သူများခြေထောက်နဲ့ မရပ်တည်ပါနဲ့

တခါတုန်း ဘီလျံနာ သန်းကြွယ်သူဌေး တယောက်ဆီမှာ အလုပ်သမား လူငယ်နှစ်ယောက် ရှိသတဲ့။ ဘီလျံနာ သန်းကြွယ် သူဌေးဟာ အလွန် ဉာဏ်ကောင်းပြီး ရိုးသားကြိုးစားတဲ့ လူတယောက် ဖြစ်တယ်။ သန်းကြွယ်သူဌေး ဆီမှာ ဒီလူငယ် နှစ်ယောက်ဟာ အလုပ် လုပ်လာတာ ဆယ်နှစ် ရှိခဲ့ပါပြီ။

တနေ့တော့ သန်းကြွယ်သူဌေးက သူ့ရဲ့ အလုပ်သမား နှစ်ယောက်ကို ခေါ်မေးသတဲ့။ "ကဲ အခု မင်းတို့နှစ်ယောက် ငါ့ဆီမှာ အလုပ် လုပ်လာတာ ဆယ်နှစ်ရှိပြီ။ မင်းတို့ ဘာတွေ ပိုင်ဆိုင်ပြီးပြီလဲ" ဆိုတော့ တယောက် ကတော့ ဘာမှ မစုမိသေးပါဘူး လို့ဖြေတယ်။ နောက်တယောက် ကတော့ မြေလေးတကွက်ပဲ ပိုင်ပါသေးတယ် လို့ ဖြေတယ်။

သူဌေးက ဆက်ပြောတယ်။ "မင်းတို့ ငါ့ဆီမှာ အလုပ်လုပ်တာ ဆယ်နှစ်ရှိပြီ။ မင်းတို့ရဲ့ ကြိုးစားမှုကြောင့် ငါဟာ သန်းကြွယ်သူဌေးတယောက် ဖြစ်ခဲ့တယ်။ မင်းတို့ရဲ့ ကြိုးစားမှု့ကိုငါ အသိအမှတ် ပြုတဲ့အနေနဲ့ မင်းတို့ကို ဆုချီးမြှင့် ချင်တယ်။ ဒါကြောင့် ငါမင်းတို့ကို ရွေးချယ်စရာ နှစ်ခု ပေးမယ်။ မင်းတို့ ကြိုက်တာ ယူပါ" ဟု ဆိုကာ သူဌေးက ရွေးချယ်စရာ နှစ်ခု ပေးလိုက်ပါတယ်။

"ရွေးချယ်စရာ နှစ်ခုမှာ တခုက ပိုက်ဆံ မင်းတို့ဘဝ ပြောင်းလဲ နိုင်လောက်တဲ့ အထိ ငွေပမာဏကို တောင်းပါ။ နောက် တခုက ငါချမ်းသာ အောင်မြင်လာတဲ့ နည်းလမ်းကို သင်ပေးမယ်။ မင်းတို့ ကြိုက်တာ ယူပါ" ဆိုတော့ လူငယ်တယောက်က

"ကျွန်တော့်ကို ငွေ သိန်းငါးထောင် ပေးရင် ကျွန်တော့်ဘဝအတွက် ပြောင်းလဲနိုင်ပါတယ်" လို့ တောင်းလိုက်တယ်။

နောက်တယောက် ကတော့ "ကျွန်တော် ငွေမလို ပါဘူး။ ကျွန်တော့်ကို ချမ်းသာ အောင်မြင်နိုင်မယ့် နည်းလမ်း ကိုပဲ သင်ပေးပါ ကျွန်တော့် ဘဝအတွက် ပြောင်းလဲနိုင်ပါတယ်" လို့ ပြောပါတယ်။

ဘီလျံနာ သန်းကြွယ် သူဌေးကလည်း "အေး ဟုတ်ပြီ။ ငွေတောင်းတဲ့ လူကို ငွေပေးမယ်။ ချမ်းသာ အောင်မြင်ချင်တဲ့ လူကို ချမ်းသာ အောင်မြင်နိုင်မယ့် နည်းလမ်း သင်ပေးမယ်" ဟုဆိုကာ နောက်ငါးနှစ် ကြာရင် ငါ့ဆီကို မင်းတို့နှစ်ယောက် ပြန်လာခဲ့ ဆိုပြီး လူငယ်နှစ်ယောက်ကို အတန်တန် မာလိုက်ပါတယ်။

ဒီလိုနဲ့ နောက်ငါးနှစ် ကြာတဲ့အခါ ငွေတောင်းတဲ့လူနဲ့ ချမ်းသာတဲ့ နည်းလမ်းကို တောင်းတဲ့ လူငယ်တို့ သူဌေးဆီကို ပြန်လာခဲ့ပါတယ်။ သူဌေးက "ကဲ အခု ငါးနှစ် ဆိုတဲ့ အချိန်ကာလမှာ မင်းတို့ဘဝတွေ ဘာဖြစ်သွားပြီလဲ" ဆိုတော့ ချမ်းသာ အောင်မြင်ရေးနည်းလမ်း တောင်းတဲ့ လူက ပြောတယ်။

