စိတ်ကူးယဉ်ကောင်းသူ

တခါတုန်းက ရွာလေးတရွာမှာ အလွန် ဆင်းရဲတဲ့ လင်မယားနှစ်ယောက် ရှိသတဲ့။ သူတို့ လင်မယား နှစ်ယောက်ဟာ ဘယ်လောက်ပဲ အလုပ်တွေ လုပ်လုပ် ထမင်း နပ်မှန်ရုံသာ စားသောက်နိုင် သတဲ့။ ဒါကြောင့် သူတို့ဟာ ပြည့်ပြည့် စုံစုံနဲ့ အလွန်နေချင် သတဲ့ကွယ်။

တနေ့တော့ သူတို့ လင်မယားနှစ်ယောက်ဟာ ခါတိုင်းထက် ပိုပြီး ပင်ပန်း တာကြောင့် စောစောစီးစီး အိပ်ရာဝင် ကြပါတယ်။ အိပ်ရာထဲ ရောက်တော့ ယောက်ျားဖြစ်သူဟာ တခဏ အတွင်းမှာပဲ အိပ်ပျော် သွားပါတယ်။ ဒါပေမယ့် မိန်းမဖြစ်သူက ချမ်းသာမယ့် နည်းလမ်းကို စဉ်းစားရင်းနဲ့ အိပ်မပျော် ဘူးတဲ့။

ညသန်းခေါင်လောက် ရောက်တော့ မိန်းမဖြစ်သူက ယောက်ျားကို လှုပ်နိုးပြီး "ကျွန်မတို့ကို လူတယောက်က ဆိတ်မလေး တကောင် လက်ဆောင်ပေးရင် ဘယ်လောက် ကောင်းမလဲ"လို့ ပြောလိုက်ပါတယ်။ အဲဒီအခါ ယောက်ျားဖြစ်သူ ကလည်း

"ဘယ်လို ပြောလိုက်တာလဲ မိန်းမရယ်၊ တကယ်လို့သာ ဆိတ်မလေး တကောင် လက်ဆောင်ရရင် ကြီးလာတဲ့ အထိ သေသေချာချာ မွေးမယ်။ ပြီးတော့ ဆိတ်မလေး သားပေါက် လာရင် ဆိတ်နို့လည်း သောက်ရမယ်" လို့ ပြောလိုက်သတဲ့။

အဲဒီအခါ မိန်းမဖြစ်သူက "အံ့မယ်၊ ဆိတ်နို့ကို လုံးဝ မသောက်ရ ပါဘူးနော်၊ ကျွန်မက ဆိတ်ကလေးတွေ ကိုပဲ ဝအောင် စို့ခိုင်းမယ်။ ဒါမှ သန်မာ ထွားကျိုင်း လာမှာပေါ့" လို့ ပြောသတဲ့။

ယောက်ျားဖြစ်သူ ကလည်း "မိန်းမရယ် အဲဒီလောက်ထိ မကြီးကျယ်စမ်း ပါနဲ့။ ငါက အားရှိအောင် နည်းနည်းလေးပဲ သောက်မှာပါ" လို့ ဆိုလိုက်တော့ "အိုမသောက်ရဘူး၊ မသောက်ရဘူး၊ လုံးဝ မသောက်ရဘူး" ဆိုပြီး မိန်းမဖြစ်သူဟာ အသံ ကျယ် ကြီးနဲ့ ထအော်ပါတယ်။

ဒါကြောင့် ယောက်ျားဖြစ်သူက ဒေါသ ထွက်သွားပြီး "သောက်တော့ ဘာဖြစ်လဲကွာ၊ မင်းဘာလုပ်ချင်လဲ" လို့ မေးလိုက်တော့ရိုက်ချင်တယ်၊ ရိုက်ချင်တယ် လို့ ပြောပြီး ယောက်ျားဖြစ်သူကို တဘုန်းဘုန်းနဲ့ ရိုက်ပါလေရော။

ဒီတော့ ယောက်ျားဖြစ်သူ ကလည်း မခံမရပ်နိုင် ဖြစ်ပြီး ရိုက်ရင် ထိုးတယ် ဆိုပြီး လက်သီးနဲ့ ထိုးလိုက်သတဲ့။ ဒီလိုနဲ့ သူတို့လင်မယား နှစ်ယောက်ဟာ စိတ်ကူးထဲက ဆိတ်မလေးကို အကြောင်းပြုပြီး အကြီးအကျယ် သတ်ပုတ်ကြသတဲ့။

နောက်ဆုံး ဘေးအိမ်က လူတွေဟာ အိပ်ရာက နိုးပြီး လာရောက် ဖြန်ဖြေပေး တော့မှ ရန်ပွဲက ပြီးသွားပါတယ်။ နောက်တနေ့ မနက် ရောက်တော့ သူတို့ လင်မယားနှစ်ယောက်ဟာ ဒဏ်ရာတွေနဲ့ လူမြင်ကွင်းကို ထွက်ရမှာ ရှက်လို့ အိမ်ထဲမှာ ကုတ်နေရှာသတဲ့ကွယ်။

စိတ်ကူးယဉ်ပြီး အကျိုးမရှိနိုင်တဲ့ ငြင်းခုံမှုတွေနဲ့ အချိန် မဖြုန်းပါနဲ့။ PhooMyatChal မောင်မဟာရဲ့ ဖြတ်ထိုးဉာဏ် ကောင်းသော အမတ်ကြီးနှင့် အခြားပုံပြင်များ စာအုပ်မှ ပြန်လည် ဝေမျှပါသည်။

Post a Comment

0 Comments