ရှေးလွန်လေပြီး သောအခါ ဗာရာဏသီပြည် ဗြဟ္မဒဏ်မင်း စိုးစံစဉ် အချိန်က ဘုရားအလောင်းဟာ တောအရပ်ကို မှီပြီး ရသေ့ပြုပြီး နေတယ်။
အဲဒီ တောထဲမှာတော့ ခြင်္သေ့ တကောင်နဲ့ ကျားတကောင်ဟာ မိတ်ဆွေ ဖွဲ့ပြီး လိုဏ်ဂူ တခုတည်းမှာ အတူ နေကြတယ်။
သူတို့ဟာ ဆိုင်ရာ ဆိုင်ရာ နေရာတွေမှာ လှည့်လည် ကျက်စားပြီး ညနေခင်း အချိန်မှာတော့ လိုဏ်ဂူကို ပြန်လာကြကာ စကားစမြည် ပြောကာ အိပ်စက် ကြတယ်။
တနေ့သော ညနေခင်း အချိန်မှာ ခြင်္သေ့က ကျားကို မေးတယ်။ "မိတ်ဆွေကျား၊ အေးတယ် ချမ်းတယ် ဆိုတယ် ဘယ်အခါမှာ ဖြစ်တတ်သလဲ" လို့ မေးတယ်။
ကျားကြီးက "မိတ်ဆွေ ခြင်္သေ့၊ အေးတယ် ချမ်းတယ် ဆိုတာဟာ လဆုတ်ရက်မှာ ဖြစ်တာပါ" လို့ပြောတယ်။ ခြင်္သေ့ကြီး ကတော့ "မိတ်ဆွေ ကျားကြီး၊ အေးတယ် ချမ်းတယ် ဆိုတာဟာ လဆန်းရက်မှာ ဖြစ်တာပါ" လို့ ပြန်ပြောတယ်။
သူတို့ဟာ တဦးနဲ့ တဦး အမြင် မတူတာကြောင့် ညချမ်း ရောက်တိုင်း ငြင်းခုန်ကြပြီး ဝိဝါဒ ကွဲပြားနေခဲ့ ကြတယ်။ သူတို့ ငြင်းခုန်မှု တွေက နေ့ရက်တွေ ကြာလာခဲ့ ပေမယ့် မပြီးပြတ်နိုင်၊ မဖြေရှင်းနိုင် ကြဘူး။
ဒါကြောင့်လည်း တောအရပ်ကို မှီပြီး တရားအားထုတ် နေတဲ့ ဘုရားအလောင်း ရသေ့ထံ လာပြီး အဆုံးအဖြတ် ခံယူကြတယ်။
ရသေ့ကြီးက သူတို့ရဲ့ ဝိဝါဒ ကွဲပြားမှုကို နားထောင် ပြီးတဲ့နောက် "အသင်တို့၊ ချမ်းတယ် အေးတယ် ဆိုတဲ့ ရာသီဥတုဟာ လေကြောင့် ဖြစ်တယ်။
လဆုတ်ပိုင်းမှာ လေလာရင် လဆုတ်မှာ ချမ်းမှာဖြစ်ပြီး လဆန်းပိုင်းမှာ လေလာရင်တော့ လဆန်းပိုင်းမှာ ချမ်းမှာ ဖြစ်တယ်။ ဆုတ်ခြင်း၊ ဆန်းခြင်းကြောင့် အေးတာ မဟုတ်ဘူး။ လေကြောင့်သာ အေးခြင်း ဖြစ်တယ်" လို့ ပြောလိုက်တယ်။
ဒါ့အပြင် ရသေ့ကြီးက ဒီငြင်းခုန်မှု မှာတော့ သူတို့ နှစ်ဦးစလုံး မနိုင်ကြ သလို မရှုံးကြတဲ့ အကြောင်း၊ အဓိပ္ပါယ် မရှိတဲ့ အရာတွက် ငြင်းခုံနေဖို့ မသင့်ကြောင်း၊ အချိန်သာ ကုန်ပြီး နှစ်ဦးနှစ်ဖက် အကျိုးမရှိတဲ့ ကိစ္စတွေ အတွက် ငြင်းခုံဖို့ မသင့်ကြောင်း ဆုံးမလိုက် ပါတယ်။
ရသေ့ကြီး ပြောလိုက်မှဘဲ သူတို့ နှစ်ဦးရဲ့ ညချမ်း အချိန်တိုင်း ဝိဝါဒ ကွဲပြားမှုကြောင့် အမြဲတမ်း ပြောဆိုနေ ခဲ့တဲ့ ငြင်းခုန်ပွဲကြီး ကလည်း အေးချမ်းစွာနဲ့ ပြီးဆုံးသွား ခဲ့ပါတယ်။ Crd
0 Comments