ကိုယ့်အလုပ် ကိုယ်လုပ်

တခါတုန်းက လယ်သမားကြီး တယောက်ဟာ အိမ်မှာ ခွေးတကောင်နဲ့ မြည်းတကောင်ကို မွေးထားတယ်။ တညမှာ သူခိုးနှစ်ယောက်ဟာ သူ့အိမ်ထဲကို ပစ္စည်းခိုးဖို့ ဝင်လာကြတာကို ခွေးက သူခိုးတွေကို မြင်ပြီး ရုတ်တရက် ဟောင်လိုက်တယ်။

အဲ့ဒီအချိန်မှာ လယ်သမားကြီးနဲ့ အိမ်နီးချင်းတွေ နိုးလာကြပြီး သူခိုးတွေကို ဝိုင်းဖမ်းလိုက်တာ မိသွားပါလေရော။

လယ်သမားကြီးက အိမ်နီးချင်းတွေကို သူ့ခွေးကြောင့် သူခိုးတွေကို မိလိုက်တာ၊ သူ့ခွေးဟာ အရမ်း တော်တယ် လို့ ချီးကျူးလိုက်တော့ အိမ်နီးချင်းတွေ ကလည်း သူ့ခွေးဟာ တော်တယ်လို့ ဝိုင်းချီးမွမ်း ကြတာပေါ့။

ဒီအခါမှာ မြည်းက စဉ်းစားတယ်။ "ငါ့သခင်နဲ့ လူတွေက ခွေးကိုတော့ အသုံးကျတဲ့ အကောင်တဲ့။ ဒါဆိုရင် ငါက အသုံးမကျတဲ့ အကောင် ဖြစ်သွားပြီပေါ့။ ငါ အသုံးကျကြောင်း ပြမယ်ကွာ"

ဒီလိုနဲ့ ရက်အနည်းငယ် အကြာမှာ နောက်ထပ် သူခိုးနှစ်ယောက်ဟာ လယ်သမားကြီး အိမ်ကို ပစ္စည်းခိုးဖို့ ရောက်လာကြ ပြန်တယ်။ သူတို့ဟာ ခြံစည်းရိုးကို ကျော်ခွ ဝင်လာကြ ပြီးမှ အိမ်တံခါးပေါက်ဝမှာ လဲလျောင်းရင်း မအိပ်ဘဲ စောင့်နေတဲ့ ခွေးကို တွေ့လိုက်တယ်။

အခြေအနေ မကောင်းလို့ သူခိုးနှစ်ယောက်ဟာ ခြံစည်းရိုးကို ကျော်ခွတက်ပြီး ထွက်ပြေးဖို့ ပြင်လိုက်ကြတယ်။ ဒီအချိန်မှာ မြည်းက စဉ်းစားတယ်။

"ဒါအခွင့်အရေးပဲ။ အခုနေ ငါအော်လိုက်ရင် ငါ့သခင်နဲ့ အိမ်နီးချင်းတွေ ကြားသွားပြီး သူခိုးတွေကို ဝိုင်းဖမ်းကြ လိမ့်မယ်။ ငါ့ကြောင့် သူခိုးတွေကို ဖမ်းမိတယ် ဆိုပြီး ငါ့ကို သခင်က ချီးကျူးလိမ့်မယ်"

အဲဒါနဲ့ မြည်းက အသံအကျယ်ကြီးနဲ့ ဟီးလိုက်တယ်။ ညနက် မိုးချုပ်ကြီးမှာ မြည်းဟီသံကြောင့် အိပ်မရတော့လို့ လယ်သမားကြီးဟာ ဒေါသနဲ့ မြည်းကို တုတ်ကြီးကြီးနဲ့ ရိုက်ပါလေ တော့တယ်။ လယ်သမားကြီးက အားရပါးရ ရိုက်ပြီးတော့ အိမ်ထဲ ပြန်ဝင်အိပ်တယ်။

ဒီတော့မှ ခွေးက မြည်းအနား ရောက်လာပြီး မြည်းကို ခုလို ပြောပါတယ်။ "အဆွေမြည်း၊ ကိုယ့်အလုပ် ကိုယ်လုပ်တာ ကောင်းပါတယ်။ ကျွန်တော့်ကို လိုက်မတုနဲ့လေ"

မြည်းကလည်း "ဟုတ်ပါတယ်။ ငါ သင်ခန်းစာ ရလိုက်ပါပြီ" လို့ ပြန်ပြောလိုက် ပါတော့တယ်။

မြည်းအလုပ် မြည်းလုပ်၊ ခွေးအလုပ် ခွေးလုပ်၊ ကိုယ့်အလုပ် ကိုယ်လုပ်ပါ။ Crd to Search, phoomyatchal

Post a Comment

0 Comments