ကလေးအမေရဲ့ အပြစ်

ကလေးတယောက် ရပြီးတဲ့ အချိန်မှာ ကလေးအမေ ဆိုရင် ပတ်ဝန်းကျင်က "ဒါတွေကို မလုပ်သင့်ဘူး၊ ဒါမျိုးတော့ မဖြစ်သင့်ဘူး" ဆိုတဲ့ အကောင်း မမြင်တတ်တဲ့ အမြင်တွေ ရှိနေကြတယ် ဆိုတာ နားလည်လာခဲ့တယ်။

နည်းနည်းလေး ညည်းမိရင် (နင့်ကို ကလေးတွေ ဘယ်သူက မွေးခိုင်းလို့လဲ) စိတ်ရှုပ်လို့ တခါတလေများ ငိုမိရင် (ဘာလို့ ငိုနေတာလဲ၊ ဘာလဲ ကလေးယူတာ အရမ်း လွယ်တယ်လို့ ထင်ခဲ့တာလား)

အရမ်းပင်ပန်းနေပြီ ဆိုရင် (နင် ဘာအလုပ် မှလည်း လုပ်နေရတာ မဟုတ်ပဲနဲ့) ခဏလေးများ အိပ်နေမိရင် (ဒီအမေ တော်တော် ပျင်းတာပဲ) အခွင့်ရတုန်း ခဏတဖြုတ် နားနေရင် (ကလေးတွေ ကြီးလာရင် နင် ကြိုက်သလောက် နားလို့ရတယ်)

ကလေး ထပ်ယူရင် (နင်ရူးနေပြီလား၊ နောက်ထပ် ကလေးတွေ ဘယ်နှယောက်များ ထပ်မွေးချင် သေးတာလဲ) အလုပ်ကနေ ထွက်လိုက်ရင် (နင့်ကလေးတွေကို နင် ဘယ်လို ဖြည့်ဆည်းပေးမှာလဲ)

အဲဒီလိုမဟုတ်ပဲ အလုပ် လုပ်နေရင် (နင့်ကလေးတွေကို ဘယ်သူက စောင့်ရှောက်မှာလဲ) ကလေးသူငယ် စောင့်ရှောက်ရေးကို အလုပ်ရှိလို့ ပို့ထားရရင် (မိဘအရင်း မဟုတ်တဲ့ တခြားလူတွေ လက်ထဲမှာ ကိုယ့်ကလေးကို ကြီးပြင်းခိုင်း မလို့လား)

အိမ်ထောင်ရှင်မ အဖြစ်ပဲ နေတယ်ဆိုရင် (ယောက်ျားက သနားဖို့ ကောင်းလိုက်တာ၊ အိမ်ထဲပဲ နေတတ်တဲ့ မိန်းမကို ရထားတော့ အလုပ်တွေ ပင်ပင်ပန်းပန်း လုပ်လိုက်ရတာ)

single mother ဖြစ်နေရင် (ကလေးတွေ ရှိတဲ့ မိန်းမကို ဘယ်ယောက်ျားက လိုချင်မှာလဲ) တခါတလေ စိတ်ပြေလက်ပျောက် အပေါင်းအသင်း တွေနဲ့ အပြင် ထွက်လည်မိရင် (ဘာလို့ နင့်သားကို နင် အပြင်ထွက် ပျော်ပါးဖို့ အတွက်နဲ့ အဖွားလက်ထဲ ထိုးအပ်ခဲ့တာလဲ)

အဲဒါတွေ ထဲမှာမှ အဆိုးဝါးဆုံးက ဘာလဲသိလား။ အပေါ်က မစာမနာ စကားလုံး အများစုကို ပြောတတ်ကြတဲ့ ၉၀% သော လူတွေက အမျိုးသမီးတွေ ကိုယ်တိုင် ဖြစ်နေတာ ပါပဲ။

အမျိုးသမီးတွေ အချင်းချင်း ဖေးမပြီး ကူညီ စာနာတတ်ဖို့ သင်ယူကြပါ။

မိခင်ဆိုတာလည်း လူသားတယောက် ပါပဲ။ ကိုယ့်ကလေးကို အချစ်နိုင်ဆုံး ကလည်း မိခင်ဖြစ်တဲ့ ကိုယ်ပဲ ဆိုတာ သိပေမယ့် တခါတလေတော့ အဲဒီလို အပြောတွေကြောင့် အပြစ်ကြီး တခုလို မိခင်တိုင်း ခံစားရကြ ပါတယ်။ Translated by yooyar

Post a Comment

0 Comments