မိန်းမတွေဟာ ဒီလိုနဲ့ပဲ အိုမင်းသွားခဲ့ရတယ်

မိန်းမတယောက်ရဲ့ တသက်က ခက်ခဲတဲ့ တသက် ဖြစ်တယ်။ သမီးတော် အဖြစ် အနှစ် ၂ဝ၊ မိဖုရား အဖြစ် ၁ ရက်၊ တော်ဝင်မင်းသမီး အဖြစ် ၁ဝ လ၊ အထိန်းတော် အဖြစ် တသက်။ ဒါဟာ မိန်းမတယောက်ရဲ့ တသက်တာ ဖြစ်တယ်။ မိန်းမ အများစုဟာ ဒီလိုနဲ့ပဲ အိုမင်းသွားခဲ့ပါတယ်။

မိန်းမဟာ ကလေးငယ်ကို ပွေ့ချီထားပြီး နွားနို့ ကျိုနေတယ်၊ အဝတ်လျှော် နေတယ်။ ဆပ်ပြာတွေ ပေနေတဲ့လက်နဲ့ နဖူးထက်ကချွေးတွေကို သုတ်ရင်း "အင်း အခုအချိန်မှာ ကလေး ငယ်သေးတယ်၊ ကလေး ကြီးလာရင် ငါလည်း အားလပ်ချိန် လေးတော့ ရှိလာမှာပါ" လို့ တွေးတယ်။

ကလေးက တဖြည်းဖြည်း ကြီးလို့ မူကြိုတက်တဲ့ အရွယ် ရောက်လာခဲ့တယ်။ မိန်းမဟာ ကလေးတဖက်နဲ့ ဈေးသွားတယ်၊ ချက်ပြုတ်တယ်၊ အလုပ် မှာလည်း မလစ်ဟင်းအောင် ကြိုးစားတယ်။ နေ့နေ့ ညည အိမ်မှုကိစ္စ၊ လူမှုရေး ကိစ္စတွေနဲ့ နေမင်း၊ ကြယ်နဲ့လ တို့ကို သူမေ့သွားခဲ့တယ်။

ကိစ္စမရှိဘူး ကလေး ကျောင်းသွားတဲ့ အခါ အားလပ်ချိန် တချို့ ရှိလာနိုင် ပါတယ်။ မိန်းမတွေက ဒီလိုပဲ ပြောကြတယ်။ သူတို့မျက်နှာပေါ် အရစ်အကြောင်းရာတွေ တဖြည်းဖြည်း တွားတက်လာ တာကို သူတို့ ဥပက္ခာ ပြုထားခဲ့မိ ကြတယ်။

ကလေး ကျောင်းတက်တဲ့ အရွယ် ရောက်လာခဲ့ပြီ။ မိန်းမဟာ ပိုအလုပ်များ ရတော့တယ်။ ကလေးကို လူတော် လူကောင်း ထူးချွန် ထက်မြက်သူ ဖြစ်အောင် ပြုစုပျိုးထောင် ရတယ်။

မိန်းမဟာ အိမ်မှုကိစ္စ၊ လူမှုရေးကိစ္စ၊ အလုပ်၊ သားရေး သမီးရေး၊ လင်ဝတ္တရား စတာတွေမှာ တဝဲဝဲ လည်နေတော့တယ်။ သားသမီးနဲ့ လင်ယောက်ျားက နဂါးငွေ့တန်းပါ၊ မိန်းမဟာ ဂြိုလ်ပါလို့ မိန်းမ အများက ဒီလို တွေးခဲ့ကြတယ်။ မိန်းမဟာ ဒီလိုနဲ့ပဲအိုမင်းသွားခဲ့တယ်။

