အားကိုးမှားတဲ့ ဒေါ်ပေါကြွယ် (ဓမ္မပုံပြင်)

ဘုရားရှင်၏ လက်ထက်တော် ကာလက သာဝတ္ထိမြို့မှာ သူဋ္ဌေးသမီး တယောက်ဟာ အချိန်တန် အရွယ်ရောက်လို့ အိမ်ထောင်ရက်သား ကျတဲ့အခါ လင်ယောက်ျားနောက် လိုက်ပါပြီး နေရပါသတဲ့။ သူတို့ ဇနီးမောင်နှံဟာ သူဋ္ဌေးမျိုးရိုးက ဆင်းသက်လာ သူများ ပီပီ အင်မတန် ချမ်းသာ ကြွယ်ဝကြတယ်။ ဆွေးကြီး မျိုးကြီး ဥစ္စာဓန ကြီးမားသူများ ဆိုတော့ မြို့မျက်နှာဖုံးလို့ ဆိုရမှာပဲ။

မကြာခင် ကာလမှာပင် သား ခုနှစ်ယောက်၊ သမီး ခုနှစ်ယောက် ထွန်းကားလို့ "ဗဟုပုတ္တိကာသောဏာ" လို့ အများက အမည်ပေး ကြသတဲ့။ "ဗဟုပုတ္တိကာ" ဆိုတာ သားသမီး ပေါများသူလို့ အဓိပ္ပါယ် ရပါတယ်။

"သောဏာ" ဆိုတာကတော့ သူ့နာမည်ရင်းပါပဲ။ မြန်မာလို ခေါ်မယ် ဆိုရင်တော့ သားသမီးတွေ ပေါသလို ဥစ္စာဓနလည်း ကြွယ်ဝသူမို့ ဒေါ်ပေါကြွယ်လို့ ခေါ်ရမှာပေါ့။

ဒေါ်ပေါကြွယ်ဟာ ဘုရားရှင် သီတင်းသုံးတော်မူရာ သာဝတ္ထိပြည်မှာ နေရပေမယ့် ကုသိုလ်ရေး စိတ်မဝင်စား ဘူးတဲ့။ မိတ်ဆွေတွေက တိုက်တွန်းတဲ့ အခါမှာလည်း "ဒါနလုပ်တယ် ဆိုတာအေ ဆင်းရဲတဲ့ သူတွေ၊ ပစ္စည်းမရှိလို့ ပစ္စည်းပေါပြီး ချမ်းသာ အောင် လုပ်ကြတာပဲ။ တို့မှာ ပစ္စည်း ရှိပြီးသားပဲ၊ မလိုပါဘူး" လို့ ပြန်ပြောသတဲ့။

ဥပုသ်စောင့်ဖို့ ခေါ်တဲ့အခါ "ဥပုသ်စောင့်တယ် ဆိုတာလည်း အကုသိုလ်တွေ များနေမှ လုပ်ဖို့ လိုတာပါ။ တို့မှာ အကုသိုလ်မှ မလုပ်ဘဲ။ နောက်ပြီး အားလည်း မအားပါဘူး" လို့ ငြင်းပြန်သတဲ့။

နောက်တခါ တရားအား ထုတ်ဖို့ တိုက်တွန်း တော့လည်း "တရား အားထုတ်တယ် ဆိုတာ စိတ်အားငယ် နေတဲ့ သူတွေ၊ ခိုးကိုးရာမဲ့ သူတွေသာ လုပ်ရတာ တို့မှာက ဆွေရှိမျိုးရှိ ငွေကြေးတွေ ရှိတာ မပူရပေါင်၊ ပြီးတော့ သားသမီးတွေကို ချစ်လွန်းလို့ သူတို့ကို ပစ်ပြီး ဘယ်သွားရက်မှာလဲ" လို့ ပြောသတဲ့။

ဘဝဆိုတာ "အသိမှန်ကန် အဖိုးတန်" တဲ့။ မှန်ကန်တဲ့ အသိတရား မရှိရင်တော့ အခိုင်အမာ မဟုတ်တာကိုပဲ တကယ့် အားကိုးစရာလို့ ထင်နေတတ် ပါတယ်။ အခု ဒေါ်ပေါကြွယ်က ဥစ္စာဓနနဲ့ ဆွေမျိုးတွေကို ဘဝရဲ့ အမာခံလို့၊ အားကိုးစရာလို့ ထင်နေတာကိုး။

အဲဒီလိုနဲ့ အသက်အရွယ် အတော်အတန် ရလာတဲ့အခါ သားသမီးတွေက အသီးသီး အိမ်ထောင်ကိုယ်စီ ကျကုန်ပြီ၊ အဲဒီအချိန် သူ့ခင်ပွန်း ဖြစ်တဲ့ သူဋ္ဌေးကြီးက အနာရောဂါ တခုနဲ့ ဖျတ်ခနဲ ကွယ်လွန်သွားရော။ ဒေါ်ပေါကြွယ် တယောက် ဆောက်တည်ရာ မရ ဖြစ်လိုက်တာ၊ စောစောတုန်းက ဒီမိသားစု အဆောက်အအုံကြီး ပြိုကျ သွားလိမ့်မယ်လို့ မထင်ခဲ့ပါဘူး။ အမြဲတမ်း ရာသက်ပန်ပဲ ဒီအသိုင်းအဝိုင်းကြီး၊ ဒီမိသားစုကြီးဟာ ဒီအတိုင်း တည်မြဲနေမယ် လို့ သူထင်ခဲ့တာ။

