အပြစ်ကင်းစင်သောသူ

တခါက အင်မတန် ဆင်းရဲ နုံချာလှတဲ့ သူဆင်းရဲ တယောက်ဟာ ငတ်မွတ်လွန်း လှတဲ့အတွက် ဈေးထဲက ပေါင်မုန့်ဆိုင် ကနေပေါင်မုန့်တဖဲ့ကို ခိုးယူမိခဲ့ ပါသတဲ့။ အဲဒီလို သူဆင်းရဲရဲ့ ခိုးဝှက်ခြင်းကို မြင်ကြတဲ့အခါ ဈေးထဲက လူတွေ၊ မြို့က လူတွေဟာသူဆင်းရဲကို ဝိုင်းဝန်း ဖမ်းဆီး ရိုက်နှက် ကြပြီး မြို့စားမင်းထံကို အပ်နှံကြ ပါသတဲ့။

အဲဒီလို မြို့အုပ်မင်းထံကို ရောက်တဲ့အခါ မြို့စားမင်းက သူဆင်းရဲကို "မင်းဟာ ဘဝရှင် မင်းတရားကြီး ချမှတ်ထားတဲ့ ဥပဒေကို ချိုးဖောက်သူ ငမိုက်သားပဲ။ ဒါကြောင့် မင်းဟာ ကြိုးပေးပြီး သေဒဏ်စီရင်ခြင်း ခံရမယ်" လို့ ပြောခဲ့တယ်။ အဲဒီလို မြို့စားမင်းရဲ့အမိန့်ကို ကြားတဲ့အခါ သူဆင်းရဲက ဒီလိုပြောတယ်။

"ကျွန်တော်မျိုးဟာ အင်မတန် ဆင်းရဲလှ ပါတယ်။ တွယ်တာစရာ ပူပင်စရာ မိသားစု တစုံတရာလည်း မရှိသူ ဖြစ်ပါတယ်။ ဒါကြောင့် သေဒဏ် ကျခံရလည်း ကျွန်တော်မျိုးအတွက် အကြောင်း မဟုတ်ပါဘူးလေ။ ဒါပေမယ့်လည်း ကျွန်တော်မျိုး တသက်လုံး ထိန်းသိမ်း စောင့်ရှောက်ထားတဲ့ လျှို့ဝှက်ချက် တခုကိုတော့ မသေခင်မှာ တစုံတယောက်ကို ပြောသွားချင်ပါတယ်"

အဲဒီအခါ မြို့စားဟာ သူဆင်းရဲရဲ့ လျှို့ဝှက်ချက်ကို သိချင်လာတယ်။ "မောင်မင်းမှာ ဘာလျှို့ဝှက်ချက် ရှိလဲ" လို့မေးတယ်။ အဲဒီအခါ သူဆင်းရဲက

"ကျွန်တော်မျိုးမှာ အင်မတန် ထူးဆန်းတဲ့ အတတ်ပညာ ရှိပါတယ်။ အဲဒီ အတတ်ပညာ ကတော့ တလည်းစေ့ တလုံးကို မြေကြီးထဲမှာ မြှုပ်လိုက်ပြီး တဲ့နောက် ညတွင်းချင်း အပင်ပေါက်ပြီး ကြီးထွားလာအောင် လုပ်တဲ့ အတတ်ပညာ ဖြစ်ပါတယ်။

အဲဒီ အတတ်ပညာကို ကျွန်တော်မျိုးကြီးဟာ ဘုရင်ကြီးရဲ့ ရှေ့မှောက်မှာ ပြသချင်ပါတယ်။ အဲဒီ အခွင့်အရေး ပြီးရင်တော့ ကျွန်တော်မျိုးကို စိတ်တိုင်းကျ အပြစ်ပေးပါ" လို့ တောင်းဆိုလိုက်တယ်။

အဲဒီလို သူဆင်းရဲရဲ့ စကားကို ကြားတဲ့အခါ မြို့စားမင်းက "ကောင်း ပြီလေ၊ ဒါဖြင့် မင်းကို နောက်ဆုံး အခွင့်အရေး ပေးတဲ့ အနေနဲ့ မင်းတရားကြီး ရှေ့မှောက်ကို ခေါ်ဆောင် သွားပေးမယ်" လို့ ကတိကဝတ် ပြုလိုက်တယ်။