"ဟုတ်ကဲ့ပါ သူဌေးမင်း ကျွန်တော်က သူဌေး သင်ကြားပေး လိုက်တဲ့ နည်းလမ်းအတိုင်း ကြိုးစားခဲ့ပါတယ်။ ရိုးလည်း ရိုးသားခဲ့ပါတယ်။ ကျွန်တော့်ကိုယ် ကျွန်တော် အောင်ကို အောင်မြင်စေရမယ် လို့လည်း အကြွင်းမဲ့ ယုံကြည့်ခဲ့ ပါတယ်။ မလျော့သော ဇွဲ လုံ့လ ဝိရိယ တို့နဲ့ ကျွန်တော် အားစိုက်ခဲ့ တာကြောင့် အခု တိုက်တလုံးနဲ့ ကားတစီး အပြင် ကုမ္ပဏီ တခုကိုလည်း တည်ထောင်နိုင်ခဲ့ပါပြီ" ဟု သူဌေးဆိုသူကို ပြောပါတယ်။

ငွေတောင်းတဲ့ လူငယ်ကလည်း သူ့ရဲ့ ငါးနှစ်ကာလကို ဖြတ်ကျော်ခဲ့တဲ့ အကြောင်းကို သူဌေးကို ပြောပြပါတယ်။ "ဟုတ်ကဲ့ သူဌေး။ သူဌေးပေးတဲ့ ငွေတွေကို ကျွန်တော့်ဘဝ ပြောင်းလဲနိုင်မယ့် ကုမ္ပဏီတွေမှာ ရှယ်ယာ ဝင်တယ်။ နောက်ပြီး အိမ်နဲ့ကားဝယ်တယ်။ ကျန်တဲ့ အပိုငွေတွေကို ခရီးသွားရင်းနဲ့ အချိန်ကုန် ခဲ့ပါတယ်။

ရှယ်ယာ ဝင်ငွေတွေက အစပိုင်း မှာတော့ ဟုတ်သလိုလိုနဲ့ နောက်တော့ ကျွန်တော် ဝင်ထားတဲ့ ကုမ္ပဏီဟာ အရင်းရှုံးသွားလို့ နလံ မထူနိုင်ခဲ့ ပါဘူး။ သူဌေးဆီမှာ အလုပ် လုပ်ခဲ့တဲ့ ဆယ်နှစ်မှာလည်း လုပ်ငန်း အတွေ့ကြုံကို မသင်ယူခဲ့ တဲ့အတွက် ပေါ့ပေါ့နေ ပေါ့ပေါ့စားနဲ့ လုပ်နေမိတယ်။ ဒါကြောင့် အခု ကျွန်တော်မှာ အိမ်လေးတလုံးက လွဲပြီး အလုပ်လက်မဲ့ ဖြစ်နေပါပြီ" လို့ သူ ဌေးကို ပြောလိုက်ပါတယ်။

ထိုအခါ သူဌေးက "အေး မင်းတို့ နှစ်ယောက်လုံး မှတ်ထားကြပါ။ အပင်ကြီးတဲ့ သစ်ပင်ဟာ အမြစ် မခိုင်ရင် ပြိုလဲ မြန်တယ်။ အပင် မကြီးပေမယ့် အမြစ်ခိုင်တဲ့ သစ်ပင်ဟာ ကွဲအက်နေတဲ့ မြေတွေ ကြားမှာ ဘယ်လောက်ပင် ကြီးမားတဲ့ မုန်တိုင်းတွေ ရှိနေပါစေ ထိခိုက်ဒဏ်ရာ ရရုံကလွဲလို့ ဘယ်တော့မှ ပြိုလဲ ပျက်စီးခြင်း မရှိဘူး။

သူဟာ ဘယ်လို ရှင်သန် နေထိုင်ရမလဲ ဆိုတာ စဉ်းစား တွေးတတ်တယ်။ ဒီလို နေတတ်တာကြောင့် အမြဲတန်း လှပ ရှင်သန်နေ လိမ့်မယ်။

ဘဝဆိုတာ သုညက စရတယ်။ ကိုယ်တိုင် သင်ယူ အားစိုက်မှု မရှိဘဲ သူများ ခြေထောက်နဲ့ ရပ်တည်ချင်တဲ့ လူတွေဟာ ဘဝမှာ ဆုံးရှုံးမှု အများဆုံးပဲ။ ငါးနှစ် ဆိုတဲ့ အချိန်ကာလဟာ လူတယောက်ရဲ့ ဘဝကို ကောင်းကောင်း ပြောင်းလဲနိုင်တယ် ဆိုတာ မင်းတို့သိထားပါ" လို့ ပြောဆိုလိုက် ပါတယ်။ Crd

Post a Comment

0 Comments