သနားကြင်နာမှုနဲ့ မထိုက်တန်သူ

တခါတုန်းက ကောင်မလေး တယောက် သူ့အဘွားအိမ် သွားဖို့ ဆိုပြီး လယ်ကန်သင်းရိုး လမ်းအတိုင်း လျှောက်လာနေတုန်း ရှောကနဲအသံ ကြားတော့ ငုံ့ကြည့် လိုက်တယ်။ ခြေထောက်နားမှာ မြွေတကောင်။ မြွေက ခလောက်ဆွဲ မြွေအမျိုးအစား။

အဲ့ဒီအချိန်မှာ ကောင်မလေး ဘာမှ မလုပ်ရသေးခင် မြွေက ကောင်မလေးကို ပြောပါတယ်။ သူသေရတော့မယ် ထင်တယ်တဲ့။ သူအရမ်းလည်း ချမ်းနေတယ် တဲ့။ ဒီနေရာမှာ အရမ်း အေးတာပဲ တဲ့။ အခုထိ ဘာမှလည်း မစားရသေးဘူးတဲ့။

ဖြစ်နိုင်ရင် သူ့ကို ကောင်မလေးရဲ့ အင်္ကျီထဲ ထည့်ပြီး ကောင်မလေးနဲ့ အတူ ခေါ်သွားပါလားတဲ့ လုပ်ရော။ ကောင်မလေးက ပြန်ပြောတယ်။ မဖြစ်ဘူး မဖြစ်ဘူး။ နင်ဘာမြွေလဲ ဆိုတာ ငါသိတယ်။ နင်က ခလောက်ဆွဲမြွေ။ ငါ နင့်ကို ခေါ်သွားရင် နင် ငါ့ကို ကိုက်မှာ။ နင်က အဆိပ်ပြင်းတယ်။

မြွေက ကောင်မလေး ပြောတာကို လက်မခံဘူး။ မကိုက်ဘူး မကိုက်ဘူး စိတ်ချ။ နင်သာ ငါ့ကို ကူညီရင် ငါဟာ နင့်သူငယ်ချင်းကောင်းပဲ။ နင့်ကိုငါ ကောင်းကောင်း မွန်မွန် တကယ် ဆက်ဆံမှာ။ မြွေက ဒီလို ပြောလာတော့ ကောင်မလေး တွေသွားတယ်။ ပြီးတော့ မြွေကို ကြည့်တယ်။

မြွေက လှလိုက်တာ။ သူ့အကွက်လေး တွေက ပန်းချီကား တချပ်လိုပဲ။ ငါမြင်ဖူးသမျှ မြွေတွေထဲမှာ သူအလှဆုံးပဲ။ ကောင်မလေး ချက်ချင်းပဲ ဆုံးဖြတ်လိုက်တယ်။ ကောင်းပြီ နင့်ကို ငါယုံတယ်။ နင့်ကို ငါကယ်မယ် ဘယ်လို သက်ရှိ သတ္တဝါ မဆို ကြင်နာမှုနဲ့ထိုက်တန်တယ် ဆိုတာ ငါလက်ခံ ယုံကြည် ထားတယ်။

ပြောပြောဆိုဆိုနဲ့ ကောင်မလေးက မြွေကို ညင်ညင်သာသာနဲ့ ယူပြီး အင်္ကျီအောက်ထဲ ထည့်လို့ သူ့အဘွားအိမ်ကို ဆက်ထွက်လာခဲ့တယ်။ လျှောက်လာရင်း လျှောက်လာရင်းနဲ့ ကောင်မလေး ပြင်းထန်တဲ့ နာကျင်မှု တခုကို ခံစားလိုက် ရတယ်။

မြွေက သူ့ကို ကိုက်လိုက်ပါပြီ။ ကောင်မလေး ငိုတယ်။ နောင်တ ရတယ်။ နင် ငါ့ကို ဘယ်လို လုပ်လိုက်တာလဲ ဟင်။ နင်ပြောတော့ ငါ့ကို မကိုက်ဘူးဆို။ ငါ နင့်ကို ယုံခဲ့တယ်လေ။ မြွေက တခွန်းပဲ ပြန်ပြောပါတယ်။

နင် ငါ့ကို ခေါ်သွားဖို့ ဆုံးဖြတ် ကတည်းက ငါ ဘယ်လို အမျိုးအစားလဲ ဆိုတာ နင်သိပြီးသားပဲ။ မတတ်နိုင်ဘူးလေ နင့်ထိုက်နဲ့ နင့်ကံပေါ့။ ဒီလို ပြောပြီး အမြီးလေးကို ခလောက်လို တွန့်တွန့် တွန့်တွန့်နဲ့ ထွက်သွား ပါတော့တယ်။

ပုံပြင်လေးကတော့ ဒီမှာပဲ ပြီးဆုံးပါပြီ။ ဒီလို မြွေမျိူးတွေ အတော်များများကို ကျွန်ုပ်တို့ ပတ်ဝန်းကျင်မှာ ကြုံဖူးကြမယ် ထင်ပါတယ်။ တချို့လူတွေက သွားသနားလို့ မရပါဘူး။ တချို့ လူတွေက လျှာနှစ်ခွနဲ့ ခုနက မြွေလိုပါပဲ။ တချို့လူတွေ ကတော့ ခွေးမြီးကောက် ကျည်တောက်စွပ် တွေပါ။

တချို့လူတွေက ခုတမျိုး တော်ကြာ တမျိုးပါပဲ။ တချို့ လူတွေက အယုံသွင်းပြီးမှ ယုတ်မာတတ် ပါသေးတယ်။ တချို့လူတွေက မူယာ မာယာ သိပ်များပါတယ်။ တချို့လူတွေက ကူလီကူမာ သိပ်ကျွမ်းပါတယ်။ ဒီတော့ လူတိုင်းက သနားကမားရုပ်နဲ့ မျက်ရည်ခံထိုးတိုင်း သနားစရာ မကောင်းဘူး ဆိုတာကိုလည်း ခေါင်းထဲ ထည့်ထားရပါမယ်။

အပေါ်ယံ ရွှေမှုံကြဲထားတဲ့ မျက်နှာစာတွေ နဲ့လည်း သူတို့ရဲ့ အတွင်းစိတ် သန္တာန်တွေကို ခဏတာ အားဖြင့် ပြည်ဖုံးကားချ ထားလို့ ရတယ် ဆိုတာကိုလည်း စွဲမှတ်ထား ရပါမယ်။ တချို့ တချို့ သော သူတွေဟာ ဘယ်လို သနားကြင်နာမှုမျိုး၊ စေတနာ ထားမှုမျိုး၊ ယုံကြည် ကိုးစားမှုမျိုးနဲ့မှ မထိုက်တန်ဘူး ဆိုတာကိုလည်း နားလည်ထားဖို့ လိုအပ်ပါတယ်။ phoo myat chal

Post a Comment

0 Comments