အမေအိုနဲ့ ဓါးပြကြီး

ရှေးရှေးတုန်းက အင်မတန် ရက်စက်တဲ့ ဓါးပြကြီး တယောက်က ရွာလေး တရွာကို ဓါးပြ ဝင်တိုက်သတဲ့။ ဓါးပြ ဆိုမှတော့ ဘယ် မေတ္တာတရား ရှိမလဲကွယ်။ ရွာထဲရှိတာ အကုန် သိမ်းကြုံး ယူသွားတာပေါ့။

မကြည်ဖြူလို့ မပေးချင်တဲ့ သူဆိုရင် သူက ဓါးနဲ့ ပိုင်းပစ်တော့ သူယူသမျှ ပေးလိုက်ကြရ တာပေါ့။ ဒီလိုနဲ့ ရွာကနေ ဓါးပြကြီး ထွက်သွားတော့ သတ္တိရှိပြီး ဇွဲကောင်းတဲ့ အမေအိုကြီး တယောက်က လူငယ်တွေကို ခေါ်ပြီး ပြောသတဲ့။

"ကဲ လူလေးတို့ရေ ဒီဓါးပြကြီး ဒီလောက် ပစ္စည်းတွေ အများကြီး သယ်ပြီး ဝေးဝေးတော့ သွားနိုင်မှာ မဟုတ်ဘူး။ သူပင်ပန်းတဲ့ အခါ ချခဲ့တဲ့ ပစ္စည်းလေးများ ဒို့ ပြန်ရအောင် လိုက်ကြရအောင်" ဆိုပြီး ခေါ်သတဲ့။

အဲဒီမှာ အားကောင်းမောင်းသန် ရွာလူငယ်တွေက "ဟာ အမယ်ကြီး ကလည်း ဉာဏ်မရှိဘူးလား။ ဒီလောက် ရက်စက်တဲ့ ဓါးပြကြီး ကျွန်တော်တို့ကို မြင်ရင် သတ်မှာပေါ့။ ကျွန်တော်တို့က လူငယ်တွေ ရှေ့လျှောက် လူလုပ်ဖို့ အများကြီး ကျန်သေးတယ်။ အမယ်ကြီး ကိုယ့်အသက် မနှမျောရင် ကိုယ့်ဖာသာ လိုက်ပါလား" လို့ ပြန်ပြောပြီး ရွာမှာ နေရစ်ကြသတဲ့။

အမေအိုကြီးလည်း လူငယ်တွေကို စည်းရုံး မရတော့ သူ့ဘာသာပဲ ရှိသလောက် အားအင်နဲ့ ဓါးပြကြီးနောက်ကို တရွေ့ရွေ့နဲ့ လိုက်သွားတော့တာ ပေါ့ကွယ်။

ဒီလိုနဲ့ ရွာတော်တော် များများ ဖြတ်လာပြီးတဲ့ အခါမှာ ဓါးပြကြီးလည်း အတော်လေး မောပန်းလာပြီး ပါလာသမျှ အထုပ်တွေထဲက သူ သိပ်မလိုအပ် တာတွေ ပစ်ချထားခဲ့ တာပေါ့။ ဒါကို နောက်အတော် လှမ်းလှမ်းက လိုက်လာတဲ့ အမေအိုကြီးက ပြန်ကောက်လာပြီး အားရဝမ်းသာနဲ့ ရွာကို ပြန်လာခဲ့တယ်။

ရွာက လူငယ်တွေကို ခေါ်ပြီး ရလာတဲ့ ပစ္စည်းတွေနဲ့ ရွာအတွက် လိုအပ်တာတွေ ပြန်ပြင်ဆင်ဖို့ သုံးကြရအောင် နစ်နာတဲ့ မိသားစုတွေ အတွက်လည်း ကူညီထောက်ပံ့ ကြတာပေါ့ လို့ ခေါ်တိုင်ပင်သတဲ့။

အဲဒီမှာ ရွာမှာ ချန်နေရစ်ခဲ့တဲ့ အားကောင်းမောင်းသန် လူငယ်တွေက လက်မခံပဲ သူတို့နဲ့ ဆိုင်တဲ့ ပစ္စည်းတွေကို သူတို့ဆီပဲ ပြန်ပေးဖို့ တောင်းဆိုသတဲ့။ ပြီးတော့ ပြောကြသေးတယ်။

"ဒီမယ် အမယ်ကြီး ကျွန်တော်တို့က အမွေ တောင်းနေတာ မဟုတ်ဘူး။ ဓါးပြတိုက်လို့ ပါသွားတဲ့ ပစ္စည်းတွေမို့ ကိုယ့် ရပိုင်ခွင့် ကိုယ်ပြန်တောင်းနေတာ" လို့ ဆိုကြသတဲ့။

တကယ်တော့ ဒီပစ္စည်းတွေ ပြန်ရဖို့ တရွေ့ရွေ့နဲ့ စိတ်ရှည်လက်ရှည် ဇွဲကောင်းကောင်းနဲ့ သက်စွန့်စံဖျား လိုက်သွားခဲ့တာ ဒီအမေအိုကြီး တယောက်ထဲပါ။ ခုတော့ သူတို့က ဒါသူတို့နဲ့ ဆိုင်တဲ့ ရပိုင်ခွင့်မို့ အမေအိုကြီး စိတ်တိုင်းကျ စီမံခွင့် မပြုနိုင်ဘူးတဲ့။

တကယ်တော့ သူတို့ကို အနိုင်ကျင့် ဓါးပြတိုက်ခဲ့တဲ့ ဓါးပြကြီးက ခုထိ သက်ရှိ ထင်ရှားနဲ့ ရွာစဉ်တန်း တလျှောက် တရွေ့ရွေ့ သွားနေတုန်းပါပဲ။ ဒါကိုတော့ ကလဲစားချေဖို့ နေနေ သာသာ စိတ်နဲ့တောင် မပစ်မှားရဲပဲ၊

အချိန်ကုန်ခံ အသက်အန္တရယ် စွန့်စားပြီး မောကြီး ပမ်းကြီး အထုပ် ဆွဲပြန်လာတဲ့ အမေအိုကြီး အပေါ် သတ္တိတွေ ကောင်းပြနေ လိုက်ကြတာ။ အမြင် မတော်လွန်းလို့ ကျွန်တော်လေ ဓါးပြကြီး ကိုတောင် သွားပြေးပြန်ခေါ်ချင်စိတ် ပေါက်မိတယ်။ Aung Ko Ko Thwin

Post a Comment

0 Comments