မျောက်ဥပုသ်စောင့်သလို

တခါတုန်းက မျောက်အုပ် တအုပ်ရဲ့ ခေါင်းဆောင်မျောက်ဟာ သူ့ငယ်သား မျောက်တွေကို စုဝေးစေပြီး တရားဓမ္မ ဟောပြပါသတဲ့။ သူက

"ငါ မနေ့က လူတွေနေတဲ့ ရွာက ဘုန်းကြီးကျောင်းဘေးက မန်ကျည်းပင်ပေါ် ရောက်ခဲ့တယ်။ ငါမန်ကျည်းသီး စားနေတုန်း ဘုန်းကြီးကျောင်းထဲက ဘုန်းကြီးရဲ့ တရားဟာ ငါ့ကို သတိသံဝေဂ ပေးခဲ့တယ်။ အဲဒီတရားကို မင်းတို့ကိုလည်း ငါပြန်ဟောပြမယ်" လို့ ပြောရင်း ဘုန်းကြီးရဲ့ ဟန်ပန်အတိုင်း ချောင်းဟန့် တင်ပျဉ်ခွေ ထိုင်ပြီး သူကြားခဲ့ရတဲ့ တရားကို ပြန်လည်ဟောပြ ခဲ့ပါသတဲ့။

အဲဒီလို မျောက်ခေါင်းဆောင်ရဲ့ တရားကို နာပြီးတဲ့ နောက်မှာ မျောက်တွေဟာလည်း လူတွေပြုမူပုံ ပြုမူနည်း အတိုင်း ဥပုသ်သီလ ဆောက်တည်ကြဖို့ သဘောတူ ကြပါသတဲ့။ အဲဒီအခါ မျောက်ခေါင်းဆောင်က ဒီလိုပြောတယ်။

"ငါတို့ ဥပုသ်စောင့်တာကတော့ ဟုတ်ပါပြီ။ ဒါပေမယ့် ဥပုသ် ထွက်တဲ့အခါ ဗိုက်ဆာပြီး အားနည်းနေကြမှာပဲ အဲဒီတော့ ဥပုသ် ထွက်တဲ့အခါ စားဖို့အတွက် အစားအစာကို ကြိုတင် ရှာထားကြရင် ကောင်းမယ်"

အဲဒီအခါ မျောက်တွေဟာ ငယ်ရွယ် သန်မာတဲ့ မျောက်တွေကို စေလွှတ်ပြီး အစားအစာ ရှာဖွေစေတယ်။ အစာ ရှာဖွေတဲ့ မျောက်တွေ ပြန်ရောက်လာတဲ့ အခါမှာတော့ မှည့်ဝင်း မွှေးကြိုင်နေတဲ့ ငှက်ပျောခိုင်တွေ ပါလာကြတယ်။ မျောက်တွေက ငှက်ပျောသီးကို ကြည့်လိုက်တာနဲ့ အရသာရှိပြီး စားလို့ကောင်းမယ် ဆိုတာကို သိနေကြတယ်။

ဥပုသ် စောင့်ဖို့ထက် ဥပုသ်ထွက်တဲ့အခါ ငှက်ပျောသီး စားဖို့ကို ပိုပြီး စိတ်ထက်သန် လာကြပြန်တယ်။ အဲဒီလို ငှက်ပျောသီး တွေကို မြင်တဲ့အခါ မျောက်အုပ်ထဲက မျောက်အိုကြီး တကောင်က

"ငါတို့ ငှက်ပျောသီး တွေကို ဒီနေရာမှာ ထားမယ့် အစား ကိုယ့်ဝေစု အလိုက် ကြိုတင် ဝေငှထားရင် မကောင်းဘူးလား။ ဒါမှ ဥပုသ် ထွက်တဲ့အခါ အလုပ်ရှုပ် သက်သာတာပေါ့" လို့ ပြောပြန်တယ်။

မျောက်တွေလည်း မျောက်အိုကြီးစကားကို သဘောတူ ကြပြီး မိမိတို့ရမယ့် ဝေစုကို အသီးသီး ခွဲဝေ ယူထားကြ ပြန်တယ်။ အဲဒီလို ခွဲဝေယူပြီးတဲ့ အခါမှာလည်း အစားမက်တဲ့ မျောက်တကောင်က ဒီလို ပြောပြန်တယ်။

"ဒီလို ဝေစု ခွဲပြီး နေမှတော့ မထူးတော့ပါဘူး။ တခါတည်း အခွံပါ နွှာထားလိုက် ကြရအောင်။ ဥပုသ် ထွက်တာနဲ့ အသင့် ကောက်စားလိုက် ရုံပဲ"

အဲဒီအခါ မျောက်တွေလည်း သဘောတူကြပြီး မိမိတို့ရရှိတဲ့ ဝေစု ငှက်ပျောသီးတွေကို အခွံနွှာလိုက် ကြပြန်တယ်။ အဲဒီလို နွှာပြီးတဲ့အခါ မျောက်ငယ်လေး တကောင်က "ကျနော် ငှက်ပျောသီးကို အခွံနွှာပြီး ဘယ်နား ထားရမှန်း မသိ ဖြစ်နေတယ်။ ကျနော့် ပါးစပ်ထဲ ထည့်ပြီး သိမ်းထားလို့ ရမလား မသိဘူး။ ကျနော် မျိုမချဘူးလို့ ကတိပေးပါတယ်" လို့ ပြောပြန်တယ်။

အဲဒီအခါ မျောက်ခေါင်းဆောင်က "မထူးတော့ ပါဘူးကွာ အားလုံး ပါးစပ်ထဲမှာ ငှက်ပျောသီးတွေ ထည့်ထားကြ။ မြိုတော့ မချကြနဲ့" လို့ အမိန့်ပေး လိုက်တယ်။ အဲဒီလိုနဲ့ မျောက်တွေဟာ ငှက်ပျောသီးတွေကို ပါးစပ်ထဲမှာ ငုံပြီး ဥပုသ်စောင့် ကြတယ်။

