ခေါင်းကိုက်တာကို အချိန်တိုအတွင်း သက်သာသွားစေမယ့် နည်းလမ်း (၆) ခု

ခေါင်းကိုက်တာက လူတိုင်းရဲ့နေ့စဉ်ဘဝမှာ မကြာခဏ ကြုံတွေ့ရတဲ့အရာပါပဲ။ ခေါင်းကိုက်တာက ခံစားရခက်တဲ့ဝေဒနာဖြစ်ပြီးတော့ စိတ်အနှောင့်အယှက်လည်း ဖြစ်စေပါတယ်။

အဲဒါကြောင့် ခေါင်းကိုက်တာကို အချိန်အနည်းငယ်အတွင်း သက်သာသွားစေမယ့် နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ နားကို နှိပ်နယ်ပေးခြင်း

ခေါင်းအရမ်းကိုက်လာတဲ့အခါ နားပန်နေရာနဲ့ နားပန်နဲ့အပေါ်တန်းတန်းနေရာကို ညင်ညင်သာသာ နှိပ်နယ်ပေးပါ။ ဒါမှမဟုတ် အချိန်အနည်းငယ်ကြာအောင် လက်နဲ့ ဖိထားလို့လည်း ရပါတယ်။ ဒီနည်းကတော့ ခေါင်းကိုက်တာကို လျင်လျင်မြန်မြန် သက်သာစေပါတယ်။

၂။ ကင်ထားတဲ့ အစားအစာတွေကို ရှောင်ပါ။

ကင်ထားတဲ့ အစားအစာတွေက အရသာရှိပေမယ့် သင်က မကြာခဏ ခေါင်းကိုက်တတ်သူဆိုရင်တော့ ရှောင်သင့်ပါတယ်။ မီးကင်ထားတဲ့အစားအစာတွေမှာပါတဲ့ histamine က အချို့လူတွေကို အလွန်အမင်း ခေါင်းကိုက်စေပါတယ်။ Histamine များတဲ့ အစားအစာတွေကို ရှောင်လိုက်တာက မကြာခဏ ခေါင်းမကိုက်အောင် ကာကွယ်ပြီးသား ဖြစ်စေပါတယ်။

၃။ ရေခဲကပ်ခြင်း

ခေါင်းအရမ်းကိုက်နေချိန်မှာ ရေခဲအိတ်လေးကို လည်ပင်း သို့မဟုတ် နဖူးနေရာမှာ ကပ်ထားလိုက်ပါ။ ရေခဲက သွေးကြောလေးတွေ ရောင်ရမ်းတာကိုလည်း သက်သာစေပါတယ်။

၄။ ကော်ဖီသောက်ပါ။

မနက်ခင်းမှာ ကော်ဖီသောက်တာက ခေါင်းကိုက်တာကို သက်သာစေတဲ့အပြင် တစ်နေကုန် လန်းဆန်းသွားစေပါတယ်။ ဒါပေမယ့် ကော်ဖီကို အများကြီးသောက်တာက ခေါင်းကိုက်မသက်သာစေတဲ့အပြင် ခေါင်းကိုက်တာကိုတောင် ပိုဆိုးလာစေပါတယ်။

၅။ လေ့ကျင့်ခန်းလုပ်ပါ။

လှုပ်လှုပ်ရှားရှား တက်တက်ကြွကြွ နေထိုင်တာက ကျန်းမာရေးအတွက် အရမ်းကို အထောက်အကူ ပြုပါတယ်။ ဒါပေမယ့် ခေါင်းကိုက်နေချိန်မှာတော့ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေကို မပြုလုပ်သင့်ပါဘူး။ ယောဂကျင့်တာ၊ တရားထိုင်တာတွေက ခေါင်းကိုက်တာကို အချိန်တိုအတွင်း သက်သာစေတဲ့နည်းပါပဲ။

၆။ ဆံပင်ကို ခပ်လျော့လျော့ စည်းထားပါ။

ဆံပင်စည်းထားတာက သပ်သပ်ရပ်ရပ်နဲ့ ကြည့်လို့ကောင်းပါတယ်။ ဒါပေမယ့် အချို့သော ဆံပင်စည်းနည်းတွေက ခေါင်းကိုက်စေပါတယ်။

ပိုနီတေးလ်ဆံပင်စည်းနည်းက ဦးခေါင်းမှာ ဖိအားတွေဖြစ်စေပြီး ခေါင်းပိုကိုက်စေပါတယ်။ အဲဒါကြောင့် ခေါင်းကိုက်နေချိန်မှာ ဆံပင်ကို ခပ်လျော့လျော့ပဲ စည်းထားပါ။

Zombie (lovemedia)

Post a Comment

0 Comments