ကျေးဇူးရှိမှ ကျေးစွပ်တယ်

တခါတုန်းက ရွာတရွာမှာ အလွန် သဘောကောင်းတဲ့ တောင်သူကြီး တယောက် ရှိပါတယ်။ သူဟာ လူတဖက်သား ကိုလည်း အလွန် သနားတတ် ပါသတဲ့။ တနေ့တော့ နေစရာ ထိုင်စရာ မရှိလို့ ယောင်ချာချာ ဖြစ်နေတဲ့ လင်မယား နှစ်ယောက်ကို ခေါ်လာပြီး သူ့ယာတဲလေးမှာ နေထိုင်ခွင့် ပေးထားပါသတဲ့။

ဆန်နဲ့ ဆီ၊ ဟင်းချက်စရာ တို့တို့ တိတိတွေ ကိုလည်း တလစာလောက် ပေးလိုက် ပါသေးတယ်။ နေစရာ တဲလေးကလည်း အဆင်သင့် ပါပဲ။ တဧက ကျော်လောက် ရှိတဲ့ ယာကွက်ထဲမှာ သီးနှံလေးတွေ ကိုလည်း စိုက်ခွင့် ပေးပါတယ်။

ဒါပေမဲ့ သူ့ရဲ့အိုစာမင်းစာ အတွက်ဆိုပြီး စိန်တလုံး သရက်ပင်၊ သံပုရာပင်နဲ့ ပိန္နဲပင်လို နှစ်ရှည်ပင် အချို့ကို စိုက်ခိုင်းပါသတဲ့။ ဘူး၊ဖရုံငရုတ်၊သခွားပင်တွေ ကိုတော့ သူတို့ဘာသာ စိုက်ပြီး ရောင်းချ စားစေပါတယ်။

ဒီလိုနဲ့ လင်မယား နှစ်ယောက်ဟာ ပြင်ပက အလုပ်လေးတွေ လုပ်ရင်း ယာက ထွက်တဲ့ သီးနှံလေးတွေ ရောင်းရင်း စီးပွားရေးလေး အဆင်ပြေ လာပါတယ်။ လင်မယားနှစ်ယောက်ဟာ သူတို့ရဲ့ ကျေးဇူးရှင် တောင်သူကြီးကို ဝါဝင် ဝါထွက်တိုင်း ကန်တော့တဲ့ အပြင် ဟင်းလေးတွေ ကောင်းရင်လည်း ဦးဦးဖျားဖျား ပို့ပါတယ်။

စိန်တလုံး သရက်တွေလည်း သီးလို့ သံပုရာသီး တွေလည်း ဝေလို့ နေချင်စဖွယ် ယာတဲလေး ဖြစ်လာပါတယ်။ တောင်သူကြီးနဲ့ သူတို့ လင်မယားဟာလည်း သားအဖတွေ သဖွယ် ချစ်ခင်လာ ကြပါသတဲ့။

တနေ့မှာတော့ တောင်သူကြီးဟာ သူတို့လင်မယား နှစ်ယောက်ကို ခေါ်ပြီး "မင်းတို့ လင်မယား နှစ်ယောက်လည်း ငါ့ယာတဲလေးမှာ နေတာ ၅ နှစ် ရှိပြီ။ မင်းတို့ စီးပွားရေး လေးလည်း အဆင်ပြေပြီ။ ငါလည်း အသက်ကကြီး ငွေလည်း လိုနေလို့ ငါ့ယာတောလေးကို ရောင်းတော့မယ်။ မင်းတို့ နေစရာ ရှာပါတော့။ တလ အချိန်ပေးမယ်" လို့ ပြောပါသတဲ့။ လင်မယားနှစ်ယောက် ယာတဲကို ပြန်ရောက်တော့ မိန်းမဖြစ်သူက ပြောပါသတဲ့။

"တောင်သူကြီး မတရားဘူး။ စိန်တလုံးတွေ သံပုရာတွေ သီးလာမှ ကျွန်မတို့ကို နှင်ထုတ်တယ်။ တော် ဒီအတိုင်းပဲ ငြိမ်ခံနေမှာလား" လို့ ပြောပါသတဲ့။ ယောက်ျားလုပ်သူက

