မပြည့်နိုင်သောခွက်

တခါတုန်းက အလွန် အာဏာကြီးတဲ့ ဘုရင်တပါး ရှိတယ်။ တနေ့တော့ ရှင်ဘုရင်ဟာ နန်းတော်ထဲမှ တယောက်ထဲတိတ်တဆိတ် ထွက်ပြီး တိုင်းပြည်အတွင်း လှည့်လည်ပါတယ်။

ထိုသို့ လှည့်လည်စဉ် သူတောင်းစား တယောက်ကို တွေ့မြင်မိတယ်။ သူတောင်းစားကို တွေ့တော့ ရှင်ဘုရင်က မေးတယ်။ "မင်း ဘာလိုရှိသလဲ"

ထိုအခါ သူတောင်းစားက သဘောကျစွာ ရယ်မော၍ "ဘယ်လို သင်က ငါ့ အလိုဆန္ဒတွေ ဖြည့်ဆည့်ပေးနိုင်သူ တယောက်လို မေးနေတာလား" ဟု ပြန်ဖြေလိုက်တယ်။ ရှင်ဘုရင်က သူတောင်းစား ပြန်ဖြေကြားချက်ကို နားထောင်ပြီး စိတ်မကျေမနပ် ဖြစ်ကာ

"ငါက ဘုရင်ကွ။ မင်း အလိုဆန္ဒတွေကို ပြည့်ဝသွားအောင် ဖြည့်ဆည်း ပေးနိုင်တယ်။ ပြောစမ်း ဘာတွေ မင်း လိုအပ်နေသလဲ။ မင်းလိုအပ်နေ တာတွေ ဖြည့်ဆည်းပေးမယ်လို့ ငါအာမခံတယ်" လို့ ပြောတယ်။

ထိုအခါ သူတောင်းစားက အလေးမထားသော မျက်နှာဖြင့် "သင်က ငါရဲ့ အလိုဆန္ဒတွေ ဖြည့်နိုင်တယ်လို့ အာမ မခံခင် သေချာ စဉ်းစားသင့် တယ်နော်" ဤသို့ သူတောင်းစားက စဉ်းစားဖို့ ပြောကြားသည့်တိုင် ရှင်ဘုရင်သည် မိမိရဲ့ ကြီးမြင့်သော အာဏာကို မှီလျှက် "မင်း လိုအပ်တာ ငါဖြည့်ပေးနိုင်တယ်" ဟုသာ ထပ်ခါ ပြောကြားပါတယ်။

(ရှင်ဘုရင်ကြီး မသိတာက သူတောင်းစားဟာ စင်စစ်သူတောင်းစား အစစ် မဟုတ်ဘူး။ သူဟာ အတိတ် ဘဝတုန်းက ရှင်ဘုရင်ကြီးရဲ့ ဆရာ ဖြစ်ခဲ့ဖူးပြီး၊ အခုလို တွေ့ဆုံးခြင်း ကလည်း ရှင်ဘုရင်ကို အသိဉာဏ် ပွင့်စေဖို့နှင့် အတ္တကြီးသော စိတ်ထားမှ လွတ်မြောက် စေဖို့အတွက်ပဲ ဖြစ်ပါတယ်။ တနည်းအားဖြင့် အကျွတ်တရား ရစေဖို့ ဖြစ်ပါတယ်)

သူတောင်းစားသည် ခွက်တလုံးကို ရှင်ဘုရင်ရှေ့ ထိုးပေးလျက် "သင်က ကျွန်ုပ်ရဲ့ အလိုဆန္ဒကို ဖြည့်ဆည်းမယ် ဆိုလျှင် ဒီခွက်ကိုသာ သင်ဖြည့်ဆည်း လိုရာ ဖြည့်ပြီး ခွက်ပြည့်သွားအောင် လုပ်ပေးပါ" ဟု ရိုးရှင်းစွာပင် ပြောဆိုပါတယ်။

ဘုရင်က ဖြစ်စေရမယ် ဟု ဝန်ခံကာ သူ့အစေခံကို ဆင့်ခေါ်လျှက် သူတောင်းစား ခွက်ထဲသို့ ပိုက်ဆံတွေ ထည့်ပြီး ဖြည့်ပေးလိုက်ဖို့ ပြောပါတယ်။ အစေခံလည်း ပိုက်ဆံ အချို့ကို ယူဆောင်လျက် သူတောင်းစား ခွက်ထဲသို့ ထည့်ပေးလိုက် ပါတယ်။

အစေခံ ပိုက်ဆံ ထည့်လျက် ရှိနေစဉ်တွင် ခွက်ထဲ ကျသွားသည့် ပိုက်ဆံဟာ ပျောက်ကွယ်သွားတယ်။ ခွက်က မူလအတိုင်း ဗလာ ဖြစ်သွားတယ်။ ထို့နောက် အစေခံက ပိုက်ဆံတွေ ထပ်ထည့်တယ်။

ခွက်ထဲ ရောက်သမျှ ပိုက်ဆံကလည်း ပျောက်ကွယ်သွားပြီး ခွက်ဟာ မူလအတိုင်း ဗလာ ဖြစ်လျှက်ပင်။ ပိုက်ဆံဘယ်လောက် ဖြည့်ဖြည့် ခွက်ဟာ ပြည့်လာတယ် ဆိုတာ မရှိဘူး။