အခုတော့ အထင်ကြီး ခဲ့တာတွေ ပြိုကျ ပျက်စီးသွားတော့ အားငယ် ပူဆွေးလိုက်တာများ မပြောပါနဲ့၊ တော်တော်ကြီး စိတ်ဆင်းရဲသွားသတဲ့။ သူဋ္ဌေးကြီး ကွယ်လွန်လို့မှ မကြာခင်ဘဲ သားတွေ၊ သမီးတွေ က အမွေ ခွဲဝေပေးဖို့ ဝိုင်းပြီး ပူဆာကြ၊ တောင်းဆိုကြသတဲ့။

"အမေ၊ အဖေလည်း မရှိတော့ဘူး၊ အမေကလည်း အသက်ကြီး လာပြီ။ သားတို့ သမီးတို့ ရသင့် ရထိုက်တာတွေ ခွဲဝေပေးပါ။ အမေလည်း အဖေမရှိတော့ သားတို့ သမီးတို့နဲ့ လိုက်နေပါ" စသည်ဖြင့် ချော့တဲ့လူက ချော့၊ ခြောက်တဲ့လူက ခြောက်ပြီးတော့ အမွေတောင်းကြသတဲ့။

အမွေဆိုတာ အင်မတန် စကားများတဲ့ ဥစ္စာတွေပဲ။ လူကို အလွန် စကား အပြောခိုင်းတဲ့ ပစ္စည်းတွေ။ တယောက်နဲ့ တယောက် သွေးကွဲအောင်လည်း ခွဲတတ်တယ်။ အင်မတန် ရင်းနှီးတဲ့ သားနဲ့ အမိ၊ ညီအကို မောင်နှမ အားလုံးကို သွေးကွဲစေတာ ပါပဲ။

အခုလည်း အမွေတွေက စကား အပြောခိုင်းလို့ သားတွေ သမီးတွေက အမွေစကား ပြောလာတဲ့အခါ၊ သားသမီးတွေကို ယုံတဲ့ ဒေါ်ပေါကြွယ်ကြီးက ကိုယ့်အတွက်တောင် ချန်မထား တော့ဘဲ ပစ္စည်းတွေ အားလုံးကို အညီအမျှ ခွဲဝေပြီး ပေးပစ်လိုက်ပါသတဲ့။

အမွေတွေ အကုန် ခွဲဝေပြီးတဲ့ အခါ နေစရာအိမ် မရှိတော့တဲ့ ဒေါ်ပေါကြွယ်ဟာ သူ့သားသမီးတွေ အိမ်ကို လိုက်နေပါတယ်။ နောက်ထပ် ရစရာ မရှိတော့တဲ့ အမေအိုကြီးကို ဘယ်သားသမီး ကမှ ကြာကြာ လက်ခံ မထားချင်ဘူးတဲ့။ သားတွေက မကြည်ဖြူတဲ့ အပြင် ချွေးမတွေက နှိပ်စက်သတဲ့။

သမီးတွေက ငြူစူသလို သမက်တွေကလည်း ဆဲဆို ကြိမ်းမော င်းကြသတဲ့။ သားသမီးယုံ စုံလုံးကန်း ဆိုသလို ဒေါ်ပေါကြွယ်တယောက် လောကကြီးမှာ သူမထင်တာတွေ ဖြစ်လာတဲ့အခါ စိတ်အနာကြီး နာသတဲ့။ လောကမှာ ရုပ်အနာနဲ့ စိတ်အနာ ဆိုပြီး နှစ်မျိုးရှိပါတယ်။ အဲဒီအထဲမှာ စိတ်အနာက အဆိုးဆုံး၊ အကုရ အခက်ဆုံးပဲ။

သောကတွေ၊ ဒေါမနဿတွေက နှလုံးသားထဲမှာ နှိပ်စက်လိုက်တာ၊ ဘယ်လို ပူလောင်မှန်း မသိ၊ ဆောက်တည်ရာ မရှိ ဖြစ်တ တ်တယ်။ စိတ်နာလွန်းရင် စကားတောင် မပြောနိုင်တော့ဘူး။ တချို့ မိဘနဲ့ သားသမီး၊ ညီအကို မောင်နှမ အချင်းချင်း စိတ်နာ လို့ စကား မပြောကြဘူးတဲ့။

