မြင်းနှင့် ဆိတ်

တခါတုန်းက လယ်သမား တယောက်ဟာ ဆိတ်တကောင်နဲ့ မြင်းတကောင် မွေးထားတယ်။ တနေ့မှာ မြင်းဟာ ပြင်းပြင်းထန်ထန် နေမကောင်း ဖြစ်တော့ လယ်သမားကြီးက တရိစ္ဆာန် ဆရာဝန်ကို ခေါ်ပြတယ်။

ဆရာဝန်က မြင်းကို သေချာ စစ်ကြည့်ပြီး လယ်သမားကြီးကို ပြောတယ်။ "ခင်ဗျားရဲ့ မြင်းမှာ ရောဂါပိုး ဝင်နေတယ်။ ဆေးကို ၃ ရက် ဆက်တိုက်လောက် တိုက်ရမယ်။ ၃ ရက်မြောက်တဲ့ နေ့အထိ ကောင်းမလားဘူး ဆိုရင်တော့ မြင်းကို သတ်ရလိမ်မယ်။ မနက်ဖြန်ကစပြီး ကျွန်တော်ဆေးလာတိုက်ပေးမယ်" ဆိုပြီး ပြောပြောဆိုဆို ဆရာဝန်လည်း ပြန်သွားတယ်။

ဆိတ်ကလည်း ဆရာဝန်က လယ်သမားကြီးကို ပြောနေတာတွေကို ဘေးကနေ ခိုးနားထောင် နေတယ်။ နောက်နေ့ ရောက်တော့ ဆရာဝန်က ဆေးလာတိုက်တယ်၊ ပြီးတော့ ပြန်သွားတယ်။ ဆိတ်က မြင်းနားကို ကပ်ပြီး ပြောတယ်။

"အားတင်းထား သူငယ်ချင်း အဲဒီလိုမှ မဟုတ်ရင် သူတို့က မင်းကို တသတ်လုံး မနိုးသော အိပ်စက်ခြင်းကို လုပ်ပေးလိမ့်မယ်" ဆိုပြီး ဆိတ်က မြင်းကို အားပေးရှာတယ်။

ဒုတိယနေ့ ဆရာဝန် လာတယ်။ မြင်းကို ဆေးတိုက်ပြီး ပြန်သွားတယ်။ ဆိတ်က မြင်းနား ကပ်လာပြီး ပြောတယ်။ "ထတော့ သူငယ်ချင်း ထတော့။ မင်း မထရင် သူတို့ မင်းကို သတ်လိမ့်မယ်။ ထတော့ သူငယ်ချင်း ထတော့"

တတိယနေ့ မြင်းကို ဆေးတိုက်ပြီး ချိန်မှာတော့ ဆရာဝန်က လယ်သမားကြီးကို လှမ်းပြောတယ်။ "၃ ရက်မြောက် ခဲ့ပြီ။ မနက်ဖြန် လာကြည့်လို့ ဒီအခြေအနေ အတိုင်းဆို ငါတို့ ဒီမြင်းကို သတ်ရလိမ့်မယ်။ အဲဒီလိုမှ မဟုတ်ရင် သူမှာရှိတဲ့ ပိုးမွှားဟာ တရွာလုံးမှာ ရှိတဲ့ မြင်းတွေကို ကူးစက်ကုန် လိမ့်မယ်"

ဆရာဝန် ပြန်သွားသွားခြင်းပဲ ဆိတ်ဟာ မြင်းနားကို သွားပြီး ပြောတယ်။ "ထတော့ သူငယ်ချင်း မင်းအတွက် ဒါဟာ နောက်ဆုံး အကြိမ်ပဲ။ အခုမှ မင်း ထမရပ်ရင် မင်းအတွက် နောက်တနေ့ ဆိုတာ မရှိတော့ဘူး။ ငါမင်းကို တွဲထူမယ်။ အေး ဟုတ်ပြီကွ ဒါမှ ငါ့သူငယ်ချင်းကွ၊ ဖြည်းဖြည်းထ သတ္တိရှိစမ်းပါကွ၊ ဖြည်းဖြည်း ရပ်နိုင်ပြီကွ ရပ်နိုင်ပြီ၊ ပြေး ပြေး ဖြည်းဖြည်း ဖြည်းဖြည်း"

နောက်ဆုံးတော့ မြင်းဟာ ဆိတ်ရဲ့ ဖေးမ အားပေး ကူညီမှုကြောင့် အသက်ဘေး ကနေ လွတ်ခဲ့ရတယ်။ အဲ့အချိန်မှာပဲ အပြင်က ပြန်လာတဲ့ လယ်သမားကြီးဟာ သူမြင်း ခြံထဲမှာ လှည့်ပတ် ပြေးနေတာကို မြင်ရတော့ တော်တော်လေး ပျော်သွားတယ်။

"ငါ့မြင်းဟာ အကောင်းအတိုင်း ပြန်ဖြစ်လာတယ်။ မယုံနိုင်စရာပဲ။ ဒီညတော့ အောင်ပွဲခံတဲ့ အနေနဲ့ ဆိတ်ကို သတ်ပြီး စားကြမယ်" ဆိုပြီး ပြောလည်းပြော ဆိတ်ကို ခြံထဲက ဆွဲထုတ်ပြီး ပေါ်စားပစ်လိုက် ကြပါတော့တယ်။

လောကကြီးမှာ တခါတရံ တဦးတယောက် ကောင်းစားဖို့၊ အောင်မြင်ဖို့၊ ဘဝတခု ရပ်တည်နိုင်ဖို့၊ ထောက်ခံမှု ရဖို့ လူမသိ သူမသိပဲ ပေးဆပ်ခဲ့ရတဲ့ ဘဝတွေ ရှိပါတယ်။

လူ့ဘောင် လူ့အဖွဲ့အစည်း ထဲမှာလည်း ထိုနည်းတူစွာပဲ အသိမှတ်ပြုပြီး ချီးမွမ်းထိုက်တဲ့ သူနဲ့ ချီးမွမ်း ခံရတဲ့သူဟာ လွဲနေတာတွေ ရှိပါတယ်။ နောက်ဆုံးမှာ ဆိတ်လိုမျိုး လူတွေဟာ အမေ့ခံ လူတန်းစားထဲ ရောက်သွားတတ် ကြပါတယ်။ ဒါကတော့ ကျွန်တော် ရလိုက်တဲ့ ဘဝ သင်ခန်းစာပါ။ Crd

Post a Comment

0 Comments