ဘုရင်ကြီးနှင့် မိဖုရားလေးယောက်

ဟိုးရှေးရှေးတုန်းကပေါ့။ မိဘုရားလေးယောက် ရှိပြီး သိပ်ကို ချမ်းသာ ကြွယ်ဝတဲ့ ဘုရင်ကြီး တပါး ရှိသတဲ့။ ဘုရင်ကြီးဟာ သူ့ရဲ့ စတုတ္ထမြောက် မိဘုရား ကိုတော့ အချစ်ဆုံး ဖြစ်ပြီး အကောင်းဆုံး၊ အနူးညံ့ဆုံး၊ အချိုမြိန်ဆုံး ဆက်ဆံပါသတဲ့။

တတိယမြောက် မိဘုရား ကိုလည်း ချစ်တာပါပဲ။ အိမ်နီးချင်း တိုင်းပြည်တွေ ကိုလည်း တတိယမြောက် မိဘုရားကို ကြွားလေ့ ရှိပါတယ်။ ဒါပေမယ့် ဒီမိဘုရားဟာ သူ့ကို တနေ့နေ့ တချိန်ချိန်မှာ ထားသွားခဲ့မှာ ကိုတော့ သူ စိုးရိမ်နေ တတ်ပါတယ်။

ဒုတိယမြောက် မိဘုရားကို ချစ်တာကျတော့ တမျိုး အဲဒီ မိဘုရားကို သူ့ရဲ့ တိုင်ပင်ဖော်၊ တိုင်ပင်ဖက်၊ ယုံကြည် အားကိုရာ အဖြစ် ဘုရင်ကြီးက မှတ်ယူတယ်။ ပြသနာတွေ ဖြစ်လာတိုင်းမှာ ဒုတိယမြောက် မိဘုရားနဲ့ တိုင်ပင်လေ့ ရှိပြီး မိဘုရား ကလည်း အမြဲကူညီ ဖြေရှင်းပေး ပါတယ်။

ပထမဦးဆုံး မိဘုရားကတော့ ဘုရင်ကြီး အပေါ်မှာ တော်တော်သစ္စာ ရှိပါတယ်။ ဘုရင်ကြီးရဲ့ အုပ်ချုပ်ရေး ပိုင်းတွေမှာ ပါဝင်ကိုင်တွယ် ပေးပြီး ဘုရင်ကြီးကိုလည်း နှစ်နှစ်ကာကာကို ချစ်ခင်မြတ်နိုး ပါတယ်။ ဒါပေမယ့် ဘုရင်ကြီး ကတော့ သူ့ကို တခြား မိဘုရား တွေလောက် မချစ်ပါဘူး။

တရက်မှာတော့ ဘုရင်ကြီးဟာ အသည်းအသန်ကို နာမကျန်း ဖြစ်ပါတယ်။ သူ့ဘဝ သက်တမ်း ကုန်ဆုံးတော့ မှာကို သိနေတဲ့ ဘုရင်ကြီးဟာ သူ့ရဲ့ ချမ်းသာကြွယ်ဝ မှုတွေ၊ ဇိမ်ရှိရှိ နေခဲ့ရတဲ့ အကြောင်းကို ပြန်လည် စဉ်းစားမိပြီး "ငါ့မှာ မိဘုရားလေးယောက် ရှိတယ်။ ဒါပေမယ့် ငါသေရတော့ တယောက်ထဲပါလား” လို့ တွေးမိတော့တယ်။

နောက်တော့ သူက သူ့ရဲ့ စတုတ္ထမြောက် မိဘုရားကို ခေါ်ပြီး မေးလိုက်တယ်။ "အချစ်ရေ ကိုယ်မင်းကို အချစ်ဆုံးပဲ ဆိုတာ မင်းသိတယ်နော်။ မင်းကိုကောင်းပေ့၊ လှပေ့ ဆိုတဲ့ အဝတ်အစားတွေ၊ အသုံးအဆောင်တွေကို ချီးမြှင့်ခဲ့တယ်။ မင်းကိုလည်း ငါ အရမ်း ဂရုစိုက်ခဲ့တယ်။ မင်း ငါနဲ့ အတူတူ လိုက်သေနိုင်မလား"

မိဘုရားက "လုံးဝပဲ" လို့ ပြန်ပြော လိုက်တယ်။ နောက်ထပ် စကား တလုံးတလေမှ မပြောပဲ လှည့်ထွက် သွားခဲ့တယ်။ သူ့ရဲ့ အဖြေစကားဟာ ဘုရင်ကြီးရဲ့ နှလုံးသားကို ဓါးနဲ့ မွှန်းသလိုပဲ ခံစားရစေ ပါတယ်။ ဝမ်းနည်းသွားတဲ့ ဘုရင်ကြီးဟာ တတိယမြောက် မိဘုရားကို ခေါ်ပြန်တယ်။

"ငါဟာ မင်းကို ငါ့ဘဝနဲ့ ချီပြီး ချစ်ခဲ့တယ်။ ခုတော့ ငါသေရတော့မယ်။ မင်း ငါနဲ့ အတူတူ လိုက်သေနိုင် မလား" "မသေနိုင်ပါဘူးရှင်။ ဘဝဆိုတာ ကောင်းတာတွေကို ခံစားဖို့ ဖြစ်လာတာ။ ရှင်သေရင် ကျွန်မ နောက်တယောက်နဲ့ လက်ထပ်မှာပေါ့" လို့ ဖြေလိုက်တယ်။ ဘုရင်ကြီးရဲ့ နှလုံးသားဟာ အေးစက် တောင့်တင်း သွားလေရဲ့။