ငွေရောင်ဆံနွှယ် တချို့က မိန်းမရဲ့ နွမ်းနယ်တဲ့ နဖူးထက် ကနေ လေဟာနယ်ထဲ လျောကျ သွားခဲ့တယ်။ ဘယ်အချိန်ခါ မှများ စိတ်လွတ် ကိုယ်လွတ်နဲ့ ငါခဏ အနားရနိုင်မလဲ။ လရောင် မရှိတဲ့ ညနက်မှာ မိန်းမဟာ နာကျင် ညောင်းကိုက်နေတဲ့ အကြောတွေကို အားစိုက် ဆွဲဆန့်ရင်း ကိုယ့်ကိုယ်ကို မေးတယ်။

အာ တောင့်ခံလိုက်ပါဦး ကလေး ကြီးလာလို့ တက္ကသိုလ် တက်ချိန်ရောက်ရင် ဒါမှမဟုတ် သူတို့ အလုပ်ရသွားတဲ့ အခါ အရာအားလုံး ကောင်းသွားမှာပါ၊ အဆင်ပြေ သွားမှာပါ။ အဲဒီအချိန် ရောက်ရင် ငါလည်း အားလပ်ချိန် ရှိလာမှာပါ။ မိန်းမက အဲဒီလို ကိုယ့်ကိုယ်ကို ကတိပေးတယ်။

အချိန်က မိန်းမရဲ့ လှပမှုနဲ့ အားအင်တွေကို စုပ်ယူသွား ခဲ့တယ်။ မျက်နှာပေါ်က အရစ်ကြောင်းနဲ့ လှုပ်ရှားသွားလာမှု တုံ့နှေးခြင်းတွေကို တွင်းမည်းကြီး ပမာ ချန်ထားရစ် ခဲ့တယ်။ မိန်းမဟာ ဒီလိုနဲ့ပဲ အိုမင်းသွားခဲ့တယ်။

ကလေးက အတောင်ပံ စုံလင်ပြီး မိခင်အသိုက်ကနေ ခွာသွားခဲ့တယ်။ မိခင်ကို အဖော်ပြုဖို့ အမွှေး အတောင်ဟောင်း တချို့သာ ချန်ထားရစ် ခဲ့တယ်။ မိန်းမဟာ သက်ပြင်းချရင်း အခုမှ နားနားနေနေ နေဖို့ အချိန်ရပြီလို့ တွေးတယ်။ ဒါပေမယ့် နှမြောစရာကောင်းတာက သူ့သွားတွေ ချိနဲ့ ကုန်ပြီ၊ မာတဲ့ အစာတွေကို မဝါးနိုင်တော့ဘူး။

သူ့မျက်လုံးတွေ မွဲကုန်ပြီ လှပတဲ့ အရောင်တွေကို မခွဲခြားတတ် တော့ဘူး။ သူရဲ့နားစည်တွေ မကြည်လင်တော့ဘူး။ သာယာ နာပျော်ဖွယ် တေးသံတွေကို မခံစားတတ် တော့ဘူး။ သူ့လှုပ်ရှားသွားလာမှုတွေ တုံ့နှေးခဲ့ပြီ ဝေးဝေးလံလံ မသွားနိုင်တော့ဘူး။

ထွက်သွားတဲ့ ကလေး ပြန်ရောက်လာခဲ့တယ်။ အဲဒီကလေးက သူ့ထက်ငယ်တဲ့ ကလေးသေးသေးလေး တယောက် ခေါ် ပြန်လာခဲ့တယ်။ အချိန်တွေ ပြန်ပြောင်း စီးဆင်းသွား ပြန်ပြီလို့ မိန်းမ ထင်တယ်။ အဲဒီလိုနဲ့ ကလေးရဲ့ ကလေးအတွက် မိန်းမ အလုပ်စများရ တော့တယ်။

အဲဒီ ကလေးလေးက စကား စသင်နေပြီး သူ့ကိုခေါ်တာ မေမေ မဟုတ်ဘဲ ဘွားဘွား ဖြစ်သွားခဲ့တယ်။ မိန်းမဟာ ဒီလိုနဲ့ပဲ အိုမင်းသွားခဲ့တယ်။