အဲဒီနောက်မှာတော့ မြို့စားဟာ ဘုရင်ကြီးရဲ့ ရှေ့ကို ဝင်ရောက်ပြီး အကြောင်းစုံ လျှောက်တင်တယ်။ မြို့စားရဲ့ လျှောက်တင်ချက်ကို ကြားပြီးတဲ့အခါ ဘုရင်မင်းကြီးက သူ့ရဲ့အပါးမှာ အမြဲတမ်း ခစားလေ့ ရှိတဲ့ အမတ်ချုပ်ကြီး၊ ဘဏ္ဍာစိုးကြီးနဲ့ မြို့စားကြီးကို ခေါ်ဆောင်ပြီး ဘုရင့်ဥယျာဉ်တော်ရဲ့ တလင်းပြင်ကို ထွက်လာခဲ့ ကြတယ်။

အဲဒီနောက်မှာတော့ ဘုရင်ကြီးဟာ သူဆင်းရဲကို အစောင့်တွေနဲ့ ခေါ်ဆောင် လာစေတယ်။ အတုပ်အနှောင်ကို ဖြေလျှော့စေပြီး တလင်းပြင်မှာ နေရာယူ စေတယ်။

အဲဒီနောက်မှာတော့ ဘုရင်ကြီးဟာ သူဆင်းရဲရဲ့ လျှို့ဝှက်အပ်တဲ့ အတတ်ပညာကို ပြသစေတယ်။ သူဆင်းရဲဟာ ဘုရင့်ဥယျာဉ်တော်ရဲ့ တလင်းပြင်မှာ ကျင်းတခုကို တူးတယ်။ အဲဒီနောက် မှာတော့ သူ့ခါးကြားထဲမှာ ထည့်ထားတဲ့ တလည်းစေ့ကို လက်မှာကိုင်ပြီး ဂါထာတမျိုးကို စတင်ရွတ်ဖတ်တယ်။ အဲဒီနောက် မှာတော့ သူဟာ ဘုရင်ကြီး၊ အမတ်ချုပ်ကြီးနဲ့ ဘဏ္ဍာစိုးကြီး ဘက်ကိုလှည့်ပြီး ဒီလိုပြောခဲ့တယ်။

"အခု ကျွန်တော်မျိုး ရာဇဝတ်သားရဲ့ အစီအရင် ပြီးဆုံးပါပြီ အရှင်တို့။ ကျွန်တော်မျိုး လက်ထဲက တလည်းစေ့ဟာ သိဒ္ဓိဝင် တလည်းစေ့ ဖြစ်သွားပါပြီ။ အဲဒီတလည်းစေ့ကို ခိုးမှု မကျူးလွန်ဘူးတဲ့ အပြစ်ကင်း ဖြူစင်သူ စိုက်ပျိုးလိုက် တာနဲ့ နေ့ချင်းညချင်း အပင်ပေါက် ကြီးထွားလာမှာ ဖြစ်ပါတယ်။

တိုင်းပြည်ရဲ့ အရေးပါအရာ ရောက်တဲ့ နေရာကို ယူထားကြသူတွေဟာ အင်မတန် ဖြူစင်မြင့်မြတ်သူတွေ ဖြစ်မှာပါ။ ကျွန်တော်မျိုးလို သူခိုးတယောက် ကတော့ ခိုးမှုကျူးလွန်ပြီး ဖြစ်တဲ့အတွက် စိုက်ပျိုးလို့ မရတော့ပါဘူး။ အဲဒီတော့ ဒီတလည်းစေ့ကို မခိုးဘူးတဲ့ အရှင်တို့သာ ဆောင်ယူပြီး စိုက်ပျိုးကြပါတော့"

အဲဒီနောက်မှာတော့ သူဆင်းရဲဟာ တလည်းစေ့ကို အမတ်ချုပ်ကြီး လက်ထဲကို ထည့်လိုက်တယ်။ အမတ်ချုပ်ကြီးရဲ့ မျက်နှာဟာ မလုံမလဲ ဖြစ်လာပြီး ကြောက်ရွံ့လာတယ်။ အဲဒီနောက် မှာတော့ အမတ်ချုပ်ကြီးက ဘုရင်ကြီးကို ဒီလို လျှောက်တင် လိုက်တယ်။

"ကျွန်တော်မျိုး ရှက်ရှက်နဲ့ ဝန်ခံပါရစေ ဘုရား။ ကျွန်တော်မျိုး ငယ်စဉ်က ကစားဖော် တယောက်ရဲ့ ထွေပြားကို ခိုးယူထားခဲ့ ဘူးပါတယ်။ အဲဒီတော့ ကျွန်တော်မျိုးဟာ ဖြူစင်သူ မဟုတ်ပါဘုရား"