နောက်တော့ ဒုတိယမြောက် မိဘုရားကိုလည်း ခေါ်လိုက်တယ်။ "ငါဟာ အမြဲတမ်းပဲ မင်းရဲ့ အကူအညီတွေကို ယူခဲ့တယ်။ မင်းကလည်း ပြသနာတွေကို ငါနဲ့ အတူတူ ရင်ဆိုင်ခဲ့တယ်။ ငါနဲ့ တူတူ လိုက်သေနိုင်မလား အချစ်ရယ်" "ဝမ်းနည်းပါတယ်ရှင်။ ဒီတခါတော့ ကျွန်မ ရှင့်ကို မကူညီနိုင် တော့ပါဘူး။ အဲ ဒါပေမယ့် ရှင့်ရဲ့ အသုဘ ကိုတော့ ကျွန်မ လိုက်ပို့ပေးပါ့မယ်။ ရှင့်ရဲ့ အုတ်ဂူဆီသို့လည်း ကျွန်မ လာပါ့မယ်" လို့ ပြန်ဖြေလိုက်တယ်။ ဘုရင်ကြီးဟာ အတော်လေးကို စိတ်ဆင်းရဲသွားတယ်။

အဲဒီ အချိန်မှာပဲ "ကျွန်မ ရှင်နဲ့ အတူတူ လိုက်သေမယ်။ ရှင်ဘယ်သွားသွား ရှင့်နောက်က ကျွန်မ လိုက်ဖို့ အသင့်ပါပဲ" ဆိုတဲ့ အသံကို ကြားလိုက်ရတယ်။ ဘုရင်ကြီးဟာ ချက်ချင်းပဲ ခေါင်းထောင် ကြည့်လိုက်တယ်။ သူ့ရဲ့ ပထမဆုံး မိဘုရားကို သူ တွေ့လိုက်ရတယ်။

သူမဟာ အတော်လေးကို ပိန်လှီးနေပြီး ဝေဒနာ ခံစားနေရပုံ ပေါက်နေတယ်။ ဘုရင်ကြီးဟာ နောက်ဆုံး အနေနဲ့ သူမကို ပြောလိုက်တယ်။ "ငါ မင်းကို ပိုဂရုစိုက်ခဲ့ သင့်တာ။ နောက် ဘဝမှာ အခွင့်အရေး ရှိမယ် ဆိုရင် ငါ ပြန်လည် ပေးဆပ်ဖို့ မျှော်လင့်ပါတယ်" လို့ ပြောလိုက် ပါတော့တယ်။

ကျွန်တော်တို့ တွေရဲ့ ဘဝမှာလည်း ဇနီးလေးယောက် ရှိပါတယ်။ စတုတ္ထမြောက် ဇနီးကတော့ ကျွန်တော်တို့ရဲ့ ကိုယ်ခန္ဓာပါပဲ။ သူ့ကို ဘယ်လောက်ပဲ ကောင်းကောင်း ကျွေးမွေး ပြုစုခဲ့ပါစေ သေသွားတဲ့ တနေ့မှာတော့ ထားခဲ့ရတာ ပါပဲ။ တတိယမြောက်ဇနီးကတော့ ကျွန်တော်တို့ရဲ့ ပိုင်ဆိုင်မှု တွေပါ။ ကိုယ်သေသွားတဲ့ အချိန်မှာ တပါးသူ လက်ထဲ ရောက်သွားတာ ပဲလေ။

ဒုတိယမြောက် ဇနီးကတော့ ကျွန်တော်တို့ရဲ့ မိသားစုနဲ့ သူငယ် ချင်းတွေပေါ့။ အသက်ရှင်နေစဉ်မှာ အနားမှာရှိပြီး ဘယ်လောက်ပဲ ကောင်းခဲ့ ကောင်းခဲ့၊ သူတို့တွေ ကိုယ့်အတွက် အများဆုံး လုပ်ပေးနိုင်တာကတော့ ကိုယ်သေသွားတဲ့ အချိန်မှာ အသုဘ လိုက်ပို့မယ်၊ နောက်တော့ အုတ်ဂူလေးဆီ လာကြမယ် ဆုတောင်းပေး ကြမယ်။

အဲ ပထမဆုံး ဇနီးကတော့ ကျွန်တော်တို့တွေရဲ့ စိတ် (ကုသိုလ်စိတ်၊ အကုသိုလ်စိတ်) ပဲ ပေါ့ဗျာ။ သူ တခုတည်းကသာ သေသွားတဲ့ အချိန်မှာ ကိုယ်သွားရာ နောက်ကို လိုက်နိုင်တဲ့ သူတွေပေါ့။ အဲဒီတော့ ကျွန်တော်တို့တွေ လုပ်သင့်တာက ကိုယ့်ရဲ့ စိတ်ဓါတ်၊စိတ်အင်အားကို ခုကတည်းက တောင့်တင်း ခိုင်မာအောင် လုပ်ကြဖို့ပါပဲ။

ပြောရမယ်ဆိုရင် ကိုယ်သေချိန်မှာ ဘဝကူးကောင်းအောင် ခုကတည်းက ကောင်းတာတွေ လုပ်ပြီး ပြင်ဆင်ထားသင့်တာပေါ့။ ကျွန်တော်တို့ ကျင်လည်ရာ သံသရာမှာ သူကသာ အဓိက ဖြစ်ပါတယ်။ ဒီအတွက် အဆင်သင့်နဲ့ အကောင်းဆုံး ဖြစ်နေမှာပဲပေါ့။ Crd

Post a Comment

0 Comments