ရှင်ဘုရင်က သူ့အစေခံကို စိန်တွေ၊ ပုလဲတွေ၊ ရတနာတွေ ယူခဲ့ပြီး ခွက်ထဲ ထည့်ဖို့ ပြောပါတယ်။ အစေခံလည်း ဘုရင့်အမိန့်အတိုင်း ရတနာတွေကို ခွက်ထဲထည့်လိုက် ပြန်ပါတယ်။ ရတနာတွေ ကလည်း အရင် ပိုက်ဆံတွေအတိုင်း ပျောက်ကွယ်သွား ပြန်တာပဲ။

ခွက်က အောက်ခံအပိတ်မပါဘူး ထင်တယ်။ ဘာဝတ္ထုပစ္စည်း ထည့်ထည့် ပျောက်ကွယ် သွားတာပဲ။ ဒီလိုပုံစံဖြင့် ညနေစောင်းချိန် ရောက်ခဲ့ပါပြီ။ လူအများကလည်း မျက်လှည့်ပွဲ ကြည့်သလို ဝိုင်းအုံ၍ ကြည့်နေကြတယ်။ နောက်ဆုံးမှာ ရှင်ဘုရင်သည် ခွက်ကို ဘယ်တော့မှ ပြည့်အောင် မဖြည့်နိုင်တော့ကြောင်းဖြင့် သူတောင်းစားကို အရှုံးပေး ဝန်ခံလိုက် ပါတယ်။

ရှင်ဘုရင်က ပြောပါတယ်။ "သင် နိုင်ပါတယ်၊ ဒါပေမယ့် ကျွန်ုပ် တောင်းဆိုပါရစေ။ သင်ထွက် မသွားခင် အသင့်ခွက်ဟာ ဘာနဲ့ လုပ်ထားသည့် ပစ္စည်းဖြစ်ကြောင်း ပြောကြားခဲ့ပါ" ဆိုတော့ သူတောင်းစားက ပြန်ဖြေတယ်။

"ဒီခွက်ဟာ လူ့စိတ်နဲ့ လူ့အလိုဆန္ဒများဖြင့် ပြုလုပ်ထားသည့် ခွက်ဖြစ်ကြောင်း" ကို ပြောဆိုခဲ့ ပါတယ်။

လူ့အလိုဆန္ဒ တွေဟာ ဘယ်လောက် အမျိုးမျိုး ပြောင်းလဲနေတယ် ဆိုတာ ကျွန်ုပ်တို့ သိနားလည်ထားရမှာ ဖြစ်ပါတယ်။ ပထမ ကျွန်ုပ်တို့ဟာ အလိုဆန္ဒ တခုအပေါ် စိတ်လှုပ်ရှားစွာ ဖြစ်နေသောကြောင့် ထိုအလိုဆန္ဒကို ဖြည့်ဆည်းလိုက်တယ်။ အဲဒီလို ဖြည့်ဆည်း လိုက်တဲ့အခါ ရုတ်တရက်ပဲ ဒီအလိုဆန္ဒဟာ အဓိပ္ပါယ် မရှိတော့သလို ခံစားလိုက် ရတယ်။

စိတ်လှုပ်ရှားမိသည့် အလျောက် မိမိရဲ့ အလိုဆန္ဒကို ပြည့်ဝသွားအောင် ဖြည့်လိုက်တယ်၊ ဖြည့်လိုက်ပြီးတဲ့အခါ ထိုအလိုဆန္ဒက ပြည့်ဝသွားတာ မဟုတ်ပဲ ခွက်ထဲ ထည့်လိုက်မိသည့် အရာဝတ္ထုတွေလို ပျောက်ကွယ်လျက် နောက်ထပ် အလိုဆန္ဒ အသစ်တွေကိုသာ ထပ်ဖြည့် ချင်နေ ပြန်ပါတယ်။

အလိုဆန္ဒတွေ တခုမှ တခု ပြောင်းလဲသွားတယ်။ ပြောင်းလဲ သွားသလိုပဲ အမျိုးမျိုး ဖြည့်ဆည်းကြတယ်။ မည်သို့ပင် ဖြည့်ဆည်းကြ စေကာမူ လူ့အလိုလောဘ ဆိုတာ သူတောင်းစားရဲ့ မှော်ဆန်သော ခွက်လိုပဲ ထည့်သလောက်လည်း မပြည့်ဘူး၊ ပျောက်ကွယ် သွားကြတယ်။ နောက်ထပ် အလိုဆန္ဒ အသစ်တွေ ထပ်ဖြည့်ကြ ပြန်တယ်။ ခွက်ကား မပြည့်၊ ဗလာဖြစ်မြဲ၊ လိုအပ်နေမြဲသာ။

အမှန်တရား ရှာသည့် ခရီးလမ်းဆိုတာ လူ့ အတွင်းမနောသာ ဖြစ်တယ်။ လူ့အတွင်းမနောမှ တွေ့ရတဲ့ လူသားအလိုဆန္ဒ ဆိုတာ ဘယ်သောအခါမှ အဆုံးသတ် မရှိ၊ ပြီးသွားတယ် ပြည့်သွားတယ် ဆိုတာ မရှိ။

သူတောင်းစား မှော်ခွက်ကဲ့သို့ ဘယ်လောက် ဖြည့်ဖြည့် မပြည့်။ ဖြည့်ဆည်း သလောက်လည်း အဖတ်တင် ကျန်ရစ်တယ် ဆိုတာ မရှိပါဘူး။ အားလုံး ပျောက်ကွယ်သွားတာ ချည်းပင်။ Oo Thaw

Post a Comment

0 Comments