်မယ်။ မြေး ဘယ်ဆန်စားမလဲ" "ဘိုးဘိုးကလည်း အကောင်းစားပဲ စားမှာပေါ့"

"အဲဒီ မြေးစားမယ် ဆိုတဲ့ အကောင်းစား ဆန်က ပျော့ တူး မနပ် ဖြစ်နေပြီး အညံ့စား ဆန်က စားလို့ရတဲ့ အနေတော် ဆိုရင်ရော" "စားလို့ ရတာပဲ စားမယ် အဖိုး"

"လူဆိုတာလည်း ဒီလိုပဲ ဘယ်လောက် ပြည့်စုံပါစေ စာနာစိတ်၊ ခွင့်လွှတ်စိတ်၊ သူ့ဘက်ကိုယ်ဖက် မကြည့်တတ်ရင် အိုးထဲမှာ မနပ်ခဲ့တဲ့ ထမင်းလိုပဲ ပန်းကန်ထဲ ရောက်မှ နပ်အောင် နှပ်မရတော့ဘူး မြေး။

အဲ့လိုပဲ မပြည့်စုံ ပေမယ့် စာနာစိတ် အပြည့်ရှိတဲ့သူ ခွင့်လွှတ် နားလည်တတ်သူ၊ သူ့ဘက် ကိုယ်ဘက်ကို အတိုင်းအတာနဲ့ ကြည့်တတ်သူ ဟာလည်း လူဖြစ်ရကျိုး နပ်ပါတယ် မြေးရဲ့။ ရေပြည့်တိုင်း မသန့်ဘူး မြေးလေးရဲ့။

အခု မြေးရှေ့က ကန်ကြီးတွေ အမှိုက်သရိုက် ပေါင်းစုံနဲ့ ပြည့်နေတယ်။ မြေးသောက်မလား၊ ရေချိုးမလား" "ရွံစရာ ကြီး ဖိုးဖိုးရယ်" "ဒါဆို ဟိုရေစည် ထဲက ရေနည်းနည်းလေး ကိုရော" "သောက်လည်း သောက်လို့ ရတယ် ချိုးလည်း ချိုးလို့ ရပါတယ် အဘိုး"

"မြေး လူဖြစ်ရကျိုး နပ်တယ် ဆိုတာ ဒါပဲ။ ပြည့်ဝတယ် ဆိုတာ သဘောထား ပြည့်ဝခြင်း ခွင့်လွှတ် သည်းခံခြင်းတွေ ပြည့်နေဖို့နဲ့ကိုယ်ချင်းစာနာစိတ်တွေ အမြဲ ပြည့်ဝနေရင် လူဖြစ်ရကျိုး နပ်တာပါပဲ မြေးရယ်"ရွေးချယ်မှုသည် မိမိအတွက် ဖြစ်ပါစေ။ Crd

Post a Comment

0 Comments