အဲဒီတော့ ဒီစိတ်အနာက အလွန် ဆိုးပါတယ်။ စိတ်အနာ လွန်သွားရင် စိတ်ရောဂါ ရတတ်ပါတယ်။ ရုပ်အနာက ဆေးတွေ့ သွားရင် ပျောက်လွယ် တတ်တယ်။ စိတ်အနာဆိုတာက ဆေးတွေ့ရုံ သက်သက်နဲ့ မပျောက်ပါဘူး။ တရားပါ တွေ့မှ ပျောက်ပါတယ်။

မြတ်စွာဘုရား သာသနာဆိုတာ စိတ်နာပျောက်အောင် ကုပေးတဲ့ နေရာပါပဲ။ မြတ်စွာဘုရားရဲ့ အဆုံးအမ လမ်းညွန် ချက်တွေဟာလည်း စိတ်နာ ပျောက်စေတဲ့ လမ်းစဉ်တွေချည်း ပါပဲ။ သတ္တဝါတိုင်း စိတ်နာ ပျောက်ကင်းမှ ငြိမ်းအေးကြ ပါတယ်။

အခု ပစ္စည်းဥစ္စာတွေ အားကိုးခဲ့တဲ့ ဒေါ်ပေါကြွယ်၊ သားသမီးတွေကို အားကိုးခဲ့တဲ့ ဒေါ်ပေါကြွယ် ခမျာ အဲဒီဟာတွေကို အားကိုးလို့ မရတော့ ကိုယ့်ကိုယ်ကို မကျေနပ်၊ ပတ်ဝန်းကျင်ကို မကျေနပ်၊ ဘဝကို မကျေနပ်တော့ စိတ်နာရပြီ။

ဒီစိတ်အနာ ကုဖို့ ဆိုတာ မြတ်စွာဘုရားရဲ့ တရားပဲ ရှိတယ်လို့ သိလိုက်ရတာနဲ့ တပြိုက်နက် သာသနာတော်ဝင် ဘိက္ခုနီမ အဖြစ် ခံယူပြီးတော့ ကြိုးကြိုးစားစား တရားရှူမှတ် ပါသတဲ့။ ပစ္စည်းတွေ၊ ဆွေမျိုးတွေ အားကိုးခဲ့တဲ့ ဒေါ်ပေါကြွယ်ဟာ ပစ္စည်းတွေ ဆွေမျိုးတွေရဲ့ ဝိုင်းပယ်ထားခြင်း ခံရလေတော့ ကိုယ့်အမှားကို သံဝေဂကြီးစွာ ရပြီးတော့

"နေဝင်ခါနီးမှ စပါး လှန်းသူဟာ စပါးခြောက်အောင် နာနာမွှေပေး ရသလိုပဲ၊ ငါဟာ အသက်ကြီးမှ ရဟန်းဝတ်လာသူ ဖြစ်လေတော့ မနေမနား တရားအားထုတ်မှ တော်မယ်" ဆိုပြီး မအိပ်မနေ တရားရှူမှတ် ပါသတဲ့။

အဲဒီလို ကြိုးစားမှုကြောင့် မကြာခင်မှာဘဲ ဘုရားရှင်ရဲ့ အားပေးမှုနဲ့ ရဟန္တာမ အဖြစ် ရောက်တော်မူခဲ့ပါတယ်။ အဲဒီအချိန်က စပြီး ဒေါ်ပေါကြွယ် တဖြစ်လဲ သောဏာထေရီ မကြီးဟာ ဂုဏ်သတင်းမွှေး ကျော်ကြားလာ ခဲ့ပြီးတော့ နောက်ဆုံး မြတ်စွာဘုရားရှင်ရဲ့ အာရဒ္ဓဝီရိယဧတဒဂ်ပေးခြင်း ကိုပင် ခံယူခဲ့ရပါတယ်။

ဘဝမှာ အားကိုးမှားခဲ့တဲ့ ဒေါ်ပေါကြွယ်တယောက် လောကရဲ့ ဝိုင်းပယ်ခြင်း ခံရပေမယ့် သာသနာတော်ရဲ့ ကျေးဇူးကြောင့် မြတ်စွာဘုရားရှင်ရဲ့ တရားအရိပ်အောက်တွင် အေးချမ်း တည်ငြိမ်စွာ လျှောက်နိုင်ခဲ့ပါပြီ။

(၁) အသက် သိက္ခာ၊ ကြီးစရာ၊ လူမှာ နှစ်မျိုးရှိ။ (၂) အသက်ကြီးရုံ၊ အားမစုံ၊ အကုန်ကြောက်ရ၏။ (၃) အသိမကြွယ်၊ အကျင့်ကွယ်၊ "အိုပယ်" ဖြစ်သွား၏။ (၄) အကျင့်သိက္ခာ၊ ကြီးမှသာ၊ ထည်ဝါ ခံ့ညား၏။ (၅) တရားပြည့်ဝ၊ အရိပ်ရ၊ မုချ ချမ်းသာ၏။ တိပိဋကယောဆရာတော်ကြီး။ တော်ဝင်နွယ်၏ ဓမ္မပုံပြင်များစာအုပ်မှ ကူးယူပူဇော်ပါသည်။

Post a Comment

0 Comments