"ဒီအတိုင်းတော့ ငြိမ်ခံ မနေနိုင်ဘူးဟေ့။ ဒို့စိုက်ထားတဲ့ အပင်တွေ ဒို့ ပြန်ဖျက်ဆီးရမယ်" ဆိုပြီး သရက်ပင်တွေ၊ သံပုရာပင် တွေကို အရင်းကနေ ခုတ်လှဲပစ် ပါသတဲ့။ မိန်းမလုပ်သူ ကလည်း ဘူး၊ ဖရုံ၊ ငရုတ်၊သခွားပင်တွေကို အကုန် ဖျက်ဆီးပစ် ပါသတဲ့။

ဒီလိုနဲ့ နေချင့်စဖွယ် ယာတဲလေးဟာ သုဿန် တဆပြင်လို ခြောက်သွေ့သွား ပါတော့တယ်။ သစ်ပင်တွေ အလဲလဲ အပြိုပြို၊ သီးပင်စားပင်တွေ ပျက်စီး သွားတာကို ကြည့်ရင်း လင်မယားနှစ်ယောက် အလွန်ကျေနပ် နေကြပါသတဲ့။

"ခင်ဗျား ဘာတတ်နိုင် သေးလဲ" လို့တောင် ကြိမ်းဝါးလိုက်ကြ ပါသေးတယ်။ အဲဒီည မှာတော့ အောင်သေ အောင်သား အနေနဲ့ မွေးထားတဲ့ကြက်ကလေး ကိုတောင် ရိုက်ချက် စားလိုက်ပါ သေးတယ်။

မိန်းမလုပ်သူက "တောင်သူကြီးက သူ့အပင်တွေ ပျက်စီးကုန်တာ တွေ့လို့ ပြောရင် ဘယ်လို လုပ်မလဲ" လို့ မေးတော့ "မေးရဲရင် မေးကြည့်လေ။ သူ့ အပင်တွေလို အပိုင်းပိုင်း ဖြတ်ပစ်မယ်" လို့ ဒေါသတကြီး အော်ဟစ် လိုက်တယ်။

ဒေါသ ဦးဆောင်နေတဲ့ သူနဲ့ မိတ်ဆွေ ဖြစ်ရတာ အလွန် ကြောက်စရာ ကောင်းပါတယ်။ အဲဒီနေ့က တောင်သူကြီး ရောက်မလာလို့ တော်ပါသေးတယ်။ ရောက်လာလို့ မေးမိ ပြောမိရင် မလွယ်လောက် ပါဘူး။

လင်မယား နှစ်ယောက်ဟာ လောဘနဲ့ ဒေါသ ဦးဆောင်နေ တာကြောင့် မောဟ ဖုံးပြီး ကျေးဇူးတရားကို လုံးလုံး သတိမရ ကြတော့ပါဘူး။ ကျေးဇူးရှိမှ ကျေးစွပ်တယ် ဆိုတာ သိပ်မှန်တာပါပဲ။

လူတော်တော် မျာများဟာ သူတို့အတွက် အကျိုး ပြုနေရင် သူတို့ အတွက် အသုံးချစရာ ရှိနေသေးရင် အဲဒီလူအပေါ် ကျေးဇူးတွေ သိတတ်သလောက် သူတို့ကို အကျိုးမပြု နိုင်တော့ရင် အသုံးချလို့ မရတော့ဘူး ဆိုရင်တော့ ကျေးစွပ်ဖို့ ဝန်မလေးတဲ့ အပြင် အဆင်းမှာ တွန်းချဖို့ ဝန်မလေးတဲ့ သူတွေလည်း ဖြစ်သွားကြ ပါတော့တယ်။

လင်မယား နှစ်ယောက်ဟာ သီးနှံပင်တွေကို ဖျက်ဆီးရုံနဲ့တင် အားမရ သေးပါဘူး။ ဘာတွေ ဆက်ပြီး ဖျက်ဆီးရင် ကောင်းမလဲလို့ တိုင်ပင်ကြ ပါတယ်။

