လင်းယုန်စိတ် မွေးပါ

လူတယောက်ဟာ တောထဲသွားပြီး ထင်းရှာရင်းနဲ့ လင်းယုန်ငှက်ဥ တဥကို တွေ့လို့ အိမ်ကို ယူလာတယ်။ အိမ်မှာ ကြက်မကြီး ဝပ်နေတဲ့ ကြက်ဥတွေမှာ လင်းယုန်ငှက်ဥကို ထားပေးလိုက်တယ်။

မကြာခင်မှာ ဥတွေကနေ ကြက်ကလေးတွေ ပေါက်လာကြသလို လင်းယုန်ငှက်လေး တကောင်လည်း ပေါက်လာတယ်။ လင်းယုန်ငှက်လေးဟာ ကြက်ကလေးတွေ လုပ်တာကို လိုက်လုပ်တယ်။ ကြက်ကလေးတွေ လိုပဲ မြေပြင်ကို ယက်ပြီး အစာရှာ စားတယ်။

သူ့ကိုယ်သူ လင်းယုန်ငှက်မှန်း မသိဘဲ ကြက်ကလေး လို့ပဲ ထင်နေပါတယ်။ ကြက်ကလေးတွေဟာ လေထဲမှာ ခဏလေးနဲ့ နီးနီးလေးပဲ ပျံတတ်သလို လင်းယုန်ငှက်လေးလည်း အဲဒီလောက်ပဲ ပျံတတ်တယ်။

တနေ့မှာ ကြီးလာပြီ ဖြစ်တဲ့ လင်းယုန်ငှက်ဟာ ကောင်းကင်ယံ အမြင့်ကြီးမှာ ငှက်တကောင်ဟာ ဝဲပျံနေတာကို မြင်လိုက်လို့ အရမ်း အားကျမိတယ်။ သူက သူနဲ့အတူ ကြီးပြင်းလာ ကြတဲ့ ကြက်တွေကို ခုလို မေးလိုက်တယ်။ "မိုးပေါ်မှာ ပျံနေတာ ဘာကောင်လဲ"

ကြက်တကောင်က ပြန်ဖြေတယ်။ "အဲဒါ လင်းယုန်ငှက်ပါ။ ငှက်တွေရဲ့ ဘုရင်ပေါ့။ သူက ကောင်းကင်ကို ပိုင်စိုးတယ်။ ငါတို့ကတော့ မြေပြင်ကိုပဲ ပိုင်စိုးကြတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ငါတို့ဟာ ကြက်တွေပဲ ဖြစ်နေကြလို့ပါ"

ဒီလိုနဲ့ပဲ လင်းယုန်ငှက်ဟာ ကြက်တွေနဲ့ အတူ အစာရှာစားရင်း အသက်ကြီး လာတော့ သေဆုံးသွားတယ်။ ဒီပုံပြင်လေးဟာ ရိုးရိုးလေးပါ။ စိတ်စားစရာလည်း မပါ ပါဘူး။ ဒါပေမဲ့ ပုံပြင်လေးဟာ ကျွန်တော်တို့ကို စဉ်းစားစရာ အတွေးတွေကို ပေးထားပါတယ်။

တချို့လူတွေဟာ မွေးကတည်းက ထူးချွန်အောင် လုပ်နိုင်တဲ့ အရည်အချင်းတွေ ရှိကြတယ်။ ဒါပေမဲ့ သူတို့ဟာ ပေါ့ပေါ့နေ ပေါ့ပေါ့စား လူတွေကြားမှာ နေရင်း သူတို့မှာ ရှိတဲ့ အရည်အချင်းတွေကို သူတို့ မသိကြဘူး။

သူတို့ကိုယ်သူတို့ သာမန်လူ လို့ပဲ ထင်နေကြပြီး ကြီးကြီးကျယ်ကျယ် အားထုတ် ကြိုးပမ်းမှု မလုပ်တာကြောင့် တသက်လုံး ဆင်းဆင်းရဲရဲနဲ့ နေသွားရတယ်။

မိတ်ဆွေဟာလည်း အရည်အချင်းရှိသူ တယောက်မို့ ကြက်တွေ ကြားမှာ နေနေရ ပေမယ့် ကြက် မဟုတ်ပါဘူး။ လင်းယုန်ငှက်ဆိုတာ သိထားပါ။ ဒါကြောင့် ယနေ့က စပြီး လင်းယုန်ငှက်စိတ် မွေးထားပါ။

ကောင်းကင်ကို ပျံတက်ပြီး ကြယ်ကိုတောင် ဆွတ်နိုင်သူ ဆိုတာကို သိထားပါ။ မိတ်ဆွေ အဲဒီလို စိတ်ထား ပြောင်းလိုက်ရင် မိတ်ဆွေရဲ့ ဘဝလည်း ပြောင်းလဲ သွားပါလိမ့်မယ်။ တိုးတက် လာပါလိမ့်မယ်။

အဲဒီလိုစိတ်မျိုး မပြောင်းနိုင် ရင်တော့ မြေပြင်ကို ယက်ပြီး အစာကို ရှာစားရင်း အသက်ရှင် နေရတဲ့ ကြက်လိုပဲ ဘဝ တသက်တာကို ရုန်းကန်လှုပ်ရှား နေရင်းနဲ့ နောက်ဆုံး သေသွားရ ပါလိမ့်မယ်။ BamawTheinPhe

Post a Comment

2 Comments

  1. စာကို သတ်ပုံမှန်အောင် ရေးသားတတ်သူ နည်းနေတော့တဲ့ခေတ်မှာ ကွန်ဂရက်ကျူလေးရှင်း။

    ReplyDelete