ကျွန်ရူး

တနေ့မှာ သမင် တကောင်က တောထဲကို ဖြတ်လာရင်း သစ်ငုတ်တခု ပေါ်မှာ ယုန်တကောင် မျက်စိ မှိတ်ပြီး ထိုင်နေတာ တွေ့ရတယ်။ "ကိုယုန် ခင်ဗျား ဘာလုပ်နေ တာလဲ" "တရား ထိုင်နေတာ ပါကွာ"

"တရားထိုင်တယ် ဆိုတာ ဘာလဲဗျာ" "ချမ်းသာသုခ ရှာတာ" "ဘာတွေ ချမ်းသာသလဲ" "ဘာတွေ ချမ်းသာ သလဲ သိချင်ရင် ငါနေတဲ့ ဂူထဲ သွားကြည့်လိုက်"

သမင်က ဂူထဲ ဝင်သွားတယ်။ အသံတွေ ကြားလိုက်ရတယ်။ ပြန်ပြီး တိတ်ဆိတ် သွားတယ်။ အဲဒီအချိန်မှာ မြေခွေး တကောင် ရောက်လာ ပြန်တယ်။ "ယုန် ဆိုတဲ့ကောင် ဘာတွေ လုပ်နေသလဲ"

"တရားထိုင်နေတယ်" "ဘာလဲကွ တရားထိုင်တယ် ဆိုတာ" "ချမ်းသာသုခ ရအောင်ပါ" "ချမ်းသာတော့ ဘာဖြစ်မှာလဲ" "သိချင်ရင် ဂူထဲ သွားကြည့်လိုက်"

မြေခွေး ဂူထဲ ဝင်သွားတယ်။ ဂူထဲမှာ အသံတွေ ကြားလိုက်ရ ပြန်တယ်။ တိတ်ဆိတ် သွားတယ်။ ဒီလိုပဲ ယုန် ထိုင်နေတာကို လာမေးတဲ့ သူတွေ အများကြီး။

လာမေးတိုင်း တရားထိုင်တယ် ပြောတယ်။ လေးစားပြီး သူပြောတဲ့ အတိုင်း ဂူထဲ ဝင်သွားရင် ပြန်ထွက်မလာ တော့ဘူး။ ဂူထဲမှာ ဘာတွေ ရှိသလဲ။

လိပ်တကောင် အရမ်း စိတ်ဝင်စား သွားတယ်။ ဒါကြောင့် ယုန်ကို မမေးဘဲ လိပ်က ဂူထဲကို သွားကြည့်တယ်။ ဂူထဲမှာ အရိုးတွေ တောင်လို ပုံနေတယ်။ အမှောင်ထဲ ကနေ ခြင်္သေ့တကောင် ထွက်လာတယ်။ လိပ်ကို ခုန်အုပ်ပြီး စားဖို့ ပြင်တယ်။

လိပ်က ခေါင်းသွင်း လိုက်တော့ စားလို့ မရတော့ဘူး။ အဲဒီအခါ ခြင်္သေ့က "ဟေ့ကောင် ယုန်စုတ် မင်း ငါ့ဆီကို ဘယ်လို သတ္တဝါမျိုး ပို့လိုက်တာလဲ။ စားမရ ဝါးမရတွေ မပို့နဲ့ကွာ" လို့ အော်ပြော လိုက်တယ်။

တချို့သော ကိစ္စတွေမှာ အသား စားရဖို့ ဆိုတာ အပြင်ထွက်ပြီး အမဲလိုက် စရာ မလိုဘူး။ ယုန်လို တရားထိုင် ပြတဲ့ အကောင်တကောင် မွေးထားလိုက်ရင် ဂူထဲကို သားကောင် ရောက်တယ်။ ယုန်ဆိုတာ ကလည်း မြင်တာနဲ့ သနားစရာ ဆိုတော့ ယုန်မွေးစားတဲ့ သူတွေ အများကြီး။

ဂူထဲမှာ အပုပ်နံ့ တွေက တထောင်းထောင်း ထနေတယ်။ ဒါကို ယုန်ပြောတာ ယုံပြီး ဝင်သွားတဲ့ ကောင်တွေ ကလည်း အများကြီး။ ယုန်ဆိုတာ အသား မစားဘူး။ ဒါပေမဲ့ အသားစားနေတဲ့ ကောင်တွေကို အလုပ်အကျွေး ပြုနေတဲ့ ယုန်တွေလည်း လောကမှာ အများကြီး။

ခက်တာက ဖြူဖြူစင်စင်နဲ့ တရား ထိုင်ချင်ယောင် ဆောင်လိုက်ရင် သူတော်စင်လို့ ထင်ကြတဲ့ တိရစ္ဆာန် လောကမှာ နောက် ကွယ်က ခြင်္သေ့တွေ ကောင်းစား နေတာလည်း အများကြီး။ တိရစ္ဆာန် လောကမှာ ဇာတ်တူသား စားချင်တဲ့ သူတွေလည်း အများကြီး။

ဥပုသ်စောင့်ပြီး အသား ရှာကျွေးနေတဲ့ သူတော်ယောင် တွေလည်း အများကြီး။ အများကြီးမှ အများကြီး။ တကယ်တော့ တချို့တွေ ဘုရင်ရူး ရူးသွားတာလည်း မပြောနဲ့၊ ကျွန်ရူး တွေကလည်း အများကြီးမှ အများကြီးကိုး။ Tin Nyunt

Post a Comment

0 Comments