ဖြစ်တတ်ပါတယ်

တခါတုန်းက လယ်သမားအိုကြီး တယောက်ဟာ သူ့လယ်ကွက် ကလေးထဲ မှာပဲ နှစ်ပေါင်း များစွာ စိုက်ပျိုး စားသောက် နေထိုင်ခဲ့ ပါတယ်။ တနေ့မှာ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် ဖြစ်တဲ့ မြင်းကြီးဟာ သူ့ဆီကနေ ထွက်ပြေးသွား ပါတော့တယ်။

အဲဒီ အဖြစ်အပျက်ကို ကြားသိကြတဲ့ သူ့ရဲ့ အိမ်နီးနားချင်း မိတ်ဆွေတွေက လယ်သမားကြီး ဆီကို လာပြီး သတင်းမေးရင်း အားပေးကြ ပါတယ်။ "ကံဆိုးလိုက်တာနော်" တဲ့။ လယ်သမားကြီးက "ဖြစ်တတ် ပါတယ်လေ" လို့ ပြန်ပြောသတဲ့။

နောက်တနေ့ မနက် မှာတော့ လယ်သမားကြီး ဆီက ထွက်ပြေးသွားတဲ့ မြင်းကြီးဟာ နောက်ထပ် အဖော် မြင်းသုံးကောင်နဲ့ အတူ တောထဲ ကနေ ပြန်ရောက် လာပါ လေရော။ အဲဒီ အခါမှာလည်း အိမ်နားနီးချင်းတွေက ရောက်လာကြပြီး အံ့သြ ချီးမွမ်းကြ ပြန်ပါတယ်။ "အံ့သြစရာ ပါပဲ။ ကံကောင်း လိုက်တာနော်"

လယ်သမားကြီးက "ဖြစ်တတ်ပါတယ်လေ" လို့ ပြန်ပြောသတဲ့။ ဒီလိုနဲ့ နောက်တနေ့မှာ လယ်သမားကြီးရဲ့ သားဟာ အသစ် ရောက်လာတဲ့ မြင်းရိုင်း သုံးကောင် ထဲက သူနှစ်သက်မိတဲ့ တကောင်ကို တက်စီးပါသတဲ့။

အဲဒီအချိန်မှာ မလေ့ကျင့်ရ သေးတဲ့ မြင်းရိုင်းဟာ မပြောမဆိုနဲ့ သူ့ကျောပေါ် ပိုင်စိုးပိုင်နင်း တက်စီးတဲ့ လူငယ်ကို ခါချလိုက် ပါလေရော။ လူငယ်လေး ခမျာ ခြေထောက်တဖက် ကျိုးသွား ရှာသတဲ့။

အဲဒီအခါမှာလည်း အိမ်နီးနားချင်းတွေ သတင်းမေး ရောက်လာကြပြီး လူငယ်လေးရဲ့ ကံခေမှုကို သနား ကြင်နာစွာနဲ့ ညည်းညူ ပြောဆိုနေ ကြသတဲ့။ လယ်သမားကြီးက "ဖြစ်တတ် ပါတယ်လေ" လို့ ပြောလိုက် ပြန်သတဲ့။

နောက်တနေ့ မနက်မှာတော့ နေပြည်တော်က ဘုရင့်စစ်သည် စုဆောင်းရေး အရာရှိ တွေဟာ လယ်သမားကြီး နေတဲ့ ရွာကို ရောက်လာကြပြီး ရွာက လူငယ်တွေကို စစ်မှုထမ်းဖို့ စုဆောင်းကြသတဲ့။

ရွာက အားကောင်းမောင်းသန် လူငယ် ယောက်ျားလေးတွေကို တအိမ်ဝင် တအိမ်ထွက် ခေါ်ယူ စုဆောင်းရာမှာ လယ်သမားကြီး အိမ်ရောက်တော့ ခြေကျိုးနေတဲ့ လူငယ်လေးကို တွေ့လိုက်တဲ့ အတွက် စစ်သား စုဆောင်းရာမှာ မခေါ်တော့ပဲ ချန်ထားခဲ့ ကြသတဲ့။

စုဆောင်းရေး အရာရှိတွေ ပြန်သွားကြတဲ့ အခါ အိမ်နီးနားချင်းတွေ ရောက်လာကြ ပြန်ပြီး "ကံကောင်းလိုက်တာ ခြေကျိုးနေလို့ခေါ်မသွားကြဘူး" လို့ ချီးမွမ်း ထောပနာ ပြုကြပြန် ပါလေရော။ လယ်သမားကြီး ကတော့ သူပြောနေကျ စကား တခွန်းဖြစ်တဲ့ "ဖြစ်တတ်ပါတယ်လေ" လို့ပဲ ပြန်ပြောလိုက် ပါသတဲ့။

ဒါဟာ လူ့သဘာဝကို ချဉ်းကပ်တာ ပါပဲ။ လူတွေဟာ တချိန်လုံး ကြံစည်နေ ကြတယ် အားထုတ်နေ ကြတယ်။ ချဉ်ခြင်းတပ် နေကြတယ်။ ရယူချင်တယ် ပိုင်ဆိုင်ချင်တယ် ကြွယ်ဝချင်တယ်။ ကျော်ကြား ချင်တယ် လူချစ်လူခင် များချင်တယ် သြဇာ အာဏာ ရှိချင်တယ်။ ဒါတွေဟာ လူ့လောကရဲ့ ချဉ်ခြင်းတပ် မှုတွေ ပါပဲ။

တဖက်မှာလည်း သူများတွေကို ဘယ်လိုနေစေ ချင်တယ်။ ဘယ်လို ထိုင်စေချင်တယ် ဘယ်လို ကြိုးစားစေ ချင်တယ် ဘယ်လိုအောင်မြင် စေချင်တယ် ဆိုတဲ့ အကြံတွေ ကိုလည်း ပေးချင်ကြ သေးတယ်။

ဒါတွေဟာ Attachment လို့ ခေါ်တဲ့ အတွယ်အတာတွေပါ။ အဲဒီ အတွယ်အတာတွေ များလာလေလေ ပျော်ရွှင် ချမ်းမြေ့မှုတွေ နည်းသွားပြီး ဒုက္ခ တွေ့လေလေ ပါပဲ။

ဒါကြောင့်မို့ ဘယ်အရာ ဘယ်ကိစ္စမဆို ကိုယ်လုပ်သင့်တာ လုပ်နိုင်တာကိုပဲ တွေးပါ ကြံပါ လုပ်ပါ။ အတွယ်အတာတွေ ထားမနေပါနဲ့။ အတွယ်အတာတွေ ထားမိရင် ကောင်းခြင်း ဆိုးခြင်း ဆိုတာတွေ ကို ခံစားပြီး သံသရာ ရှည်ပါလိမ့်မယ်။

ဖြစ်တတ်ပါတယ်လေ" ဆိုတဲ့ ဖြစ်သမျှ အကြောင်း အကောင်းချည်းပဲ ဆိုတဲ့ Positive Thinking သာ ရှိခဲ့မယ် ဆိုရင် ဘယ်လို လောကဓံမျိုးကို မဆို ကျော်လွှားနိုင် မှာ အမှန်ပါပဲ။ Crd

Post a Comment

0 Comments