အရှုံးဟာ အဆုံးမဟုတ်ဘူး

ဘဝမှာ ကျရှုံးတယ် ဆိုတာကို ဘယ်လို သတ်မှတ်သလဲ ဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ တကြိမ် ရှုံးတာလည်း ရှုံးတာပဲ။နှစ်ကြိမ် ရှုံးတာလည်း ရှုံးတာပဲပေါ့။

ဟုတ်ပါလိမ့်မယ်။ သို့သော် ဒီလောက် အရှုံးလေး နဲ့တော့ ဘဝကို ဆုံးတယ်လို့ မသတ်မှတ်နဲ့လို့ပဲ မှာပါရစေ။ အရှုံးသမား ဆိုတဲ့ နာမည်ကို လောကမှာ လူတိုင်းလိုလို တပ်ခံရ ဖူးပါတယ်။

ဒါပေမယ့် လက်မြှောက် ကျဆုံးခြင်းတော့ အဖြစ်မခံပါနဲ့။ တခဏတာ အရှုံးပါ။ ဒီလောက် နဲ့တော့ ဘဝကို အဆုံး မခံကြပါနဲ့။ ကိုယ့်မှာ နောက်ထပ် ကြိုးစားပိုင်ခွင့်တွေ ရှိပါသေးတယ်။

ပဌမတကြိမ် ရှုံးလည်းပဲ ဒီနေရာကနေ သင်ခန်းစာ ယူဖို့ဆိုတာ တွေးလိုက်ပါ။ ကိုယ်လိုအပ်တဲ့ နေရာတွေကို ပြန်လည် ဖြည့်စွက် ပြီး ဒုတိယ ခြေလှမ်းကို ဆက်လှမ်းဖို့ ကြိုးစားပါ။

တကြိမ် လဲတိုင်းသာ အားလျှော့ အရှုံးပေးစတမ်း ဆိုရင် ကိုယ်ဟာ ယခုလို လမ်းလျှောက်နိုင်တဲ့လူ ဖြစ်လာမှာတောင် မဟုတ်ဘူး။ မွေးကင်းစ မတ်တတ် စမ်းရပ်တဲ့ ကလေး ဘဝလေးကို မြင်ကြည့်လိုက်ပါ။

အားတင်းပြီး ပထမမှာ မတ်တတ်ရပ်နိုင်ဖို့ ကြိုးစားတယ်။ သူလဲတယ်၊ ပြန်ထတယ်။ ဒီလိုနဲ့ ဘယ်နှစ်ကြိမ် မြောက်မှန်း မသိတဲ့ အချိန်မှာပဲ သူ လောကကြီး ပေါ်မှာ မားမားမတ်မတ် ခြေချနိုင် ခဲ့ပါပြီ။

နောက်တကြော့ မတ်တတ်ရပ်တာ ကနေ လမ်းလျှောက်ဖို့ သူ ကြိုးစားရ ပြန်ပါတယ်။ ခြေထောက်လေး တဖက်ကို သူ စရွေ့တယ်။ ဘုန်းကနဲ ပစ်လဲသွားတယ်။ ကုန်းပြီး ပြန်ထကာ ထပ်လှမ်းဖို့ ကြိုးစားတယ်။

လှမ်းဖို့ အကြိမ်ကြိမ် ကြိုးစားရင်နဲ့ ခြေလှမ်းတွေ ဖြစ်လာခဲ့ ပါပြီ။ သူ အကြိမ်ကြိမ် ရှုံးတောလည်း ဘဝကို ဒီအတိုင်း မဆုံးစေ ခဲ့ပါဘူး။နောက်ဆုံးမှာတော့ သူ လမ်းလျှောက်သွား နိုင်ခဲ့ပြီလေ။ ဒါ ဘဝကို စတင်တဲ့ အစိတ်အပိုင်း တွေပါ။

ဘဝမှာ ဘယ်တော့မှ အရှုံးစကားတွေ မပြောပါနဲ့။ ရှုံးတာကိုပဲ အရသာခံ ပြောနေတတ်တဲ့ သူဟာ နောက်ထပ် ဆက်ရန် အားနည်း သွားပါပြီ။ သူ့ဘဝမှ ကြံ့ကြံ့ ခံနိုင်တဲ့ စိတ်ဓာတ် ယိုယွင်း သွားပြီ။ စိတ်ပျက်စီးပြီ ဆိုရင် ဘဝ ဆုံးနိုင်ပါတယ်။

အဲဒီတော့ ကြိုးစားခွင့် ရှိတဲ့သူတိုင်း ကြိုးစားကြ ရမယ်။ အောက်ခြေ လူတန်းစားမှ စ၍ ယနေ့ နိုင်ငံတိုင်းမှာ အောင်မြင်နေကြသူများဟာ ဘဝမှာ အရှုံးဆိုတာ ကြုံဖူးကြတယ် ဆိုတာ သိထားပါ။ သို့သော် အရှုံးဟာ ဘဝမှာ အဆုံးမဟုတ်ဘူး ဆိုတာ သိတတ်ပါစေ။ Crd

Post a Comment

0 Comments