"ကျုပ်တို့ ရောက်စက ဒီတဲလေးဟာ ဒီလောက် မကောင်းသေးဘူး။ ကျုပ်တို့ ပြုပြင်ထားလို့ ဒီလောက်ကောင်းနေတာ ပြန်ဖျက်ပစ် ရမယ်" လို့ မိန်းမက ပြောလိုက်ပါတယ်။ ယောက်ျားလုပ်သူက တဲကလေးကို ဖျက်ဆီးပစ် လိုက်ပါတော့တယ်။ ယာတော တခုလုံး မြင်မကောင်းအောင် ဖြစ်သွားပါပြီ။

နောက်တနေ့ မှာတော့ တောင်သူကြီးဟာ ရွာသူကြီးရယ် လူကြီး လေးယောက်ရယ်နဲ့ အတူ ယာတောကို ရောက်လာခဲ့ ပါတယ်။ ယာတောကြီး တခုလုံး မြင်မကောင်းအောင် ပျက်စီးနေတာ တွေ့တော့ အလွန် အံ့သြသွားခဲ့ ပါတယ်။ မေးမိတော့ လင်မယားနှစ်ယောက်က "ကျုပ်တို့ စိုက်တဲ့ အပင်နဲ့ ကျုပ်တို့ ပြင်ထားတဲ့တဲ ကျုပ်တို့ ပြန်ဖျက်ဆီးတာ ဘာလုပ်ချင်လဲ" လို့ ရိုင်းစိုင်းစွာ ပြန်ဖြေကြ ပါတယ်။

တောင်သူကြီးက "မိုက်လိုက်ကြတာ ကွယ်။ ငါက မနေ့က ဆုံးဖြတ်ချက် ပြောင်းခဲ့တယ်။ ငါ သာသနာ့ဘောင် အပြီး ဝင်တော့မှာမို့ ဒီယာတောကို မင်းတို့ အမည်နဲ့ အပြီးလွဲခဲ့မယ် ဆိုပြီး သူကြီးရယ် ရပ်မိရပ်ဖတွေ ရယ် ခေါ်လာခဲ့တာကွဲ့" "ဗျာ ကျနော်တို့ကို ပေးခဲ့မယ် ဟုတ်လား"

လင်မယားနှစ်ယောက် ချုံးပွဲချ ငိုပါတော့တယ်။ တောင်သူကြီးက ခွင့်လွှတ်ပြီး ယာတောကို ပေးချင်ပေမဲ့ သူကြီးနဲ့ ရွာသားတွေက ကျေးဇူးမဲ့တတ် ဒုစရိုက် ဆန်လှတဲ့ လင်မယားကို ပေးဖို့ သဘောမတူကြောင်း အကြီးအကျယ်ကန့်ကွက် ကြလို့ ဘုန်းကြီး ကျောင်းကိုပဲ လှူဖြစ်သွားခဲ့ ပါတော့တယ်။ လင်မယားနှစ်ယောက် ကိုတော့ ရွာသားတွေက ခွေးမောင်းသလို နှင်ထုတ်ခဲ့ ကြပါတယ်။

သေသေချာချာ ဖတ်ဖြစ်ရင်တော့ လူတွေရဲ့ သဘော သဘာဝ၊ သူ့၏ အကြိုက် ဆယ်ခါ လိုက်လည်း မလိုက်တခါ ရှိခဲ့ပါမူ ကြီးစွာရန်သူ စွဲမှတ်ယူပုံ၊ သူတပါးကို ကူညီတာ ကောင်းမြတ်ပေမဲ့ အခွင့်အရေး သမားတွေနဲ့ တွေ့တဲ့အခါ၊ ကျေးဇူးမဲ့ သူတို့၏ သွားရာလမ်း၊ ကိုယ်ပြုတဲ့ကံ ကိုယ်ပဲ ခံစားရမယ် ဆိုတဲ့ သင်ခန်းစာတွေ ရရှိမှာပဲ ဖြစ်ပါတယ်။ အရှင်ကောဝိဒ(ရွှေအုန်းပင်)

Post a Comment

0 Comments