နာမည်နှင့် ဘဝ

တခါတုန်းက ရွာတရွာမှာ အလွန် ဇီဇာကြောင်တဲ့ လူတယောက် ရှိသတဲ့။ တနေ့မှာတော့ သူ့မိန်းမဟာ သားယောက်ျားလေး တယောက် ဖွားမြင်တာကြောင့် အလွန် ဝမ်းသာသွားတယ်။

အဲဒီနောက် မိဘ ဆွေမျိုးများက သူရဲ့သားလေးကို တတ်သိနားလည်တဲ့ ဆရာများနဲ့ နာမည်ပေးရန် ပြောဆိုကြသတဲ့။ အဲဒီအခါ ဇီဇာကြောင်တဲ့ သူက ဘယ်သူမှ သူ့သားကို နာမည်ပေးရန် မလိုပါ။ သူ့ဘာသာ ပေးမယ်လို့ ဆိုကာ အိမ်မှ ထွက်လာခဲ့သတဲ့။

မြို့တမြို့ကို ရောက်သောအခါ ကန်စွန်းရွက် ရောင်းပြီး ရှာဖွေ စားသောက်နေသော အဘွားအို တယောက်ကို တွေ့ ရပါတယ်။ သူက အဘွားအိုနား ကပ်ပြီး "အဘွား နာမည် ဘယ်လိုခေါ်သလဲ" လို့ မေးလိုက်သတဲ့။

အဲဒီအခါ အဘွားအိုက "မယ်ချမ်းသာဟာ မွေးထဲက မိဘတွေ ပေးထားတဲ့ အဘွား နာမည်ပေါ့" ဆိုပြီး ဂုဏ်ယူ ဝင်ကြွားစွာ ဖြေလိုက် သတဲ့။ ဇီဇာကြောင်တဲ့ လူလည်း အဘွားအို နာမည် ကြားတဲ့အခါ ဟင်ခနဲဆို မျက်နှာ ရှုံ့မဲ့ သွားပါတယ်။

အဲဒီနောက် ဇီဇာကြောင်တဲ့ လူဟာ ခရီးဆက်လက် ထွက်ခွာလာ ခဲ့ရာ ပွဲရုံကြီး တရုံရှေ့မှာ ခါးထောက်ပြီး အလုပ်သမားတွေကို ဩဇာ ပေးနေတဲ့ သူဌေးကြီး တယောက်ကို တွေ့သွားပါတယ်။ အဲဒါကြောင့် မဝံ့မရဲနဲ့ အနားကပ် သွားပြီး "ဦးခင်ဗျာ၊ နာမည် ဘယ်လို ခေါ်ပါသလဲ" လို့ မေးလိုက် ပါတယ်။

အဲဒီအခါ ပွဲရုံပိုင်ရှင် သူဌေးကြီးက "မောင်ခွေးဟာ မွေးကတည်းက မိဘတွေ ပေးထားတဲ့ ကျုပ်ရဲ့ နာမည်ပေါ့" ဆိုပြီး ဂုဏ်ယူ ဝင့်ကြွားစွာနဲ့ ပြောလိုက်သတဲ့။ ဇီဇာကြောင်တဲ့ လူလည်း ပွဲရုံပိုင်ရှင်ကြီး ပြောတဲ့ စကားကို ကြားတဲ့အခါမှာ ဟင်ခနဲဆို မျက်နှာ ရှုံ့သွားသတဲ့။

အဲဒီနောက် ဇီဇာကြောင်တဲ့ သူဟာ ခရီးဆက်လက် ထွက်ခွာလာခဲ့ရာ ထင်းကို ကိုယ်တိုင်ခုတ်ပြီး လမ်းဘေးမှာ ရောင်းနေတဲ့ လူတယောက်ကို တွေ့ရ ပြန်သတဲ့။ ဒါကြောင့် အဲဒီလူနားကပ်ပြီး နာမည် ဘယ်လို ခေါ်သလဲ ဆိုပြီး မေးလိုက်ပါတယ်။

အဲဒီအခါ ထင်းရောင်းတဲ့လူက "မောင်ကြွယ်ဝဟာ တနင်္လာသား လေးမို့ လို့ မွေးထဲက မိဘများ ပေးတဲ့ နာမည်ပေါ့" ဆိုပြီး ဂုဏ်ယူ ဝင့်ကြွားစွာနဲ့ ဖြေဆိုလိုက် သတဲ့။ ဇီဇာကြောင်တဲ့ လူလည်း ထင်းခုတ်သမားရဲ့ စကားကို ကြားတဲ့ အခါမှာတော့ ဟင်ခနဲဆို မျက်နှာရှုံ့မဲ့ သွားပါတယ်။

အဲဒီနောက် ဇီဇာကြောင်တဲ့ လူဟာ ခရီးဆက်လက် ထွက်ခွာခဲ့ရာ ဝက်သတ်သမား တယောက်ကို တွေ့လိုက်ရသတဲ့။ ဒါကြောင့် အဲဒီ လူနားကပ်ပြီး နာမည် ဘယ်လို ခေါ်သလဲ ဆိုပြီး မေးလိုက်ပါတယ်။

အဲဒီအခါ ဝက်သတ်သမားက "မောင်ကုသိုလ်ဟာ မွေးထဲက မိဘများ ပေးထားတဲ့ နာမည်ပေါ့" ဆိုပြီး ဂုဏ်ယူ ဝင့်ကြွားစွာ ဖြေဆိုလိုက် သတဲ့။ ဇီဇာကြောင်တဲ့ လူလည်း ဝက်သတ်သမားရဲ့ စကားကို ကြားတဲ့ အခါမှာတော့ ဟင်ခနဲဆို မျက်နှာ ရှုံ့သွားပါတယ်။ အဲဒီနောက် ဇီဇာကြောင်တဲ့လူဟာ ခရီးမဆက်တော့ဘဲ အိမ်ကို ပြန်လာခဲ့ သတဲ့။

အိမ်ရောက်တော့ လမ်းမှာ နာမည်နဲ့ ဘဝ တထပ်တည်း မကျဘဲ ဆန့်ကျင်ဘက် လူတွေကို တွေ့လာတာကြောင့် သားဖြစ်သူကို "မောင်ဆင်းရဲ ငနွား ငမွဲ ငရဲ" ဆိုပြီး နာမည်ပေးလိုက် သတဲ့ကွယ်။ PhooMyatChal မောင်မဟာရဲ့ ဖြတ်ထိုးဉာဏ် ကောင်းသော အမတ်ကြီးနှင့် အခြားပုံပြင်များ စာအုပ်မှ ပြန်လည် ဝေမျှပါသည်။

Post a Comment

0 Comments