တလွဲမာနများ

တခါတုန်းက လူတယောက်ဟာ သူရဲ့ နွားတွေကို မြက်ကျွေးဖို့ အတွက် မြက်ရိတ်ရန် ထွက်လာခဲ့ ပါတယ်။ "အင်း ငါ့ ရွာဖက်မှာတော့ မြက်က ရှားသွားပြီ။ ဟိုဖက်ရွာ သွားရိတ်မှပဲ"

ဤသို့ တွေးကာ တဖက်ရွာသို့ မြက်သွားရိတ် လေသည်။ တမနက် ရိတ်လိုက်ပြီး လုံလောက်သော မြက်များ ရရှိသဖြင့် မြက်ထုံးကြီး ထုံးလေရာ မြက်ထုံးမှာ ကြီးလွန်းသဖြင့် ပုခုံးထမ်း မနိုင်အောင် ဖြစ်နေတော့သည်။

ထိုအခါ ထမ်းပိုးဖြင့်လျှိူထမ်းရန် ဝါးလုံးပိုင်း ရှာရ ပြန်သည်။ ဝါးလုံး ရသောခါ ရှေ့နောက် လျှိူ၍ ထမ်းရန်လည်း မြက်က တထုံးတည်း ဖြစ်နေသဖြင့် ရှေ့တွင် မြက်ထုံးနှင့် အလေးချိန် တူညီသည့် ကျောက်တုံး တတုံးကို အစားထိုး ထမ်းခဲ့ ရလေသည်။

ဤသို့ဖြင့် လမ်းခုလတ် ရောက်သောအခါ လူတဦးနှင့် တွေ့လေရာ ထိုလူက ဤသို့ အကြံပေး ပါသည်။ "ကိုယ့်ဆရာက တော်တော် ပင်ပန်း ရှာတာကိုး။ မြက်ထုံးကို တဝက်စီ ခွဲပြီး ရှေ့နဲ့နောက် ထမ်းပိုး လျှိူထမ်းလည်း ရတာဘဲဗျာ"

"အဲ ဟုတ်သားဘဲ မတွေးမိလိုက် တာဗျာ" ဒါနဲ့ဘဲ ထိုလူ အကြံပေးသည့် အတိုင်း မြက်ထုံးကို တဝက်စီ ခွဲပြီး ရှေ့နောက် ထမ်းပိုးလျှိူ၍ ထမ်းလိုက် ပါတော့သည်။ ထိုသို့ လာခဲ့ပြီး ခရီးအတန်ငယ် ပေါက်ခါမှ ဤသို့ တွေးမိပြန် လေသည်။

"ထမ်းရတာတော့ အဆင်ပြေပါရဲ့။ ဒါနဲ့ ငါ့ကို ဒီအကြံ ပေးသွားတဲ့ လူက ဘယ်သူပါလိမ့်" ထိုသို့ တွေးမိပြီး သိချင်လာပြန် သဖြင့်အစောပိုင်းက တွေ့ခဲ့သူနောက် အထမ်းဖြင့် ပြန်လိုက်ရ ပြန်သည်။

မှီသောအခါ မောကြီးပန်းကြီး လေသံဖြင့် မေးလေသည်။ "ဟေ့ ဟေ့ ကျူပ်ကို ဒီလိုလုပ်ရင် ကောင်းမယ်လို့ အကြံပေးတဲ့ ခင်ဗျားက ဘယ်သူပါလိမ့်"

ထိုလူက ဤသို့ ပြန်ဖြေကြားပါသည်။ "ကျနော်က ရွာစဉ် လှည့်တောင်းစား နေတဲ့ သူတောင်းစား တယောက်ပါ ခင်ဗျ" "ဘာကွ မင်းက သူတောင်းစား..ဟုတ်လား" "ဟုတ်ပါတယ် ခင်ဗျ"

ထိုအခါ မြက်ထမ်းသမားသည် စိတ်ဆိုးမာန်ဆိုးဖြင့် ဤသို့ ပြောကာ "ငါ့ကွာ စောစောက မသိခဲ့ မိလို့။ မင်းလို သူတောင်းစားပေးတဲ့ အကြံကို လက်မခံရေးချ မခံဟေ့။ ငါ့ဟာငါ နဂိုကလိုဘဲ ပြန်ထမ်းတော့မယ် သူတောင်းစားရဲ့"

မြက်ထမ်းသမားဟာ မူလ ထမ်းလာစဉ် ကလို ရှေ့တွင် ကျောက်တုံး အစားထိုးကာ မြက်ထုံးကို ပြန်ထမ်းသွား ပါလေတော့သတည်း။

ဒီမှာ ဘာသွားတွေ့သလဲ ဆိုတော့ လူတွေဟာ ကိုယ်လုပ်တာလည်း အချိူး မပြေသေးဘူး။ အမြင်မတော်လို့ အကြံဉာဏ်ကောင်း ပေးပြန်တော့လည်း လူတန်းစား နှိမ့်ချပြီး လက်မခံချင် ကြဘူး။ လောကကြီးမှာ ဒီလို လူစားမျိူးတွေလည်း များမှ များပဲဗျာ။ Crd

Post a Comment

0 Comments