အချိန်မရှိဘူးလား

စာရေးဆရာ စတီဖင်ကိုဗီ (Stephen R. Covey) ရေးထားတဲ့ The 7 Habits of Highly Effective People စာအုပ်ထဲက အကြောင်းအရာလေး တခုကို မှီးရေးလိုက် ပါတယ်။

တရက်မှာ စတီဖင်ဟာ တောအုပ် တအုပ်ထဲကို ဖြတ်သွားရင်းနဲ့ သစ်ပင်တပင်ရဲ့ ပင်စည်ကို လွှနဲ့ အားသွန် ခွန်စိုက် တိုက်ဖြတ်နေတဲ့ သစ်ခုတ်သမား တယောက်ကို တွေ့လိုက်တယ်။

သစ်ခုတ်သမားဟာ လွှတိုက် နေရင်းနဲ့ ပါးစပ်က တခုခုကို မကျေမနပ် ဖြစ်ပြီး တတွတ်တွတ် ရေရွတ် ပြောနေပါတယ်။ စတီဖင်က သူ့ကို မေးလိုက်တယ်။ "ဘာဖြစ်နေတာ လဲဗျ"

"ငါ့ လွှသွားတွေ တုံးနေလို့ကွာ။ ဒီသစ်ပင်ကို ဖြတ်နေတာ ၃ နာရီတောင် ကြာနေပြီ။ ပင်စည် တဝက်တောင် ဖြတ်မရလို့ စိတ်ပျက်နေ တာပါ" "ဒါဆိုလည်း ခင်ဗျား လွှသွားတွေကို သွေးလိုက်ပါလား ဗျ"

"အဲဒါဆိုရင် ငါ လွှတိုက် နေတာကို ရပ်လိုက်ရ မှာပေါ့" "ဒါပေမဲ့ ခင်ဗျား လွှသွားတွေကို ထက်အောင် သွေးလိုက်ရင် အရင်ထက် သစ်ပင်ကို ဖြတ်ရာမှာ ပိုမြန်ပြီး ပိုလည်း သက်သာလာမှာပေါ့ဗျာ" "ငါ့မှာ လွှတိုက်တာကို ရပ်ဖို့ အချိန် မရှိပါဘူးကွာ"

စတီဖင်လည်း ခေါင်းမာတဲ့ ဒီသစ်ခုတ်သမားကို စကား ဆက်ပြောလည်း အကျိုးထူးမှာ မဟုတ်လို့ အဲဒီနေရာက ခွာပြီး သူ့ခရီးကို ဆက်သွား လိုက်တယ်။

ဘာကြောင့် ဒီအကြောင်းလေးကို ပြောပြရတာလဲ ဆိုတော့ အားလုံးနဲ့ သက်ဆိုင်နေ လို့ပါ။ မိတ်ဆွေတို့ဟာ သစ်ခုတ်သမားတွေ မဟုတ်ကြဘူး ဆိုတာကို သိပါတယ်။ ဒါပေမဲ့ မိတ်ဆွေ တို့လည်း သစ်ခုတ်သမားလို ပြုမူနေတတ် ကြလို့ ပြောပြချင် တာပါ။

သစ်ခုတ်သမားဟာ သူ့လွှကို သွေးလိုက်ရင် သစ်ပင်ကို ပိုမြန်မြန်နဲ့ သက်သက်သာသာ ဖြတ်နိုင်မယ်မှန်း သိပေမယ့် လွှတိုက်နေတာကို မရပ်ဘဲ ဆက်လုပ် နေတယ်။ ပြီးတော့ သစ်ပင်ကို ဖြတ်မရ ဖြစ်နေလို့ စိတ်တိုနေတယ်။

မိတ်ဆွေတို့ ဟာလည်း အလုပ်တွေကို ကြိုးစားလုပ်တယ်။ အလုပ်ကို ပိုပြီး ထိထိရောက်ရောက် လုပ်နိုင်အောင် သက်ဆိုင်တဲ့ လေ့လာ သင်ယူမှုတွေ၊ လေ့ကျင့်မှုတွေ၊ သင်တန်းတွေ တက်ပါလား ဆိုတော့ အချိန်မရှိဘူးလို့ ပြောတတ်ကြတယ်။ နောက် ရာထူးက မတက်၊ လစာ မတိုးတော့ ကံကို အပြစ်ပုံ ချကြတယ်။

အသိဉာဏ်ပညာ တိုးတက်အောင် စာတွေ ဖတ်ပါ ဆိုတော့ အချိန်မရှိဘူးလို့ ပြောကြတယ်။ မိတ်ဆွေတို့ သူငယ်ချင်းတွေဟာ စာတွေ ဖတ်ရင်း မိတ်ဆွေတို့ထက် ဘဝအခြေအနေ အများကြီး သာသွားတာကို အားကျပြီး ငေးကြည့်နေ ကြတယ်။

မိတ်ဆွေတို့ရဲ့ အရည်အချင်း တိုးတက်လာစေဖို့ လိုအပ်တဲ့ လေ့လာသင်ယူမှု တွေကို လုပ်ရမှာကို အဲဒီအတွက် အချိန်မရှိဘူး ဆိုတာကတော့ မဖြစ်သင့် ပါဘူး။ ပြီးမှ ကံမကောင်းဘူးလို့ မညည်းတွား ပါနဲ့။ အသက်ကြီးမှ နောင်တ မရပါစေနဲ့။ Bamaw Thein Pe phoomyatchal

Post a Comment

0 Comments