ကမ္ဘာပေါ်က အလှဆုံး အရာ

တခါတုန်းက ပန်းချီဆရာ တယောက်ဟာ ကမ္ဘာပေါ်မှာ အလှဆုံး ပန်းချီကား တချပ်ကို ဖန်တီးခဲ့တယ်။ ဒီလိုနဲ့ သူဟာ သူ့ရဲ့သစ်သား ဘောင်လေးနဲ့ ကွပ်ထားတဲ့ ပန်းချီကားလေးကို သယ်ဆောင်ပြီး နိုင်ငံတနိုင်ငံမှ တနိုင်ငံကို ခရီးထွက် လာခဲ့တယ်။

သူ့ရည်ရွယ်ချက်က ကမ္ဘာပေါ်မှာ အလှဆုံး အရာကို ရှာဖွေ တွေ့ရှိဖို့ပေါ့။ တနေ့မှာ သူဟာ လမ်းမှာ ရဲရင့်တဲ့ စစ်သား တယောက်ကို တွေ့တယ်။ စစ်သားကို ပန်းချီဆရာက မေးလိုက်တယ်။

"ကမ္ဘာပေါ်မှာ အလှဆုံး အရာက ဘာလဲ"

"ငြိမ်းချမ်းရေးပါ" လို့ စစ်သားက ဖြေပြီး ထွက်သွားတယ်။

ပန်းချီဆရာက ခေါင်းခါလိုက်ပြီး စိတ်ပျက် သွားတယ်။ ဘာလို့လဲ ဆိုတော့ အဲဒီ ငြိမ်းချမ်းရေး ဆိုတဲ့ အရာကို သူမှ ပုံမဆွဲတတ်ပဲ။ နောက်တခါ သူဟာ လှပငယ်ရွယ် ချောမောတဲ့ မိန်းမပျိုလေး တယောက်ကို တွေ့တယ်။

အဲဒီအခါ မှာလည်း ပန်းချီဆရာက မိန်းမပျိုကို မေးတယ်။

"ကမ္ဘာပေါ်မှာ အလှဆုံး အရာက ဘာလဲ"

မိန်းမပျိုက ချက်ချင်းပဲ "အချစ်ပါ" လို့ တုံ့ဆိုင်းခြင်း မရှိပဲ ပြန်ဖြေတယ်။ ပန်းချီဆရာက ထပ်မံ စိတ်ပျက်သွား ရပြန်တယ်။ သူမှ အဲဒီ အချစ်ဆိုတဲ့ အရာကို ပန်းချီ မဆွဲနိုင်ပဲ။

ဒီလိုနဲ့ နောက်ဆုံးမှာ လမ်းမ တနေရာမှာ ပန်းချီဆရာက တရားဟောဆရာ တယောက်ကို တွေ့တယ်။ ဒီတော့ သူက တရားဟောဆရာကို မေးလိုက်တယ်။ "ကမ္ဘာပေါ်မှာ အလှဆုံး အရာက ဘာလဲ" "သစ္စာ စောင့်သိမှု" တရားဟောဆရာက တည်ငြိမ်စွာ ပြောပြီး ထွက်သွား ပြန်တယ်။

ဒီတခါလည်း သူဦးခေါင်းကို ရမ်းလိုက် ပြန်တယ်။ စိတ်ပျက်ရ ပြန်တယ်။ အဲဒီ သစ္စာစောင့်သိမှု ဆိုတာကြီးကို သူ မဆွဲတတ်ဘူး။ ဒီလိုနဲ့ နောက်ဆုံး ဘယ်နေရာမှာမှ ရှာလို့ မတွေ့တဲ့ အဆုံး သူလိုချင်တဲ့ အဖြေ မရတဲ့အခါ သူ အိမ်ပြန်ဖို့ ကိုပဲ ဝမ်းနည်းစွာနဲ့ ဆုံးဖြတ်လိုက်တယ်။

သူ့အိမ်ပေါက်ဝကို သူ ပြန်ရောက်လာတဲ့ အခါ သူ့သားငယ်က အိမ်ထဲကနေ ပျော်ရွှင်စွာနဲ့ မျှော်လင့်တကြီး သူ့ကို ထွက်ကြိုတာ တွေ့လိုက်ရတယ်။ ပြီးတော့ သားငယ်က ငိုယိုပြီးတော့ "အဖေ အဖေ" ဆိုပြီး သူ့ကို ပြေးဖက် ပါတော့တယ်။

သားငယ်ရဲ့ နောက်မှာ ဇနီးသည်က လိုက်လာပြီး သူ့ နဖူးပြင်ကို ငြင်သာစွာ နမ်းတယ်။ အိမ်ကို ပြန်ရောက်တဲ့ လက်ဆောင် အနေနဲ့ပေါ့။ ရုတ်တရက် ချက်ချင်းပဲ ပန်းချီဆရာက ကမ္ဘာပေါ်မှာ အလှဆုံး ဆိုတဲ့ အရာကို သူနားလည်သွားတယ်။

သားငယ်ဆီ ကနေ ဖခင်တယောက် အပေါ် ထားတဲ့ သစ္စာစောင့်သိမှုကို သူ တွေ့လိုက်ရတယ်။ သူချစ်ရတဲ့ ဇနီးသည်ရဲ့ အနမ်းတပွင့်ကနေ တဘဝလုံးစာ အတွက် ချစ်ခြင်းမေတ္တာ တွေကို သူ တွေ့လိုက်ရတယ်။ အဲဒီ အချစ်တွေ ထဲမှာပဲ နွေးထွေးမှု သူ့မိသားစုရဲ့ပျော်ရွှင်မှုနဲ့ ငြိမ်းချမ်းရေး ကိုပါ သူ ရှာတွေ့လိုက်တယ်။

ဒီလိုနဲ့ သူဟာ ကမ္ဘာပေါ်မှာ အလှဆုံးအရာကို ဖန်တီးခဲ့ ပါတော့တယ်။ အဲဒါကတော့ သူ့အိမ်က လွဲလို့ တခြားအရာ မရှိတော့ပါဘူး။ ကမ္ဘာပေါ်မှာ အလှဆုံးအရာ ဆိုတာ တကယ်တော့ အဝေးကြီးကို လိုက်ရှာနေစရာ မလိုပါဘူး။

ကမ္ဘာပေါ်မှာ အလှဆုံးအရာ ဆိုတာ သင့် စိတ်ထဲမှာ၊ သင့်နှလုံးသားထဲ မှာပဲ တည်ရှိပါတယ်။ သင် ငြိမ်းအေးတဲ့ နေရာ၊ သင်ပျော်ရွှင်ရတဲ့ နေရာ၊ သင့်ကို ချစ်တဲ့နေရာ၊ သင်က ချစ်တဲ့နေရာ၊ နွေးထွေး လုံခြုံလို့ ချမ်းမြေ့တဲ့ အရာဟာ ကမ္ဘာပေါ်မှာ အလှဆုံး အရာ ပဲ ဖြစ်ပါတယ်။ သက်တန့်ချို

Post a Comment

1 Comments

  1. စာကို သတ်ပုံမှန်အောင် ရေးသားတတ်သူ နည်းနေတော့တဲ့ခေတ်မှာ ကွန်ဂရက်ကျူလေးရှင်း။

    ReplyDelete