ဒီလိုနဲ့ တနေ့မှာ မိန်းမဟာ ဘာအားလပ်ရက် အနားယူဖို့မှ မလိုအပ်ခဲ့ တော့ဘူး။ နောက်ဆုံးအချိန် ရောက်မှ ဟိုးအရင် အရင်အချိန်တုန်းက သူ့ကိုယ်သူ ပေးခဲ့တဲ့ ကတိကို သူပြန် သတိရလိုက် မိတယ်။

အဲဒီကတိက နွေဦးရာသီ နေ့ရက်တနေ့မှာ ပဝါအနီရောင်ကို လွှမ်းခြုံပြီး မြက်ခင်းစိမ်းစိမ်း တနေရာမှာ ဆိတ်ဆိတ်ငြိမ်ငြိမ် နေပူစာခံမယ်၊ ကျောက်တုံးပေါ် တွားသွားတဲ့ ပုရွက်ဆိတ်တွေရဲ့ ခြေသံကို နားထောင်မယ်။ အာ အဲတာမှ တကယ့် ဇိမ်ခံ အနားယူတာပဲ။ မိန်းမဟာ အဲဒီလို တွေးရင်း တွေးရင်း ထာဝရအိပ်စက် အနားယူသွား ခဲ့ပါတယ်။

မိန်းမတယောက် ထာဝရ အိပ်စက် အနားယူ သွားတာကို ဒီလို ပုံဖော်ရေးသားရတာ ဝမ်းနည်းစရာ ကောင်းပါတယ်။ ခွင့်လွှတ်ပါ။ မိန်းမဟာ ဒီလိုနဲ့ပဲ အိုမင်းသွားခဲ့တယ်။ မိန်းမ တော်တော် များများဟာ စိတ်သဘောထား ကြီးစွာ တခြားသူအတွက် ချစ်ခြင်း မေတ္တာတွေ ပေးဆပ်နေချိန်မှာ လူတယောက်ကို ချစ်ဖို့ သူတို့ မေ့သွားခဲ့ ပါတယ်။ အဲဒီလူက သူတို့ကိုယ်တိုင်ပဲ ဖြစ်တယ်။

မိန်းမတို့ရေ ကိုယ့်ကိုယ်ကို ဖြေဖျော်ဖို့ အချိန် နည်းနည်းလောက်၊ နေရာလပ် နည်းနည်းလောက် ချန်ထားပေးဖို့ မမေ့ကြပါနဲ့။ အချိန်မဆွဲပါနဲ့၊ အချိန်ကို မစောင့်ပါနဲ့လို့ အကြံပေးချင် ပါတယ်။

အခုအချိန်ကစ ဒီကနေ့က စပြီး ပန်းကန်ထဲက အသားတွေကို ကလေးရဲ့ ပါးစပ်ရှေ့ပဲ ရောက်အောင် မပို့ပါနဲ့တော့။ အိမ်မှာရှိတဲ့ ပိုက်ဆံတွေကို အိမ်ပြင်ဖို့၊ ယောက်ျားဖို့ပဲ ချန်မထား ပါနဲ့တော့။

ခွန်အားတွေ အားလုံးကို အလုပ်ထဲမှာပဲ ထည့်မြှုပ် မထားပါနဲ့တော့။ အခါကြီး ရက်မြတ်တွေမှာ လက်ဆောင်ပေးတဲ့ စာရင်းထဲမှာ ကိုယ့်နာမည်ကို မေ့မထား ပါနဲ့တော့။ ကိုယ့်မိသားစု၊ ကိုယ်အိမ်သားကို ချစ်တဲ့နည်းတူ ကိုယ့်ကိုယ်ကို ချစ်ဖို့လည်း မမေ့ပါနဲ့။ ဒီလိုပဲ အိုမင်းသွားခဲ့ရင် ရင်နာစရာ၊ နှမြောစရာ ကောင်းလွန်းလို့ပါ။ Crd

Post a Comment

0 Comments