အဲဒီလိုနဲ့ အမတ်ချုပ်ကြီးဟာ တလည်းစေ့ကို ဘဏ္ဍာစိုးကြီးထံကို လက်ဆင့် ကမ်းလိုက်တယ်။ ဘဏ္ဍာစိုးကြီး ဟာလည်း လိပ်ပြာမလုံတဲ့ အမူအရာနဲ့ ဒီလို ပြောပြန်တယ်။

"ကျွန်တော်မျိုးဟာ ဘုရင့်ဘဏ္ဍာကို ကိုင်တွယ် ထိန်းသိမ်းနေရသူ ဆိုတော့တခါက ဒင်္ဂါးပြားတပြားကို အိပ်ထဲကို ဆောင်ယူလာမိပါတယ် ဘုရား၊ အရှင် အပြစ်ပေးရင်လည်း ခံရမှာပါပဲ။ ကျွန်တော်မျိုးဟာလည်း ခိုးမှု ကျူးလွန်သူပါ ဘုရား"

အဲဒီလိုနဲ့ ဘဏ္ဍာစိုးကြီးဟာ တလည်းစေ့ကို ဘုရင်ကြီး လက်တော်ထဲကို ထည့်ပေး လိုက် တယ်။ အဲဒီအခါမှာလည်း ဘုရင်ကြီးက "ငါကိုယ်တော်လည်း ခိုးမှု ကျူးလွန်ခဲ့ဘူး တာပဲ မင်းကြီးတို့ရဲ့။ ငါကိုယ်တော် အိမ်ရှေ့စံ ဘဝက ဖခမည်းတော်ရဲ့ လည်ဆွဲကို မပြောဘဲ ယူဆောင်ဆင်မြန်း ခဲ့မိတယ်။ ဖခမည်းတော်က ခွင့်လွှတ်တော်မူလို့ ဒီလို ထီးနန်းအရိုက်အရာ စံစားခွင့် ရခဲ့တာပဲ"

အဲဒီလို ဘုရင်ကြီး၊ ဘဏ္ဍာစိုးကြီးနဲ့ အမတ်ချုပ်ကြီးရဲ့ စကားတွေကို ကြားတဲ့အခါ သူဆင်းရဲက ဒီလိုပြောခဲ့တယ်။ "အရှင်တို့ အရှင်တို့ဟာ ရွှေ၊ ငွေ၊ စည်းစိမ် ပြည့်စုံပါလျက် ခိုးမှု ကျူးလွန်ခဲ့ကြ သူတွေ ဖြစ်တယ်။ အရှင်တို့ဟာ ခိုးမှု ကျူးလွန်ပါရက်နဲ့ အပြစ်ဒဏ် တစုံတရာမှ ကျခံရခြင်း၊ ခံစားရခြင်း မရှိခဲ့ကြပါဘူး။

ကျွန်တော်မျိုးလို သူဆင်းရဲဟာ ငတ်လွန်းမက ငတ်တဲ့အတွက် တနပ်စာမျှတောင် မရှိတဲ့ ပေါင်မုန့်လေး တဖဲ့ကို ခိုးယူစားသောက် မိခဲ့တာပဲ ဖြစ်ပါတယ်။

အဲဒီပေါင်မုန့် တဖဲ့ကို စားသောက်မိ တဲ့အတွက် လူအများရဲ့ ရိုက်ပုတ်ခြင်းကိုလည်း မချိမဆံ့ ခံခဲ့ရသေးတယ်။ အဲဒီအပြင် အခုမင်းတရားကြီးရဲ့ ဥပဒေအရ သေဒဏ်တောင် ကျခံရတော့မယ်။ အဲဒီအဖြစ်ကို ဆင်ခြင် စဉ်းစားပေးတော် မူကြပါဘုရား။ ကျွန်တော်မျိုးကြီးလို သူဆင်းရဲ အငတ်တယောက်တောင် သေဒဏ်ကို ခံရသေးရင် တိုင်းပြည်ကို အုပ်ချုပ်၊ တရားသဖြင့် စီရင်တတ်တဲ့ အရှင်တို့လို လူတွေက ပိုပြီး ကျခံရမှာ မဟုတ်ဘူးလား"

အဲဒီလို သူဆင်းရဲရဲ့ စကားကို ကြားတဲ့အခါ ဘုရင်ကြီးဟာ အင်မတန်မှ သတိသံဝေဂ ရခဲ့တယ်။ သူဆင်းရဲကို အပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့် ပြုပြီး အပါးတော်မြဲ အမတ်အဖြစ် ခန့်အပ်ပြီး မြို့တမြို့ ကို လည်း အပိုင်စား ပေးတော်မူခဲ့ ပါတော့တယ်။ Crd

Post a Comment

0 Comments