ဒါပေမယ့် မကြာခင် ကာလမှာပဲ မျောက်တွေ အားလုံးရဲ့ ပါးစပ်ထဲက ငှက်ပျောသီးတွေဟာ အသီးသီး ပျောက်ကွယ် သွားကြတော့တယ်။ မျောက်တွေရဲ့ ဥပုသ်ကြီးလည်း တိတ်တဆိတ်ပဲ ပြီးဆုံးခဲ့တယ်။

တကယ်တော့ ဒီပုံပြင်လေးတွေဟာ ကျနော်တို့ရဲ့ ဆုံးဖြတ်ချက် မခိုင်မာခြင်း၊ စိတ်ရဲ့ မစောင့်စည်းခြင်းကို ထောက်ပြနေတဲ့ ပုံပြင်လေးပဲ ဖြစ်တယ်။ ကျနော်တို့တွေဟာ တစုံတခုကို သင်ခန်းစာ ရလို့ပဲ ဖြစ်ဖြစ်၊ တွေးတောမိလို့ပဲ ဖြစ်ဖြစ် မျောက်တွေရဲ့ ဥပုသ် စောင့်လိုစိတ်နဲ့ တူတဲ့ "မှန်ကန်တဲ့ ဆုံးဖြတ်ချက်" တွေကို ချလေ့ ရှိကြတယ်။

ဥပမာအားဖြင့် "ဒီလ ငါ လက်ဘက်ရည်ဆိုင် ထိုင်တဲ့ အချိန်တွေ လျော့မယ်၊ ကိုရီးရားကား ကြည့်တာ အချိန်ကုန်တယ် မကြည့်တော့ဘူး၊ အပြင်စာတွေ မစားတော့ဘူး၊ အသုံးစရိတ် ချွေတာမယ်၊ ဒီအလုပ် မပြီးမချင်း Facebook ကို ယောင်လို့တောင် လှည့်မကြည့်ဘူး" စတဲ့ ကောင်းမွန် မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို ချလေ့ ရှိကြတယ်။

အဲဒီလို ဥပုသ်စောင့်ခြင်းနဲ့ တူတဲ့ စောင့်စည်းခြင်း ဆုံးဖြတ်ချက် တွေကို ချလေ့ ရှိကြပေမယ့် မခိုင်မာတဲ့ စိတ်ဓါတ်ကြောင့် "တခါတလေ ဆိုင်ထိုင်တာတော့ ကိစ္စ မရှိပါဘူးလေ၊ ဒီဇာတ်ကားလေးက မဆိုးလောက်ဘူး တပိုဒ်တလေလောက် ကြည့်ရင် ဘာမှမဖြစ်ပါဘူး၊ အင်း ဒီတကြိမ်တော့ အပြင်စာလေး စားလိုက်ဦးမှ နောက်တကြိမ်မှ ဆင်ခြင်တော့မယ်၊ ခဏလေး Facebook ပေါ်တက်လိုက်ဦးမှ ငါးမိနစ်လောက်နဲ့ ဘာမှ ဖြစ်မသွားပါဘူး" စတဲ့ Excuse တွေပေးရင်း မျောက်ဥပုသ် စောင့်သလို ဖြစ်နေမိပါတယ်။

ငယ်စဉ်ကာလ တုန်းကလို စာသင်နှစ် အစမှာ တက်ကြွနေတဲ့ စိတ်ဟာ နှစ်လည်နဲ့ နှစ်ဆုံးမှာ တဖြည်းဖြည်း မျောက်ဥပုသ် ဖြစ်လာကြ ပြန်တယ်။ ဆေးလိပ်ဖြတ်ဖို့ ဆုံးဖြတ်ပြီးခါမှာ ပြန်သောက်မိတဲ့ စိတ်မျိုးဟာလည်း မျောက်ဥပုသ် စိတ်မျိုးပဲ ဖြစ်ပါတယ်။

တကယ်တော့ ရည်ရွယ်ချက် တခုကို အောင် မြင်အောင် ကြိုးစားတဲ့သူဟာ မျောက်ဥပုသ်နဲ့ တူတဲ့ ပျော့ညံ့တဲ့၊ မခိုင်မာတဲ့စိတ်ကို ရဲဝံ့ပြတ်သားသော စိတ်နဲ့ ဖယ်ခွာသင့်ပါတယ်။

တခုခု ဆုံးဖြတ်ပြီးရင် ဆင်ခြေဆင်လက် မပေးတော့ပဲ ရည်ရွယ်ချက် အောင်မြင် ပြည့်မြောက်သည်အထိ တစိုက်မတ်မတ် ပြုလုပ်သင့် လှပါတယ်။ အောင်မြင်သော သူတွေနဲ့ သာမာန်လူတွေ ကြားရဲ့ အဓိက ကွာဟချက် ဟာလည်း အဲဒီ ဆင်ခြေပေးတတ်တဲ့ မျောက်ဥပုသ် စိတ်မျိုးလို့ ဆိုပါတယ်။

ငါမောနေပါစေ၊ ရည်ရွယ်ချက် မပြည့်မချင်း ငါမရပ်ဘူး ဆိုတဲ့ စကားလို ရည်ရွယ်ချက် မပြည့်မချင်း ခိုင်ကျည်သော စိတ်နဲ့ စောင့်စည်းဖို့ ကြိုးစားဖို့ လိုမှာပဲ ဖြစ်ပါတယ်။ အရှင်စန္ဒာဝရ(တောင်တွင်း)

Post a Comment

0 Comments