ရေကန်လို ကျင့်ပါ

တခါတုန်းက ဉာဏ်ပညာ ထက်မြက်ပြီး အတွေ့အကြုံ ကြွယ်ဝတဲ့ ပညာရှိကြီး တဦး ရှိပါတယ်။ တနေ့မှာတော့ သူဟာ အိမ်မီးလောင်ပြီး ပိုင်ဆိုင်သမျှ အရာရာကို ဆုံးရှုံးသွားလို့ စိတ်ပျက် အားလျော့စွာနဲ့ ဝမ်းနည်း ပူဆွေးပြီး ငိုကြွေးနေတဲ့ လူငယ် တယောက်ဆီ ရောက်လာပါတယ်။

ပညာရှိကြီးက ထိုလူငယ်ကို ရေတဖန်ခွက် သွားယူခိုင်းပြီး ဆားတဆုပ် ကိုလည်း ယူလာခိုင်း ပါတယ်။ ရေဖန်ခွက် ထဲကို ဆားတဆုပ် ထည့်လိုက်ပြီး ရောမွှေ လိုက်ကာ ထိုလူငယ်ကို သောက်စေပါတယ်။

ပြီးတော့ ဘယ်လို အရသာမျိုး ရှိသလဲ လို့ မေးတဲ့အခါ ထိုလူငယ်က "ခါးတူးနေအောင် ငံပါတယ်" လို့ ပြန်ဖြေပါတယ်။ ဒီတော့ ပညာရှိကြီးက အသာ ပြုံးလိုက်ရင်း ထိုသူကို ဆားတဆုပ်ကို ယူလာခဲ့ပါ လို့ ခိုင်းလိုက်ပြီး သူနဲ့ အတူ လမ်းလျှောက်ဖို့ မြို့ပြင်ဘက်ကို ခေါ်လာခဲ့ပါတယ်။

မြို့အပြင်ဘက်ကို လမ်းလျှောက်လာ ကြရင်း အလွန် ကျယ်ပြောပြီး ကြည်လင်လှတဲ့ ရေကန်ကြီး တကန်နား ရောက်လာကြ ပါတယ်။ ဒီအခါမှာ ပညာရှိကြီးက ထိုလူငယ် လက်ထဲမှာ ပါလာတဲ့ ဆားတဆုပ်ကို ရေကန်ထဲ ပစ်ထည့်ခိုင်း လိုက်ပါတယ်။

ပြီးတော့ လူငယ်ကို "ကဲ အခု ကန်ထဲကို ရေကို သောက်ကြည့်ပါဦး" လို့ ခိုင်းလိုက်တဲ့ အခါ ထိုလူငယ်ကလည်း ကန်ထဲက ရေကို လက်ခုပ်နဲ့ ခပ်ယူပြီး သောက်လိုက် ပါတယ်။ ပညာရှိကြီးက လူငယ် ရေသောက်ပြီးတဲ့အခါ "အခုရော ကန်ထဲက ရေက ဘယ်လိုအရသာ ရှိသလဲ" လို့ မေးလိုက် ပါတယ်။

ဒီတော့ လူငယ်က "လတ်ဆတ်ပြီး ချိုမြတဲ့ သောက်ရေရဲ့ နဂိုအရသာ အတိုင်း ပါဘဲ" လို့ ပြန်ဖြေပါတယ်။ ပညာရှိကြီးက "စောစောတုန်းက ရေခွက်ထဲကို ဆားထည့်ပြီး သောက်လိုက်သလို ငံသေးရဲ့လား" လို့ မေးပြန်တဲ့ အခါ "မငံတော့ပါဘူး" လို့ လူငယ်က ပြန်ဖြေလိုက်ပါတယ်။

ဒီတော့မှ ပညာရှိကြီးဟာ လူငယ်လေးရဲ့ လက်ကို ဆုပ်ကိုင်ပြီး ပုခုံးကို အသာအယာ ပုတ်လိုက်ကာ "ငါတို့ ဘဝတွေရဲ့ ထိခိုက်နာကျင်မှု၊ ဆုံးရှုံး ခါးသီးမှု တွေဟာ ဘာနဲ့ တူသလဲ ဆိုရင် ဆားနဲ့ တူပါတယ်။

ဘဝမှာ ကြုံလာတဲ့ နာကျင် ဆုံးရှုံးမှု တွေကို ခံစားရတဲ့ အတိုင်းအတာဟာ မင်းက ဘယ်လို ခွက်မျိုးနဲ့ ခံယူမလဲ ဆိုတာနဲ့ဘဲ သက်ဆိုင်တယ်။ မင်းက ခွက်သေးသေးနဲ့ ခံယူမယ် ဆိုရင် ထိခိုက် ဆုံးရှုံးမှုကို သိပ်ကို ကြီးမားတယ်လို့ မင်းထင်လိမ့်မယ်။

ရေကန်လို ကျယ်ပြောလှတဲ့ ခွက်ကြီးကြီးနဲ့ ခံယူမယ် ဆိုရင် အဲဒီ ဆုံးရှုံးမှု၊ စိတ်ထိ ခိုက်နာကျင်မှု တွေဟာ ဘာမှ ပြောပလောက်တဲ့ ဆုံးရှုံးမှု၊ ထိခိုက်နာကျင်မှု မဟုတ်တော့ဘူးပေါ့။

ဒီတော့ ဘဝမှာ ထိခိုက် ဆုံးရှုံးမှုတွေ၊ နာကျင် ခါးသီးတာတွေ ကြုံလာတိုင်း ခွက်ကြီးကြီးနဲ့ ခံယူနိုင်အောင် ကြိုးစားပါ။ ကိုယ့်ကိုယ်ကို ဖန်ခွက်တလုံး မဖြစ်ပါစေနဲ့။ ရေကန်တကန် အဖြစ် ပြောင်းလဲ ကျင့်ကြံလိုက်ပါ။ ဒီလိုဆိုရင် နာကျင် ခံစားနေရ တာတွေဟာ ရေကန်ထဲ ရောက်သွားတဲ့ ဆားတဆုပ်လို လျော့ပါး သက်သာသွား ပါလိမ့်မယ်" လို့ ပြောလိုက် ပါတယ်။

Stop being a glass. Become a lake. Crd

Post a Comment

1 Comments

  1. သတ်ပုံမှန်နဲ့ ရေးသားတင်ထားသူ ကျေးဇူး + ကွန်ဂရက်ကျူလေးရှင်း။

    မြန်မာပြည်မှာ ပညာရှိသူတွေနဲ့ စာကိုမှန်အောင် ရေးသားတတ်သူတွေ များပါစေသတည်း။

    ReplyDelete